အနှေးယာဉ် လုပ်သားတွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ စားဝတ်နေရေး လူမှုရေး အခက်အခဲတွေကို ဖြေရှင်းဖို့ရာ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေကြေး အခြေအနေပေါ် မူတည်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ရွေးကောက်ပွဲမှာ NLD ပါတီအောင်နိုင်ရေး ပံ့ပိုး လုပ်ဆောင်ပေးခဲ့ကြတဲ့ အနှေးယာဉ်လုပ်သားတွေကို ဒီကနေ့ ဂုဏ်ပြုတွေ့ဆုံချိန် အတွင်း ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီလို ပြော သွားတာပါ။ အပြည့်အစုံကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။
ဒီကနေ့ စနေနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ မနက် ၁၀ နာရီက ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမမှာ ရန်ကုန်တိုင်း အတွင်းမှာ ရှိတဲ့ အနှေးယာဉ် လုပ်သား ဆိုက်ကားဆရာတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့တာပါ။
အဲဒီလိုတွေ့ဆုံချိန်အတွင်း အနှေးယာဉ် လုပ်သားတွေဘက်က သားသမီးတွေရဲ့ ပညာရေး ကျန်းမာရေးကိစ္စတွေ အပါအဝင် သူတို့ဖြစ်စေချင်တဲ့ကိစ္စရပ် အတော်များများကို တင်ပြကြပါတယ်။ အဲ့ဒီထဲမှာမှ ပညာရေးနဲ့ပတ်သက်ပြီး အခမဲ့ ပညာရေးကိစ္စကို ဒေါ်အောင်ဆန်းစုကြည် က အလေးထား ပြန်ပြောသွားပါတယ်။
" ကျမတို့ရဲ့ ဘဏ္ဍာအပေါ်မှာ အခြေခံပြီးတော့ အစိုးရက ဘယ်လောက် လုပ်နိုင်မှာလဲ ဆိုတာကိုလည်း ဒါကိုလဲ စဉ်းစားရတယ်။ အဲ့ဒီ့ပညာရေးနဲ့ပတ်သက်လို့ ကြုံတုန်း ပြောရမယ်ဆိုရင် ကျမတို့ပြည်သူပြည်သားတွေ အားလုံး သိပြီးသားပါ။ မကြာခင် လေး၊ ငါးလ လောက်တုန်းက အမျိုးသားပညာရေးနဲ့ ပတ်သက်ပြီး ပြဿနာတွေ ဖြစ်ခဲ့တယ်။ အဲ့ဒီ့ပြဿနာတွေထဲမှာ တခုက ဘာလဲဆိုတော့ အခမဲ့ပညာရေး လုပ်ပေးလို့မရတာဟာ အကျိုးမရှိဘူး။ အကျိုးမရှိတဲ့ အပြင် ပြည်သူပြည်သားတွေရဲ့ယုံကြည်မှုကို ဆုံးရှုံးရတယ်။ ဦးတည်မယ်ဆိုတာ ကိုယ်တတ်နိုင်တာကို လုပ်သွားမယ်။ ကျမတို့ အခမဲ့ပညာရေးစနစ် လုပ်ဖို့ဆိုတာဟာ အင်မတန်မှ မလွယ်ဘူး။ အခုနက ပြောသလိုပေါ့။ ကျောင်းလခ မယူရုံနဲ့ မပြီးသေးဘူး။ ဗလာစာအုပ်တို့၊ ခဲတံတို့ အားလုံး ကျောင်းမှာ သုံးတဲ့ အထောက်အကူ ပစ္စည်းတွေအတွက် ဘာမှ မိသားစုက ပေးဖို့ မလိုတဲ့ အဆင့်ရောက်မှ သာ ဒါဟာ အခမဲ့ပညာရေးစနစ်လို့ ပြောနိုင်မှာ။ "
အခက်အခဲတွေရှိနေပေမဲ့လည်း အခမဲ့ပညာရေးစနစ်ဖြစ်နိုင်အောင် ဦးတည်ပြီး လုပ်သွားမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တာပါ။ တဆက်တည်းမှာပဲ အနှေးယာဉ်လုပ်သားတွေရဲ့ တရားဝင် နည်းလမ်း နဲ့အညီ အနှေးယာဉ်တွေ မှတ်ပုံတင်နိုင်ရေး မှန်မှန်ကန်ကန် ဥပဒေဘောင်အတွင်း ကနေပြီးတော့ လုပ်နိုင်ဖို့ပဲဖြစ်တယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
