သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်းဒေသ အုံကြွမှုနဲ့ မြန်မာနိုင်ငံ အခြေအနေ ဒေါ်စု နှိုင်းယှဉ်သုံးသပ်


အရှေ့အလယ်ပိုင်းဒေသ အုံကြွမှုနဲ့ မြန်မာနိုင်ငံ အခြေအနေ ဒေါ်စု နှိုင်းယှဉ်သုံးသပ်
အရှေ့အလယ်ပိုင်းဒေသ အုံကြွမှုနဲ့ မြန်မာနိုင်ငံ အခြေအနေ ဒေါ်စု နှိုင်းယှဉ်သုံးသပ်

အရှေ့အလယ်ပိုင်းနဲ့ အာဖရိက မြောက်ပိုင်းမှာ လူထုဆန္ဒပြမှုတွေကို မြန်မာနိုင်ငံက လူထုတွေကလည်း နီးနီးကပ်ကပ် စောင့်ကြည့်နေကြတယ်လို့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အီဂျစ်နဲ့ တူနီးရှား နိုင်ငံတွေမှာ အနည်းနဲ့အများ ဆိုသလို ငြိမ်းချမ်းတယ်လို့ ဆိုရမယ့် ဆန္ဒပြမှုတွေကတဆင့် အစိုးရတွေကို ဖြုတ်ချနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဗွီအိုအေ သတင်းထောက် လုခ် ဟန့်တ် (Luke Hunt) မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကနေ သတင်းပေးပို့ထားတာကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

အခုတလော နိုင်ငံတကာ သတင်းတွေမှာ ထိပ်ကပြေးနေတဲ့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက မြောက်ပိုင်းရှိ ဒီမိုကရေစီရေး လှုပ်ရှား ဆန္ဒပြမှုတွေကို မြန်မာနိုင်ငံသားတွေ အနေနဲ့ လက်လှမ်းဝေးအောင် မြန်မာစစ်အစိုးရက နိုင်ငံတွင်းမှာ ဟန့်တားဖို့ ကြိုးစားပေမဲ့လည်း သိပ်အောင်မြင်မှု မရရှိတာ တွေ့ရတယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ရန်ကုန်ကနေ တယ်လီဖုန်းကတဆင့် ကွာလာလမ်ပူရှိ နိုင်ငံခြား သတင်းထောက်တွေနဲ့ ဆက်သွယ် မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

တူနီးရှားနဲ့ အီဂျစ်မှာ အစိုးရတွေကို ဖြုတ်ချနိုင်ခဲ့တဲ့ ဆန္ဒပြမှုတွေအပြင် လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) ကို ထောက်ခံသူတွေနဲ့ အစိုးရ ဆန့်ကျင်သူတွေကြား ထိပ်တိုက် ရင်ဆိုင်မှုတွေကို မြန်မာနိုင်ငံသားတွေ အနေနဲ့ နီးနီးကပ်ကပ် စောင့်ကြည့်နေကြတာ ဖြစ်တယ်လို့ အသက် ၆၅ နှစ်အရွယ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်က ပြောပါတယ်။

“မြန်မာပြည်သူလူထုက ၁၉၈၈ ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ ယှဉ်ကြည့်ကြရာမှာ တူနီးရှားနဲ့ အီဂျစ်မှာ စစ်တပ်က သူတို့ ပြည်သူတွေအပေါ် ပစ်ခတ်ခဲ့ခြင်း မပြုတဲ့ အချက်ကို သတိထားမိကြသလို လစ်ဗျားနိုင်ငံမှာတော့ အခြေအနေက အဲဒီလို မဟုတ်ဘူး ဆိုတာကိုလည်း သတိထားမိကြပါတယ်။ တူနီးရှားနဲ့ အီဂျစ်နိုင်ငံထက်စာရင် လစ်ဗျားမှာ အခြေအနေက ပိုရှုပ်ထွေး၊ ပိုဆိုးဝါးတာကို မြင်ရပါတယ်။ အထူးသဖြင့် အီဂျစ်နိုင်ငံမှာ အာဏာရှင်ကို ဖြုတ်ချနိုင်ခဲ့တဲ့အတွက် လူတွေက သိပ်ကို သဘောကျပြီး စိတ်ဝင်တစားနဲ့ အခြေအနေတွေကို စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ ရှစ်လေးလုံး အရေးတော်ပုံလို့ ခေါ်တဲ့ ၁၉၈၈ ခုနှစ်က ကျောင်းသားတွေ ဦးဆောင်တဲ့ ဒီမိုကရေစီရေး လိုလား ဆန္ဒပြမှုတွေကို မြန်မာစစ်တပ်က သွေးထွက်သံယို နှိမ်နင်းခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိခဲ့ပေမဲ့လည်း မြန်မာစစ်အစိုးရက အာဏာလွှဲပြောင်းပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းမှုအတွက် ပြီးခဲ့တဲ့ နှစ် ၂၀ ကျော်အတွင်း စုစုပေါင်း ၃ ကြိမ်တိုင်အောင် ၁၅ နှစ်နီးပါး နေအိမ်အကျယ်ချုပ် ကျခံနေရတာလည်း ဖြစ်ပါတယ်။ သူမကို ၂၀၁၀ နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲများ ကျင်းပအပြီး နိုဝင်ဘာလ ၁၃ ရက်နေ့က ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီ ရွေးကောက်ပွဲများဟာ ဒီမိုကရေစီနည်း မကျဘဲ မြန်မာစစ်ခေါင်းဆောင် အာဏာတည်မြဲရေးအတွက် ပိုပြီး အခြေခိုင်စေတယ်လို့ နိုင်ငံတကာက ဝေဖန်ခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရ အဆက်ဆက်က နှစ် ၄၀ ကျော် အုပ်ချုပ်မှုအတွင်းမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ပြဿနာ ပေါင်းစုံတို့ကြောင့် လူထုက လမ်းမတွေပေါ်မှာ ထွက်ပြီး ဆန္ဒပြမှုတွေ ရှိခဲ့ရာမှာ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး အတွင်းလည်း ငြိမ်းချမ်းစွာ မေတ္တာပို့ လှည့်လည် ဆန္ဒပြခဲ့ကြတဲ့ သံဃာတော်များကိုလည်း မြန်မာစစ်တပ်က ရက်ရက်စက်စက် ရိုက်နှက် ပစ်ခတ် ဖမ်းဆီး ထောင်ချခဲ့တာတွေ ရှိခဲ့ပါတယ်။

