သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NDF ပါတီ ခေါင်းဆောင်တချို့နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ


NDF ပါတီ ခေါင်းဆောင်တချို့နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တချိန်က NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်ပိုင်းမှာ တာဝန်ယူ လုပ်ကိုင်ခဲ့ကြပြီး NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီအဖြစ် သီးခြား ပါတီခွဲ တည်ထောင်ခဲ့ကြသူ ခေါင်းဆောင် ၃ ယောက်တို့ ဒီကနေ့ မနက်ပိုင်းက NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦး နေအိမ်မှာ တွေ့ဆုံခဲ့ကြပါတယ်။ ဒါဟာ ပထမဦးဆုံး အကြိမ်အဖြစ် မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲမှာ နိုင်ငံရေးအရ ပြောဆိုဆွေးနွေးမှုတွေ မပါဘဲ တခြား လူမှုရေးကိစ္စတွေကိုသာ ဆွေးနွေးဖြစ်ခဲ့တယ်လို့ ၂ ဘက်စလုံးက ပြောပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေ့ဆုံကြတဲ့ NDF ပါတီခေါင်းဆောင် ၃ ယောက်ကတော့ ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာဝင်းနိုင်နဲ့ ဦးခင်မောင်ဆွေတို့ ဖြစ်ကြပါတယ်။ NLD ကခွဲထွက်ပြီး NDF ပါတီအဖြစ် ဘာကြောင့် တည်ထောင်ခဲ့ရတယ် ဆိုတာကို နိုင်ငံရေးအရ ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းပြဖို့ သူတို့မှာ တာဝန်ရှိတာကြောင့် ပုဂ္ဂိုလ်ရေးအရ သွားရောက်တွေ့ဆုံမှာ ဖြစ်တယ်လို့ NDF ပါတီခေါင်းဆောင်တွေက ကြိုတင် ပြောထားခဲ့ပေမဲ့လည်း လူမှုရေး ကိစ္စတွေသာ ပြောဆိုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတွေ့ဆုံပွဲကိုတော့ NLD ဒု-ဥက္ကဋ္ဌ ဦးတင်ဦး နေအိမ်မှာ ပြုလုပ်ဖြစ်ခဲ့တဲ့အကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က အခုလို ပြောပြပါတယ်။

“၁၁ နာရီလောက်မှာ ဒေါက်တာသိန်းငြိမ်းရယ်၊ ကိုခင်မောင်ဆွေရယ်၊ ဒေါက်တာဝင်းနိုင်ရယ်၊ ၃ ယောက်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပါတယ်။ တွေ့ဆုံတဲ့ နေရာက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာလည်း မဟုတ်ပါဘူး။ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးရဲ့ နေအိမ်မှာ တွေ့တာ ဖြစ်ပါတယ်။”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

တွေ့ဆုံရခြင်းရဲ့ မူလရည်ရွယ်ချက်ဖြစ်တဲ့ NLD ပါတီက သူတို့ ခွဲထွက်ပြီး ဘာကြောင့် ပါတီအသစ် တည်ထောင်ရတယ် ဆိုတဲ့ကိစ္စကို မဆွေးနွေးဖြစ်ဘဲ တခြား ပုဂ္ဂိုလ်ရေး၊ လူမှုရေး ကိစ္စတွေကိုပဲ ဆွေးနွေးဖြစ်ကြတဲ့အကြောင်း NDF ပါတီဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းက ရှင်းပြပါတယ်။

“ဒီနေ့တွေ့တာတော့ ပုဂ္ဂိုလ်ရေးအရ တွေ့ကြတာပါပဲ။ ကျနော်တို့က NDF အနေနဲ့ တွေ့တာ မဟုတ်တဲ့ အခါကြတော့ NDF ကိစ္စတွေ၊ နိုင်ငံရေးကိစ္စတွေ မပြောဖြစ်သေးပါဘူး။”

ဆရာတို့ဘက်က ဘာကြောင့် ခွဲထွက်ရတယ် ဘာညာဆိုတာ ရှင်းလင်းဖြစ်ပါလား ဆရာ။

“အဲဒါလည်း ကျနော်တို့ မပြောသေးပါဘူး၊ မပြောဖြစ်ပါဘူး။ အခုဟာကတော့ ပုဂ္ဂိုလ်ရေး တွေ့ဆုံပွဲ သက်သက်ပါပဲ။ ကျနော်တို့ အရင်တုန်းက လုပ်ဖော်ကိုင်ဘက် ဟောင်းတွေလည်း ဖြစ်တယ်၊ ရင်းနှီးတဲ့ ပုဂ္ဂိုလ်တွေလည်း ဖြစ်တယ်၊ ဆိုတော့ အရင်အတိုင်းပဲ ကျနော်တို့ ရင်းရင်းနှီးနှီးနဲ့ တွေ့ဆုံဖြစ်ကြပါတယ်။”

ဘာတွေများ ပြောဖြစ်ကြပါလဲဆရာ၊ လူမှုရေးအရ အလာပ သလာပလား၊ တခြား ဘာတွေ ပြောဖြစ်ပါလဲ ဆရာ။