" လူတိုင်း လူတိုင်းဟာ မှန်မှန်ကန်ကန် ဥပဒေဘောင်အတွင်းက လုပ်ချင်တယ်။ ဒါမှ စိတ်လုံခြုံတယ်လေ။ နို့မို့ရင် ငါတို့ ဘယ်တော့ ဘာနဲ့ လာပြီး ဖမ်းဦးမလဲ ဆိုပြီးတော့ စိုးရိမ်နေရလို့ ဆိုရင် ကိုယ့်မှာ ပင်ပင်ပမ်းပမ်းလည်း အလုပ်လုပ်ရသေးတယ်။ စိတ်လည်း လုံခြုံမှု မရှိဘူး။ အဲ့တော့ ဒီလိုင်စင်ကိစ္စကတော့ အမှန်ပြောရရင် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာကနေပြီးတော့ သန့်ရှင်းရင်၊ အဂတိလိုက်စားမှု မရှိခဲ့လို့ရှိရင် ဒီကိစ္စဟာ ဖြေရှင်းလို့ခက်တဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါကိုတော့ ကျမတို့ ပထမဦးဆုံး ကိုင်တွယ်မယ်။"
အနှေးယာဉ်လုပ်သားတွေဘက်က ဖြစ်ချင်တဲ့ကိစ္စတချို့ကို တင်ပြခဲ့သူကတော့ လှိုင်မြို့နယ် အနှေးယာဉ် လုပ်သားတွေထဲကနေ ကိုယ်စားလှယ်အဖြစ် တက်ရောက် လာသူတစ်ဦးဖြစ်တဲ့ ဦးတင်မျိုးအောင်ပါ။
"နံပတ်တစ် အနှေးယာဉ် လုပ်သားများ သာရေး၊ နာရေး၊ သက်သာချောင်ချိရေး ကိစ္စများ ဆောင်ရွက်ရန်နှင့် အနှေးယာဉ်လုပ်သားများ ကိုယ်စားပြုမည့် တရားဝင် အသိအမှတ်ပြုမည့် အနှေးယာဉ်အဖွဲ့အစည်းများ စနစ်တကျ ဖွဲ့စည်းပေးပါရန်၊ နှစ် အနှေးယာဉ် အဖွဲ့အစည်းများအတွက် မြို့နယ်အလိုက် ရုံးခန်းများ ရရှိအောင် ကူညီပေးပါရန်၊ သုံး တရားမဝင် လိုင်စင်မဲ့ အနှေးယာဉ်များ ဖယ်ရှားပေးပါရန် လေးစားစွာ တင်ပြအပ်ပါတယ်။"
ဒေသတွင်းမှာ ဆင်းရဲနိမ့်ကျပြီးတော့ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံး အဆင့်အထိ ရောက် ခဲ့ရတဲ့ အတွက် တိုင်းပြည်ရဲ့ တိုးတက်ရေး ရှေ့ဆက်ဆောင်ရွက်ရမယ့် စိန်ခေါ်မှုတွေရှိနေတယ် အားလုံးဝိုင်းဝန်းကူညီကြဖို့ နဲ့ တိုင်းပြည်မှာ ပြည်သူလူထုက အုပ်ချုပ်ရမယ့် ဒီမိုကရေစီစနစ်တရပ် ထူထောင်နိုင်ဖို့ အရေး ပြည်သူလူထု က နိုင်ငံအတွက် တာဝန်တရပ်အနေနဲ့ ပူးပေါင်းပါဝင်ကြပါ လို့ ဒေါ်အောင်ဆန်းစုကြည် က အလေးအနက် တိုက်တွန်းပြောကြားခဲ့ပါတယ်။
"တကယ်ပဲ ကျမတို့ရဲ့ပြည်သူလူထု ပင်ပင်ပမ်းပမ်းနဲ့ လုပ်နေရတဲ့ ပြည်သူလူထုရဲ့ စိတ်ထဲမှာ ဘယ်လိုမျှော်မှန်းချက်တွေရှိတယ်။ ဘယ်လိုများ လက်တွေ့ကျကျ ကျမတို့ နိုင်ငံ ပိုပြီးတော့ ကောင်းအောင်လို့ ပြောင်းလဲနိုင်မယ်ဆိုတဲ့ အကြံကောင်း ညဏ်ကောင်းတွေများ ရှိသလဲဆိုတာ ကျမတို့သိချင်ပါတယ်။ ကျမတို့နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးမှု