သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားရေး အောင်ပွဲအတွက် နိုင်ငံသားအားလုံး ကြိုးပမ်းကြဖို့ ဒေါ်စု တိုက်တွန်း


NLD ရုံးချုပ်တွင် ကျင်းပသည့် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ တက်ရောက်နေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အမှုဆောင်လူကြီးအချို့။ (ဒီဇင်ဘာ ၁၊ ၂၀၁၀)
NLD ရုံးချုပ်တွင် ကျင်းပသည့် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ တက်ရောက်နေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အမှုဆောင်လူကြီးအချို့။ (ဒီဇင်ဘာ ၁၊ ၂၀၁၀)

အမျိုးသားအောင်ပွဲဆိုတာ တကြိမ်တည်းနဲ့ ရောင့်ရဲ တင်းတိမ်နေလို့ မရဘဲ ဆင့်ကဲဆင့်ကဲ အောင်ပွဲတွေရအောင် ဆက်တိုက် ကြိုးပမ်းသွားရမှာ ဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ တမျိုးသားလုံး ချမ်းချမ်းမြေ့မြေ့ နေချင်ရင် အားလုံးက ဝိုင်းဝန်းပြီး တက်ညီ လက်ညီ လုပ်ဆောင်ကြရမယ်လို့ ဒီကနေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပတဲ့ နှစ် ၉၀ မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားမှာ အခုလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်နေတဲ့ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒီကနေ့ ကျရောက်တဲ့ နှစ် ၉၀ ပြည့် အမျိုးသားအောင်ပွဲနေ့ကို ဒီကနေ့မနက် ရန်ကုန်မြို့မှာရှိတဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရုံးချုပ်မှာ ကျင်းပခဲ့ကြတာပါ။ အခမ်းအနားမှာ တမျိုးသားလုံး လွတ်မြောက်ရေးအတွက် အားလုံးက ဝိုင်းဝန်းကြိုးပမ်းကြဖို့ အခမ်းအနား သဘာပတိဖြစ်တဲ့ NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက အဖွင့်အမှာစကား အဖြစ်နဲ့ စတင် ပြောကြားခဲ့ပါတယ်။

“အမျိုးသား လွတ်မြောက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ကြရန် ဖြစ်ပါတယ်။ ထိုသို့ ကြိုးပမ်းရာမှာ အမျိုးသား ညီညွတ်ရေး မလွဲမသွေ လိုအပ်နေပါတယ်။”

အမျိုးသားအောင်ပွဲနေ့ ဆိုတာဟာ တရားမမျှတတဲ့၊ ခွဲခြားထားတဲ့ ပညာရေး ဥပဒေကို ခေါင်းငုံ့မခံဘဲ တက္ကသိုလ် ကျောင်းသားတွေက သပိတ်မှောက် တော်လှန်ခဲ့ရာက တမျိုးသားလုံး အမျိုးသား စိတ်ဓာတ်တွေ နိုးကြားလာရာက စတင်ပေါ်ပေါက်လာတာ ဖြစ်တဲ့အကြောင်း သဘာပတိ ဦးတင်ဦး ပြောကြားသွားတဲ့ နောက်ဆက်တွဲ အကြောင်းအရာတွေကို NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က အခုလို ဆက်ပြောပါတယ်။

“တက္ကသိုလ်ဥပဒေကို တက္ကသိုလ်ကျောင်းသား လူငယ်တသိုက်က ငုံ့မခံဘဲ သပိတ်မှောက် တော်လှန်ခဲ့ကြရာကနေ တမျိုးသားလုံး အမျိုးသားရေး နိုးကြားမှုကြီး စတင်ဖြစ်ပေါ်လာတယ်။ ဖြစ်ပေါ်လာပြီး ပြည်သူတရပ်လုံး အမျိုးသားရေးစိတ်ဓာတ် နိုးကြားလာခဲ့တယ်။ အဲဒီ စိတ်ဓာတ် နိုးကြားလာခဲ့တဲ့ တမျိုးသားလုံးကို လွတ်လပ်ရေး ဖခင်ကြီးဖြစ်တဲ့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဦးဆောင် ထိန်းသိမ်းပြီးတော့၊ မှန်ကန်တဲ့ ဦးဆောင်မှုနဲ့ လမ်းညွှန်မှု ပေးပြီးတော့ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲ ဆက်လက် ဆင်နွှဲသွားခဲ့တဲ့ အတွက်ကြောင့် မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့တယ်။

