သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရနဲ့ ပြည်သူကြား ယုံကြည်မှုရှိဖို့ ဒေါ်စုတိုက်တွန်း


နေပြည်တော် မြို့နယ်တစ်ခုမှာ ရွေးကောက်ပွဲ စည်းရုံး ဟောပြောနေသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (မတ်လ ၅၊ ၂၀၁၂)
နေပြည်တော် မြို့နယ်တစ်ခုမှာ ရွေးကောက်ပွဲ စည်းရုံး ဟောပြောနေသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (မတ်လ ၅၊ ၂၀၁၂)

ဒီမိုကရေစီစနစ်မှာ အစိုးရနဲ့ ပြည်သူ အပြန်အလှန် ယုံကြည်လေးစားမှု ရှိရမယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ပြည်သူတွေအတွက် အလုပ်အကိုင် ဖန်တီးရေး၊ အစိုးရဝန်ထမ်းတွေ သိက္ခာရှိရှိ အလုပ်လုပ်နိုင်ရေး အကြောင်းတွေကို နေပြည်တော်က ပြည်သူလူထုကို မိန့်ခွန်းပြောစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာဖြစ်ပါတယ်။ အစိုးရရုံးစိုက်ရာ မြို့ ဖြစ်ပေမဲ့ ပြည်သူ အမြောက်အများ လာပြီး နားထောင်ကြတဲ့ မိန့်ခွန်းအကြောင်း မစုမြတ်မွန်က အစီရင်ခံထားပါတယ်။

ဒီကနေ့ နေပြည်တော်မြို့က မြို့နယ် နှစ်ခုကို သွားရောက်ပြီး စည်းရုံးမဲဆွယ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အရင် ဒက္ခိဏသီရိ မြို့နယ် ရွာမကွင်းမှာ ပြည်သူလူထုကို တွေ့ဆုံ မိန့်ခွန်းပြောပါတယ်။ ကွင်းလုံးပြည့် ပြည်သူတွေ လာရောက် နားထောင်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာ အစိုးရနဲ့ ပြည်သူ အပြန်အလှန် ယုံကြည်မှုဟာ ဘယ်လောက် အရေးကြီးသလဲ ဆိုတာကို အခုလို ပြောသွားခဲ့ပါတယ်။

“ဒီမိုကရေစီစနစ်မှာ အစိုးရနဲ့ ပြည်သူဟာ အပြန်အလှန် ရှိရမယ်။ ဒီတော့ ကျမတို့ဟာ အစိုးရ မဖြစ်သေးသော်လည်း ပြည်သူတွေရဲ့ ကိုယ်စားလှယ်တွေ ဖြစ်ဖို့ ကြိုးစားနေတာ၊ ပြည်သူတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ ပြည်သူတွေကြားမှာ အမြဲပဲ အပြန်အလှန် ယုံကြည်မှု၊ အပြန်အလှန် လေးစားမှု၊ အပြန်အလှန် ကူညီမှု၊ အပြန်အလှန် ကူညီတောင်းဆိုမှု ဆိုတာ ရှိရမယ်။”

အစိုးရရုံးစိုက်ရာ မြို့တော် ဖြစ်သလို အစိုးရဝန်ထမ်း အများအပြား နေထိုင်ကြတဲ့ နေပြည်တော်ကို ဒေါ်အောင်ဆန်းစုကြည် လာစဉ်မှာ လမ်းတလျှောက် လူတွေ ကြိုဆို နှုတ်ဆက်ကြသလို သူမိန့်ခွန်းပြောရာ ပျဉ်းမနား ရွာမကွင်းမှာလည်း ကွင်းလုံးပြည့် လာရောက် အားပေးခဲ့ကြပါတယ်။ အခုလို ပြည်သူတွေ အားနဲ့ နိုင်ငံကို ပြန်လည် အင်အားကြီးအောင် လုပ်နိုင်တာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောပါတယ်။

“ပြည်သူလူထုရဲ့ အားပေးမှုဆိုတာ တခြား ဘယ် အင်အားနဲ့မှ မတူပါဘူး။ ပြည်သူလူထုရဲ့ အင်အားနဲ့ နှိုင်းယှဉ်နိုင်တဲ့ အင်အားဆိုတာ ဘယ် နိုင်ငံမှာမှ မရှိပါဘူး။ ကျမတို့ ပြည်သူတွေဟာ ညီညီညွတ်ညွတ်နဲ့ စည်းကမ်းရှိရှိနဲ့ ကိုယ့်အင်အားတွေကို မှန်မှန်ကန်ကန် သုံးသွားနိုင်မယ်ဆိုရင် ကျမတို့နိုင်ငံဟာ တချိန်တခါတုန်းကလို ပြန်ပြီးတော့ အရှေ့တောင်အာရှမှာ ထွန်းထွန်းတောက် ထိပ်တန်းနိုင်ငံ ဖြစ်နိုင်တဲ့ အလားအလာရှိတယ်လို့ ကျမ ပြောနိုင်ပါတယ်။ ဒါကို ကျမကတင် ပြောနေတာ မဟုတ်ပါဘူး။ တခြား အရှေ့တောင်အာရှမှာ ချမ်းသာနေတဲ့ နိုင်ငံတွေကကို ဒီစကား ပြောလာပါတယ်။ မြန်မာနိုင်ငံသာ မှန်ကန်တဲ့လမ်းပေါ်မှာ ရှိသွားရင် ဒီလို မှန်ကန်တဲ့ ဒီမိုကရေစီလမ်းပေါ်မှာ ဆက်သွားပြီးတော့ အများပါဝင်နိုင်တဲ့ နိုင်ငံရေးစနစ်တစ်ခုကို ထူထောင်လိုက်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံကို ကူညီမစချင်တဲ့ အဖွဲ့အစည်းတွေ နိုင်ငံတွေက အများကြီးပဲ။ ငါတို့နဲ့များ ငါးနှစ် ဆယ်နှစ်မှာ ငါတို့ကိုများ မီသွားမလား၊ သာသွားမလားလို့တောင်မှ တချို့ အင်မတန်မှ ချမ်းသာနေတဲ့ ကျမတို့ဒေသက နိုင်ငံတွေက ပြောတာ ကျမနားနဲ့ဆက်ဆက် ကြားခဲ့ရပါတယ်။ ဒီလို ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။ ကျမတို့နိုင်ငံအတွက် အလားအလာ အများကြီး ရှိပါတယ်။ ဒီအလားအလာတွေကို တကယ် အလုပ်မည်အောင်လို့ လုပ်ဖို့ဆိုတာဟာ ကျမတို့ရဲ့ တာဝန် ဖြစ်သလို ပြည်သူတွေမှာလည်း တာဝန်ရှိပါတယ်။”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ အားလုံး တိုးတက်ရေးအတွက် အရေးကြီးတဲ့ အလုပ်လက်မဲ့ ပြဿနာကိုလည်း အဓိက ဦးစားပေး ဖြေရှင်းသွားမယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြား မဲဆွယ်သွားခဲ့ပါတယ်။