“လူမှုရေးပါပဲ။ အထူးသဖြင့် ကျနော်တို့က မတွေ့တာကြာတော့ ကျနော်တို့ မိသားစု အကြောင်းတို့၊ ကျန်းမာရေး အကြောင်းတို့၊ ကျနော်တို့ကလည်း သူ့ရဲ့ ကျန်းမာရေးကိစ္စတွေ ဘာတွေ အဲဒါတွေပဲ ပြောဖြစ်ပါတယ်။ တခြား နိုင်ငံရေးတော့ မပါပါဘူးခင်ဗျ။”

ဒါဆိုရင် အနာဂတ်မှာ နိုင်ငံရေးအရ တူတာတွေ တွဲလုပ်ဖို့တို့ ဘာတို့ ကိစ္စတွေ၊ စောစောက ဆရာတို့ ကြိုပြီး ပြောထားသလိုပေါ့၊ ပါတီခွဲထွက်ရခြင်း ကိစ္စတွေက ဒီနေ့ မပြောဖြစ်ခဲ့ဘူးဆိုတော့ နောင်မှာ ထပ်တွေ့ပြီးတော့ ပြောကြ၊ ဆွေးနွေးကြဖို့ အစီအစဉ် ရှိပါသလား။

“နောက်ထပ် တွေ့ဖို့ သူတို့ကို ကျနော်တို့က ပြောပါတယ်။ သူကလည်း ရပါတယ်တဲ့၊ နောက်ထပ် တွေ့ဖို့လည်းပဲ လုပ်လို့ရပါတယ်လို့ ပြောပါတယ်။”

ဘယ်တော့တွေ့ဖြစ်မယ် ဆိုတာတော့ မသတ်မှတ်ရသေးဘူးလား။

“အဲဒါတော့ ကျနော်တို့ မရှိသေးပါဘူး။”

ဒီနေ့တွေ့တာက ဘယ်လောက်လောက် ကြာသွားလဲ။

“ကျနော်တို့ တနာရီလောက် ကြာပါတယ်။ ရှေ့မှာလည်း ကျနော်တို့ပါတီက အရင်တုန်းက NLD လူငယ် ခေါင်းဆောင်ဟောင်းတွေပေါ့၊ သူတို့ ၂ ယောက်လည်း သွားတွေ့တယ်။ သူတို့ပြီးတော့ ကျနော်တို့ ဆက်တွေ့တာပေါ့ဗျာ။ ဒါက နှစ်ခုစလုံးမှာပဲ လူမှုရေး ကိစ္စတွေကို ပြောဖြစ်ပါတယ်။ အကုန်လုံး အဆင်ပြေပါတယ်။ အဆင်ပြေတယ်ဆိုတာက ကျနော်တို့ရဲ့ ဆက်ဆံရေးက စိမ်းကားမနေဘူးပေါ့ဗျာ။ အရင်တုန်းကလိုပဲ ခင်ခင်မင်မင်၊ ရင်းရင်းနှီးနှီးနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ ရှိကြတယ် ဆိုတဲ့ အကြောင်းကိုပဲ ကျနော်တို့က ပြောချင်တာပါ။

“ဆိုလိုတာက တချို့ အပြင်က စိုးရိမ်နေသလို တွေ့ပြီးတော့ တဘက်နဲ့တဘက် တင်းမာမှုတွေ ရှိလိမ့်မယ်လို့ ဘာတို့ ဒါမျိုးတွေတော့ ကျနော်ထင်ပါတယ်၊ မရှိဘူး ထင်ပါတယ်။”

ဒါဆိုရင် အရင် ခင်မင်ရင်းနှီးခဲ့ကြတဲ့ မိတ်ဆွေတွေလည်း ဖြစ်တယ်၊ လုပ်ဖော်ကိုင်ဘက် ရဲဘော်ရဲဘက်တွေလည်း ဖြစ်တယ်ပေါ့ ဆရာ။ ဆိုတော့ အရင်အနေအထား အတိုင်းပဲ နွေးနွေးထွေးထွေး ဆက်ဆံကြတယ်ပေါ့၊ အဲဒီလို ပြောလို့ရမလား၊ ဘယ်လိုရှိပါလဲ။

“ရပါတယ်၊ မှန်ပါတယ်။ အဲဒီအတိုင်းပါပဲ။”

ရှေ့မှာ လုပ်ငန်းတွေ လုပ်ဖို့ ကိစ္စတွေကတော့ သတ်သတ် ထပ်တွေ့ကြပြီး ဆွေးနွေးကြမယ်ပေါ့။

“ဒါပေါ့ဗျာ၊ နောက်တွေ့တဲ့ အခါကြတော့ ဒါ နှစ်ဘက်စလုံးက ပြောချင်တဲ့ဆန္ဒ ရှိတယ်ဆိုရင်လည်း ပြောလို့ ဖြစ်မှာပါ။”

NDF ပါတီဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီပါတီခေါင်းဆောင် ၃ ယောက်နဲ့ မတွေ့ခင် တခြား NLD အဖွဲ့ဝင်ဟောင်းတွေ ဖြစ်ပြီး အခု NDF ပါတီမှာ ၀င်ရောက် လုပ်ကိုင်နေကြတဲ့ လူငယ် ၂ ဦးနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်က သီးခြား တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

XS
SM
MD
LG