“ဒါကြောင့် ကျောင်းသား လူငယ်များရဲ့ စွမ်းအားဟာ မြန်မာနိုင်ငံ ခေတ်ပြောင်းသွားအောင် စွမ်းဆောင်နိုင်တယ်ဆိုတာ သင်ခန်းစာ ယူစရာပဲ။ ပြီးတော့ တမျိုးသားလုံး ညီညွတ်စွာ ပါဝင်လှုပ်ရှား ကြိုးပမ်းကြမယ်ဆိုရင် ဘယ်လောက်ခက်ခဲတဲ့ ရည်မှန်းချက် ဖြစ်စေ အောင်မြင်နိုင်တယ် ဆိုတာလည်း သင်ခန်းစာ ယူစရာ ဖြစ်တယ်။

“ဒီနေ့လည်း မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ရရှိရေးအတွက် ပြည်သူတရပ်လုံးက ပါဝင် ကြိုးပမ်းနေကြတယ်။ အဲဒီမှာ အမျိုးသား ညီညွတ်ရေးရအောင် ကြိုးပမ်းပြီးတော့ စွမ်းဆောင်သွားမယ်ဆိုရင် တိုင်းပြည်ဟာ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ် မုချ ပေါ်ထွန်းလာမှာ ဖြစ်တယ်ဆိုတာ ဒီသမိုင်းတွေက သက်သေထူနေတယ်၊ ကြိုးပမ်းသွားရမယ်၊ အဲဒီလို တိုက်တွန်းပါတယ်။”

အခမ်းအနား သဘာပတိဖြစ်တဲ့ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ပြောကြားပြီးတဲ့ နောက်မှာတော့ NLD အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က အမှာစကား ပြောကြားပါတယ်။

အမျိုးသားနေ့နဲ့ ပတ်သက်တဲ့ အသေးစိတ်ကိုတော့ သဘာပတိက အကျယ်တဝင့် ပြောကြားသွားပြီး ဖြစ်တဲ့အတွက် သူမအနေနဲ့ အသေးစိတ် မပြောလိုတော့တဲ့အကြောင်း အစချီပြီး အမျိုးသားရေးဆိုတာ တမျိုးသားလုံးနဲ့ ဆိုင်တဲ့အကြောင်းနဲ့ ပြည်သူတွေ လိုချင်နေတဲ့ ချမ်းချမ်းမြေ့မြေ့ နေနိုင်ရေးအတွက် လိုအပ်တဲ့ အချက်တွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို စပြောပါတယ်။

“ကျမအနေနဲ့ သိပ်ပြီးတော့ ပြောဖို့ မလိုပါဘူး။ အမျိုးသားရေး ဆိုတာလေးတော့ တခုပြောချင်ပါတယ်။ ကျမတို့ဟာ အမျိုးသားရေးဆိုတာ ဘာလဲဆိုရင် တမျိုးသားလုံးနဲ့ ဆိုင်တယ်၊ တနည်းအားဖြင့် ပြောရရင် ဒီနိုင်ငံကို မှီတင်းနေထိုင်သူ အားလုံးနဲ့ ဆိုင်တဲ့အရေးလို့ ပြောတာပါ။ ဒီတော့ ဒီနိုင်ငံကို မှီတင်းနေထိုင်တဲ့သူ အားလုံးကနေပြီးတော့ ဘာကိုလိုချင်လဲလို့ မေးလိုက်ရင် မမှားယွင်းဘဲနဲ့ ဖြေနိုင်တဲ့ အချက်တခုတော့ ရှိပါတယ်။ အားလုံးကနေပြီးတော့ ချမ်းချမ်းမြေ့မြေ့နဲ့ နေချင်ကြပါတယ်။ ချမ်းချမ်းမြေ့မြေ့နဲ့ နေနိုင်ဖို့ ဘာတွေလိုအပ်သလဲ ဆိုတာ တဆင့် ထပ်ပြီးတော့ မေးလို့ရှိရင် လုံခြုံဖို့ လိုအပ်တယ်၊ လွတ်လပ်ဖို့ လိုအပ်တယ်၊ စိုးရိမ်ကြောင့်ကြမှုနဲ့ ချို့တဲ့မှုတို့မှ ကင်းဝေးဖို့ လိုအပ်ပါတယ်။ အဲဒီဟာတွေ အားလုံး လိုအပ်လို့ ကျမတို့က ကြိုးစားရမှာပါ။”