“ကျမတို့က အားလုံးကို တိုးတက်စေချင်တယ်။ စိတ်ဓာတ်ရေးရာ အရရော၊ ပညာအရရော၊ ကျန်းမာရေးအရရော။ အရေးကြီးတာက ကျမတို့ ချက်ချင်းလက်ငင်း ကျမတို့ ပြည်သူတွေဟာ ရသင့်ရထိုက်တဲ့ အလုပ်တွေ ရှိစေချင်တယ်။ ဒီ အလုပ်လက်မဲ့ ပြဿနာဟာ အင်မတန်မှ ကြီးတယ်။ အလုပ်လက်မဲ့ ဆိုတာဟာ အလုပ် လုံး၀ မရှိတာတင် မကဘူး၊ ရှိတဲ့အလုပ်က ကိုယ့်ရဲ့ ဝမ်းစာအတွက် မလုံလောက်တာနဲ့ အလုပ်လက်မဲ့ ပြဿနာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒီတော့ ပြည်သူတွေရဲ့ ဘ၀ ဖူလုံရေးအတွက် အလုပ်တွေ ဖန်တီးရေးဟာ ကျမတို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဦးတည်ချက် ဖြစ်ပါတယ်။”

ပြည်သူတွေအနေနဲ့ ကိုယ့်မှာ ရှိတဲ့ အရည်အချင်းတွေ မြင့်အောင် ကြိုးစားဖို့ကိုလည်း ဒက္ခိဏသီရိမြို့နယ်မှာ ပြောသွားတဲ့ မိန့်ခွန်းထဲမှာ တိုက်တွန်း သွားပါတယ်၊ ဒက္ခိဏသီရိမြို့နယ်မှာ စည်းရုံး မဲဆွယ်ပြီးပြီးချင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆို ပိုပြီးခက်ခဲတယ်လို့ ဆိုတဲ့ ဇဗ္ဗူသီရိ မြို့နယ်ဆီ ခရီးဆက် မဲဆွယ်ပါတယ်။ အဲဒီမှာတော့ အစိုးရဝန်ထမ်းတွေ သိက္ခာရှိရှိနဲ့ အလုပ်လုပ်နိုင်ဖို့ အတွက် အရေးကြီးတယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က အသားပေးပြောသွားခဲ့ပါတယ်။

သူ ပြောသွားတာကတော့ ဝန်ထမ်းတွေ သိက္ခာရှိရှိ အလုပ်လုပ်နိုင်ဖို့က အုပ်ချုပ်မှုစနစ်၊ ဥပဒေရေးရာ စနစ်တွေအားလုံးနဲ့ ဆိုင်ပါတယ်တဲ့၊ နောက် ဝန်ထမ်းတွေ လာဘ်ပေးလာဘ်ယူ လုပ်တယ်လို့ စွပ်စွဲကြတဲ့ ပြည်သူတွေကိုလည်း ဝန်ထမ်းတွေရဲ့ ဘဝကို ပြန်ကြည့်ကြပြီး ဘာကြောင့် ဒီလို ဖြစ်နေရသလဲ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အဲဒီမှာ သူငယ်စဉ် လွန်ခဲ့တဲ့ အနှစ် ၅၀ လောက်က ဝန်ထမ်းတွေ သိက္ခာရှိရှိ အလုပ်လုပ်နိုင်ကြတဲ့ အခြေအနေနဲ့ နှိုင်းယှဉ် ဥပမာပေး ပြောသွားခဲ့ပါတယ်။ ဒီမိန့်ခွန်းကို ဇဗ္ဗူသီရိမြို့နယ် လယ်ကွင်းပြင်မှာ ပြောကြားခဲ့တာကိုလည်း မြို့ခံတော်တော်များများ လာရောက် နားထောင်ခဲ့ကြပါတယ်။

မန္တလေးတိုင်းက မြို့တွေကို လှည့်လည် စည်းရုံးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ည နေပြည်တော်မှာ တစ်ညအိပ်ပြီး မနက်ဖြန်ကျရင် နေပြည်တော်က ပုဗ္ဗသီရိနဲ့ ဥတ္တရသီရိ မြို့နယ်တွေကို သွားရောက် စည်းရုံး ဟောပြောဖို့ ရှိပါတယ်။

XS
SM
MD
LG