အီဂျစ်နဲ့ တူနီးရှားရှိ အာဏာရှင် အစိုးရတွေအောက်မှာ နေထိုင်ကြရသူတွေနဲ့ အတိဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကြား အတွေ့အကြုံ ကွာခြားမှုကတော့ မြန်မာစစ်တပ်က ပြည်သူတွေအပေါ် ရက်ရက်စက်စက် ပစ်ခတ်မှုနဲ့ လစ်ဗျားမှာတော့ ပြည်သူတွေအပေါ် နှိမ်နင်းရာမှာ စစ်တပ်အနေနဲ့ စိတ်ဝမ်းကွဲမှု ရှိတဲ့အချက် ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ထောက်ပြခဲ့ပါတယ်။

“သိတဲ့အတိုင်းပါပဲ၊ မြန်မာနိုင်ငံမှာလည်း ပြည်သူလူထုက ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီ ဆန္ဒပြမှုတွေ အတွင်းမှာ စစ်တပ်က ပြည်သူလူထုကို ပစ်ခတ်ခဲ့ပါတယ်။ ဒါဟာ အဓိက ကွာခြားချက်ပဲလို့ ကျမ ထင်ပါတယ်။ လစ်ဗျားနိုင်ငံက အခြေအနေကတော့ စစ်တပ်ကိုယ်တိုင်က အခြေအနေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး စိတ်ဝမ်းကွဲနေကြပုံ ရပါတယ်။ မြန်မာနိုင်ငံမှာတော့ စစ်တပ်ရဲ့ မူဝါဒ ပေါ်လစီတွေနဲ့ ပတ်သက်ပြီး သိသာထင်ရှားတဲ့ စိတ်ဝမ်းကွဲမှုတွေ မရှိဘူးလို့ ကျမ ယူဆပါတယ်။”

ဒါပေမဲ့ အီဂျစ်၊ တူနီးရှား၊ လစ်ဗျား အစရှိတဲ့ နိုင်ငံတွေမှာ ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြမှုတွေကို အောင်အောင်မြင်မြင် စည်းရုံးနိုင်ခဲ့ပြီး အစိုးရရဲ့ ကြားဝင် စွက်ဖက်မှုကို ရှောင်နိုင်ခဲ့တဲ့ ၂၁ ရာစုရဲ့ သိပ္ပံနည်းပညာ တိုးတက်မှုကိုတော့ မြန်မာနိုင်ငံ အနေနဲ့ ရှောင်လွှဲလို့ ရနိုင်မှာ မဟုတ်ဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒါကြောင့်လည်း Facebook နဲ့ Twitter တို့လို အင်တာနက် ကွန်ရက်တွေကတဆင့် ဆက်သွယ်နိုင်ဖို့လည်း အစီအစဉ်ရှိပြီး အခုလို ပြည်တွင်းရော ပြည်ပကပါ ကြိုးပမ်း အားထုတ်မှုတွေကြောင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဆွေးနွေးပွဲဆီကို မြန်မာအစိုးရ အနေနဲ့ ရောက်လာအောင် ဖိအားပေးနိုင်လိမ့်မယ်လို့လည်း သူ့အနေနဲ့ မျှော်လင့်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

XS
SM
MD
LG