ဒါ့အပြင် အားလုံးရဲ့ အရေးဖြစ်တဲ့ အမျိုးသားရေးကို တခါတည်း အောင်ပွဲခံရုံနဲ့တင် မပြီးဘဲ မြန်မာနိုင်ငံ တည်ရှိနေသ၍ ဆက်တိုက် အောင်ပွဲခံနိုင်အောင် ဝိုင်းဝန်း ကြိုးပမ်းကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။

“တဦးတည်းရဲ့ အရေး မဟုတ်ဘူး၊ အားလုံးရဲ့အရေး၊ ဝန်ထမ်းတွေရဲ့ အရေးလည်း ဖြစ်ပါတယ်။ နိုင်ငံ့ဝန်ထမ်းဆိုတာ တပ်မတော်သားတွေလည်း ပါဝင်ပါတယ်။ ပါတီအဖွဲ့အစည်းတွေ အားလုံးလည်း ပါဝင်ပါတယ်။ တဦးချင်း တဦးချင်း ပုဂ္ဂိုလ်အားလုံးလည်း ပါဝင်ပါတယ်။ အဲတော့ ကျမတို့ အားလုံးဟာ ဒီအမျိုးသားရေးကို အောင်ပွဲခံနိုင်ဖို့ဆိုရင် စောစောက သဘာပတိကြီး မိန့်သွားသလိုပဲ ညီညွတ်ရမယ်၊ ဇွဲ ဝီရိယ ရှိရမယ်၊ သတ္တိရှိရမယ်၊ ဆက်ပြီးတော့ လုပ်ရမယ်။

“အမျိုးသားရေးဆိုတာ ဘယ်နှစ်ခါပဲ အောင်ပွဲခံခံ ပြီးသွားတယ်ရယ်လို့ မရှိဘူး။ အောင်ပွဲဟာ တခုပြီးတခု ဆက်ပြီးတော့ ခံသွားရမှာပဲ။ ဒီနိုင်ငံ တည်ရှိနေသ၍ အမျိုးသားရေးဆိုတာ တည်ရှိနေမှာပဲ။ အမျိုးသားရေး တည်ရှိနေသ၍ ဒီအမျိုးသားရေးတွေကို အောင်ပွဲခံနိုင်ဖို့ ကျမတို့ အားလုံးမှာ တာဝန်ရှိတယ်ဆိုတာ အဲဒါလေးကိုပဲ တိုတိုပြောရင်းနဲ့ ကျမ နိဂုံးချုပ်ပါရစေ။”

NLD အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် နှစ် ၉၀ ပြည့် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။

အခမ်းအနားမှာ ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်) က အမျိုးသားနေ့ အထိမ်းအမှတ် အဖြစ်နဲ့ နှစ်စဉ်လိုပဲ ကဗျာဖတ်၊ စာပေ ဟောပြောမှုတွေ ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီကိုယ်စား ကိုလေး (အင်းဝဂုဏ်ရည်) ကို ဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီကနေ့ ကျင်းပတဲ့ နှစ် ၉၀ ပြည့် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကိုတော့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ၊ ဝါရင့် နိုင်ငံရေးသမားကြီးတွေ၊ တခြား တိုင်းရင်းသားပါတီတွေ အပြင် နယ်က ရောက်လာကြတဲ့ NLD အဖွဲ့ဝင်တွေနဲ့ ကမာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ်တွေ အပါအဝင် ဧည့်ပရိသတ်ပေါင်း ၁,၅၀၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

မနက်ဖြန် ကြာသပတေးနေ့ NLD ရုံးချုပ်မှာ ကျင်းပမယ့် ကမ္ဘာ့ HIV/AIDS အထိမ်းအမှတ်နေ့ကိုတော့ နိုင်ငံတကာက သံတမန်တွေ၊ INGO လို့ခေါ်တဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေနဲ့ တခြား လူမှုအသင်းအဖွဲ့တွေကို စုံစုံညီညီ ဖိတ်ကြားထားတဲ့ အကြောင်းနဲ့ ဒီကိစ္စဟာ လူမှုရေးကိစ္စ ဖြစ်တာမို့ အားလုံး စုံစုံညီညီ တက်ရောက်ကြမယ်လို့ မျှော်လင့်တဲ့ အကြောင်းလည်း NLD က သတင်းထုတ်ပြန်ပါတယ်။

XS
SM
MD
LG