ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ အပါအဝင် နိုင်ငံရေးပါတီ တချို့နဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ NLD ရုံးချုပ်မှာ တွေ့ဆုံခဲ့ပါတယ်။ NLD ပါတီက ဘယ်လို ဆက်လက်ရပ်တည်မယ် ဆိုတာ မသေချာသေးတဲ့အတွက် နိုင်ငံရေး လုပ်ငန်းတွေကို ဘယ်လို ဆက်ပြီး လုပ်ဆောင်ကြမယ် ဆိုတာလည်း မသေချာသေးပါဘူး။ ဒါပေမဲ့ လူမှုရေး လုပ်ငန်းတွေကိုတော့ မကြာခင်မှာ စတင်ပူးပေါင်း လုပ်ဆောင်ကြဖို့တော့ ဆွေးနွေးခဲ့တယ်လို့ ဒီမိုကရက်တစ်ပါတီက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီး နောက်ပိုင်း သူ့ပါတီအတွင်းက ခေါင်းဆောင်တွေ၊ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံတာတွေအပြင် တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ တသီးပုဂ္ဂလ အမတ်တွေ၊ သံတမန်တွေနဲ့ နေ့စဉ်ဆိုသလို တွေ့ဆုံနေတာပါ။ ဒီကနေ့တော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေး ပါတီတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒီမိုကရက်တစ်ပါတီ မြန်မာပြည်က ခေါင်းဆောင်တွေနဲ့ ဒီကနေ့ မနက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့တဲ့အကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပါတယ်။
“ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) က ခေါင်းဆောင်များနဲ့ မနက် ၁၀ နာရီခွဲလောက် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ခန်းမထဲမှာ တွေ့ဆုံပါတယ်။ အဖွဲ့ချုပ်ဘက်က ဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်း၊ ကျနော်၊ ဦးဝင်းတင်တို့ တက်ရောက်ပါတယ်။”
ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက် တွေ့ဆုံခဲ့ကြတဲ့ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်တွေကတော့ ပါတီဥက္ကဋ္ဌ ဦးသုဝေ၊ ပါတီအတွင်းရေးမှူးတွေ ဖြစ်ကြတဲ့ ဒေါ်သန်းသန်းနု၊ ဒေါ်နေခြည်ဘဆွေ၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ဦးညွန့်လှိုင်နဲ့ နေဘလုဘဆွေတို့အပြင် တခြား အဖွဲ့ဝင်တွေ လိုက်ပါသွားကြတယ်လို့ ဆိုပါတယ်။
ဒီမိုကရက်တစ်ပါတီ အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည် အခုလို လွတ်မြောက်လာတဲ့အတွက် သွားနှုတ်ဆက်ရင်း မြန်မာနိုင်ငံမှာ လူထုက လိုချင်နေတဲ့ အပြောင်းအလဲ ဖော်ဆောင်နိုင်ဖို့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုက အရေးပါကြောင်းနဲ့ နိုင်ငံရေး၊ လူမှုရေး ကိစ္စတွေကို ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက အခုလို ပြောပြပါတယ်။
“ကျနော်တို့က သူ့ကို သွားပြီး နှုတ်ဆက်တာ။ သူ ဝမ်းသာတဲ့ အကြောင်းလည်း ပြောတာပေါ့။ အခြေအနေလေးတွေကို ကျနော်က ရှင်းပြတယ်။ အခုဆိုရင် သူထွက်လာတဲ့အခါ ပြည်သူလူထုက ဝမ်းပန်းတသာနဲ့ လှိုက်လှိုက်လှဲလှဲ ကြိုတယ်ပေါ့။ အဲဒါဟာ တိုင်းပြည်အတွက် အလင်းရောင်တခုပါပဲလို့။ တိုင်းပြည်ကလည်း ဘာလိုချင်လဲဆိုတော့ တကယ်ကောင်းတဲ့ အပြောင်းအလဲတခုကို လိုချင်တယ်။ ဒါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တာဝန်လို ဖြစ်လာတာပေါ့လို့ ကျနော် သူ့ကို ပြောပြတယ်။