အနိမ့်ဆုံး နိုင်ငံတွေထဲမှာ ပါနေပါတယ်။ ကျမတို့ရဲ့ ဒေသမှာ အဆင်းရဲဆုံး၊ ဖွံံ့ဖြိုးမှု အနည်းပါးဆုံး နိုင်ငံဖြစ်နေပါတယ်။ ဒါတွေကို ပြန်ပြီးတော့ ပြုပြင် ဖို့ ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျမက ယုံကြည်မှုရှိတယ်။ ကျမတို့ပြည်သူတွေ အားလုံးပါမယ်ဆိုရင် ကျမတို့ မအောင်မြင်စရာ အကြောင်းမရှိဘူး။ "
၂၀၁၅ ရွေးကောက်ပွဲကာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေး ဆိုက်ကားနင်းပြီး စည်းရုံးလှုံ့ဆော်ပေးခဲ့တဲ့ အနှေးယာဉ် လုပ်သားတွေ ကို ဒေါ်အောင်ဆန်းစုကြည် က ဂုဏ်ပြုတွေ့ဆုံတာဖြစ်ပါတယ်။ အပြောင်းအလဲဖြစ် လို့ နိုင်ငံ တိုးတက်ရင် ပြည်သူအားလုံး တိုးတက်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ကိုယ့်ခွန်အားနဲ့ ဝိုင်းဝန်း ကူညီလုပ်ဆောင်ပေးမှုအတွက် ဂုဏ်ယူတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနှေးယာဉ် လုပ်သား ဆိုက်ကားဆရာတွေနဲ့ ဂုဏ်ပြုတွေ့ဆုံစဉ် ပြောဆိုလိုက် ပါတယ်။
ရွေးကောက်ပွဲကာလ အနှေးယာဉ် လုပ်သားတွေရဲ့ အင်တိုက်အားတိုက် မဲဆွယ် စည်းရုံးမှုကြောင့် ပြည်သူလူထု အများစုရဲ့ စိတ်ဝင်စားမှုကို ရခဲ့တာကြောင့် အောင်မြင်ခဲ့ တယ်လို့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် ကိုစိုးမိုးမြင့်ကလည်းဆိုပါတယ်။
" ကထိန်လှည့်သလိုပဲ။ ကျနော်တို့တွေ ဆိုက်ကားတန်းကြီးက အရှည်ကြီးပဲ။ ဘာပဲပြောပြောလေ လူစိတ်ဝင်စားမှု ပိုရှိတယ်ဗျ။ အဲ့ဒီ့ကမ်ပိန်းက ကားနဲ့သွားတာထက်တောင် ပိုထိရောက်တယ်လို့ ပြောရမလိုဖြစ်နေတယ်။
တွေ့ချင်ကြတယ်ဗျ။ အားလုံးကလေ ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ်တွေ့ရမယ်။ ပြီးတော့ ဒီလိုပွဲမျိုး တက်ရမယ်။ ဂုဏ်ပြုလက်ခံရမယ်ဆိုတော့ ဆိုက်ကားသမားတွေ အားလုံးနီးပါးကလည်း ဒီလိုမျိုး သွားချင်ကြတယ် ဒါကတော့ သူသူကိုယ်ကိုယ်ပေါ့နော်။"
ရန်ကုန်တိုင်းအတွင်းက အနှေးယာဉ်လုပ်သားဆိုက်ကားဆရာတွေကို တမြို့နယ်ကို ငါးဦးစီ မဲနှိုက်ပြီး တွေ့ဆုံခဲ့ခြင်းဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ အစိုးရဖွဲ့စည်းနိုင်တဲ့အထိ မဲအပြတ်အသတ်အနိုင်ရကြောင်း မဲရလဒ်တွေ ထုတ်ပြန်ခဲ့တုန်းကလည်း ပထမဆုံး အနေနဲ့ မဲဆွယ်စည်းရုံးပေးခဲ့ကြတဲ့ အနှေးယာဉ်လုပ်သားကြီးတွေထံကို ဒေါ်အောင်ဆန်းစုကြည် က ကိတ်မုန့်လက်ဆောင်ပေးပို့ခဲ့ ပါသေးတယ်။ ဒီတွေ့ဆုံပွဲကို အဖွဲ့ ချုပ်နာယကကြီး ဦးတင်ဦး ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။