“နိုင်ငံရေးကိစ္စနဲ့ ပတ်သက်လို့ကတော့ ရည်ရွယ်ချက်တူတယ်၊ လုပ်ငန်းစဉ်တူတယ် ဆိုရင် အတူတွဲလုပ်ပါမယ်လို့။ တူတဲ့ကိစ္စတွေမှာတော့ အားလုံးပါဝင်ပြီး တွဲလုပ်နိုင်ပါတယ်လို့ ပြောပြတယ်။”
နိုင်ငံရေး ကိစ္စတွေမှာတော့ NLD ရဲ့ ရပ်တည်ချက် ဘယ်လိုဖြစ်မယ်မှန်း သူတို့ဘက်က မသိသေးပေမဲ့ တူညီတဲ့ လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သွားဖို့နဲ့ မကြာခင်မှာ အမြန်ဆုံး အကောင်အထည်ဖော် လုပ်ဆောင်နိုင်မယ့် လူမှုရေး လုပ်ငန်းတွေကို ဆွေးနွေးဖြစ်တဲ့ အကြောင်းလည်း ဦးသုဝေက ဆက်ပြောပါတယ်။
“နိုင်ငံရေးကျတော့ သူတို့ရဲ့ ရပ်တည်ချက်က မသေချာသေးတော့ နိုင်ငံရေးက ခြေလှမ်း ဘယ်စလှမ်းရမယ်ဆိုတာ မပြောတတ်သေးဘူးပေါ့။ ဒါပေမဲ့ လူမှုရေး လုပ်ငန်းတွေကျတော့ ကျနော်တို့ စလုပ်ဖို့ သဘောတူလိုက်ပါတယ်။ လူမှုရေးမှာတော့ တနိုင်ငံလုံး လုပ်လို့ရပါတယ်လို့ ပြောပြပါတယ်။ အခုဆိုရင် တနင်္သာရီတိုင်းမှာ ပညာရေး လုပ်ငန်းတို့၊ ကျန်းမာရေး လုပ်ငန်းတို့မှာ အတူတကွလုပ်ဖို့။ စပြီးလုပ်မှာပေါ့။ စီမံကိန်းကို တပတ်အတွင်းမှာ ချမယ်လို့ သူပြောပါတယ်။”
NLD အနေနဲ့ နိုင်ငံရေးအရ ဆက်လက်ရပ်တည်ဖို့ ကိစ္စအတွက် ဥပဒေလမ်းကြောင်းအရ ဆက်လက် ရင်ဆိုင်နေဆဲ ဖြစ်ပေမဲ့ ဘယ်ပါတီ အဖွဲ့အစည်းနဲ့မဆို သူတို့ဘက်ကတော့ ဆက်ဆံသွားမယ့် အကြောင်းလည်း ဦးသုဝေက ပြောပါတယ်။
“ဆက်ဆံတာကတော့ ဘယ်သူနဲ့မဆို ဆက်ဆံရမှာပဲလေ။ သူတို့က ဒုတိယ ပင်လုံညီလာခံကိစ္စ ပြောတာရှိတယ်။ အဲဒါမျိုးကျတော့ ကျနော်ကပြောတယ်၊ အဲဒါဟာ အင်မတန်မှ သိမ်မွေ့တဲ့ ပြဿနာဖြစ်တယ်၊ ပြီးတော့ ခက်လည်းခက်တယ်၊ အဲဒါကို အချိန်ယူရမယ်၊ တိုင်းရင်းသား လူမျိုးစုတွေနဲ့ နားလည်မှုရှိအောင်၊ ပြည်ထောင်စုစိတ်ဓာတ် ရှိအောင်၊ ဒါတွေကတော့ ကြိုက်ပါတယ်လို့။ ဒါပေမဲ့ အဲဒီဟာကြီးကို ရှေ့တန်းတင်ရင် အခက်အခဲတွေ ရှိမယ်။ တခြားလုပ်ငန်းတွေပါ လုပ်ရခက်သွားတာ ရှိပါတယ်လို့၊ ဖက်ဒရယ်ကိစ္စ၊ ပင်လုံညီလာခံ စပြီးတော့ အာဏာသိမ်းတဲ့ အထိအောင် ကျနော် ရှင်းပြလိုက်တယ်။ အဲတော့ ကျနော်ပြောပြတဲ့ အချက်တွေကို သူက စဉ်းစားပါ့မယ်လို့တော့ ပြောတယ်။”
ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုေ၀ ပြောခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၈၈ မျိုးဆက် ကျောင်းသားအင်အားစု၊ နောက် ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ စတဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး နိုင်ငံရေး၊ လူမှုရေး လုပ်ငန်းတွေကို ဆွေးနွေးဖြစ်တယ်လို့ သိရပါတယ်။
ဒီနေ့မနက် ၈ နာရီလောက်တုန်းကတော့ အင်းစိန် ရွာမက ခရစ္စယာန်ဘာသာဝင် ၂၀ လောက် ဒေါ်အောင်ဆန်းစုကြည်အိမ်ကို လာပြီး ဆုတောင်းပေးခဲ့တယ်လို့ သိရပါတယ်။