သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ပါတီ ရပ်တည်ရေးအတွက် ဒေါ်စု ဆက်လက်ဆောင်ရွက်


ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ ရန်ကုန်တိုင်း တရားရုံးချုပ်တွင် ကျမ်းကျိန်လွှာ ပြုလုပ်ပြီးနောက် ပြန်လည်ထွက်ခွာလာစဉ်။ နိုဝင်ဘာ ၁၆၊ ၂၀၁၀။
ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ ရန်ကုန်တိုင်း တရားရုံးချုပ်တွင် ကျမ်းကျိန်လွှာ ပြုလုပ်ပြီးနောက် ပြန်လည်ထွက်ခွာလာစဉ်။ နိုဝင်ဘာ ၁၆၊ ၂၀၁၀။

NLD ပါတီ တရားဝင် နိုင်ငံရေးပါတီ အဖြစ်နဲ့ ဆက်လက် တည်ရှိနေကြောင်း လျှောက်ထားတဲ့ အမှုမှာ ဒေါ်အောင်ဆန်းစုကြည်က တရားဝင် လျှောက်ထားသူ ဖြစ်တဲ့အတွက် ရန်ကုန်တိုင်း တရားရုံးချုပ်မှာ ဒီကနေ့ ကျမ်းကျိန်လွှာ လက်မှတ်သွားထိုးခဲ့ပါတယ်။ ဒီအမှုကို လက်ခံသင့် မခံသင့်ဆိုတဲ့ ကိစ္စကိုတော့ လာမယ့် နိုဝင်ဘာ ၁၈ ရက်နေ့ နေပြည်တော် တရားရုံးချုပ်မှာ ကြားနာမှာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

NLD ပါတီ အနေနဲ့ တရားဝင် နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ရှိနေကြောင်း တရားရုံးမှာ လျှောက်လွှာ တင်ခဲ့တုန်းက ကာယကံရှင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထိန်းသိမ်း ခံနေရဆဲကာလ ဖြစ်တာမို့ အမှုတွဲနဲ့အတူ Affidavit ခေါ် ကျမ်းကျိန်လွှာကို ပူးတွဲ မတင်လိုက်ရတဲ့အတွက် ဒီနေ့ ရန်ကုန်တိုင်း တရားရုံးမှာ လက်မှတ် သွားထိုးရတာပါ။

ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီကို စတင် တည်ထောင်ခဲ့သူအဖြစ်နဲ့ စွဲချက် တင်ထားတဲ့အတွက် ဒီနေ့မနက်ပိုင်း ရန်ကုန်တိုင်း တရားရုံးမှာ ကျမ်းကျိန်လွှာ လက်မှတ်ထိုးခဲ့တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လိုက်ပါသွားခဲ့တဲ့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပြပါတယ်။

“ဒီနေ့ ကျနော်တို့ မနက် ၁၁ နာရီခွဲက ရန်ကုန်မြို့ ဘားလမ်းမှာရှိတဲ့ ဗဟိုတရားရုံးချုပ်ကို ဒေါ်အောင်ဆန်းစုကြည် သွားပါတယ်။ ကျနော်တို့ NLD က တရားဝင် နိုင်ငံရေးပါတီ အဖြစ်နဲ့ ဆက်လက် တည်ရှိနေကြောင်း တရားစွဲဆိုထားတဲ့ အမှုနဲ့ ပတ်သက်ပြီး Affidavit ခေါ်တာပေါ့၊ ဥပဒေ စကားနဲ့တော့၊ ကျမ်းကျိန်လွှာ လုပ်ပါတယ်။ အမှုရုံးချိန်းက ၁၈ ရက်နေ့ ဖြစ်ပါတယ်။ ၁၈ ရက်နေ့ အမှုကြားနာမှာကတော့ နေပြည်တော်မှာလို့ သိရပါတယ်။”

၁၈ ရက်နေ့ ရုံးချိန်းရှိနေတာ ဒေါ်စုက ဘာဖြစ်လို့ ကျမ်းကျိန်ရတာပါလဲ။ ဒေါ်စုနဲ့ ဘယ်လို ပတ်သက်နေလဲ။

“အဲဒီအမှုကို စွဲဆိုထားတာက ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီကို စတင် တည်ထောင်သူအဖြစ်နဲ့၊ NLD ပါတီရဲ့ တာဝန်ခံအဖြစ်နဲ့ သူက တရားစွဲဆိုထားတာလို့ ကျနော် သိပါတယ်။ တရားရုံး Procedure များရဲ့ လိုအပ်ချက်အရ တရားစွဲဆိုသူက Affidavit လုပ်ရတယ်လို့ ဆိုပါတယ်။ အဲဒါကတော့ ကျနော် ဒီလောက်ပဲ သိပါတယ်။”

၁၈ ရက်နေ့ ရုံးချိန်း ကြားနာမှုကို နေပြည်တော်မှာ လုပ်မယ်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရမှာပေါ့၊ အဲဒီသဘောလား။

“အဲဒါ ဦးဉာဏ်ဝင်းကို ကျနော်မေးကြည့်တော့ ဒေါ်အောင်ဆန်းစုကြည်က လိုက်နိုင်မှာ မဟုတ်ပါဘူးလို့ ပြောပါတယ်။ အကျိုးဆောင်များပဲ သွားမယ်လို့ ပြောပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် မလိုက်နိုင်ဘူး၊ ရှေ့နေနဲ့ပဲ သွားမယ့် သဘောလား။

“ဟုတ်ပါတယ်၊ အဲဒီသဘောပါ။ ဆရာ ဦးဉာဏ်ဝင်းတို့ပဲ သွားကြမှာပါ။”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်းနဲ့အတူ နေပြည်တော်ကို သွားမယ့် နောက်အကျိုးဆောင်ရှေ့နေ တဦးကတော့ ဦးကျော်ဟိုး ဖြစ်ပါတယ်။ သူက အခုစွဲချက်တင်ထားတဲ့ အမှုဟာ NLD ပါတီ တရားဝင် နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့် ရရုံတင်မကဘဲ ပြီးခဲ့တဲ့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပါတီကို လွှတ်တော်ခေါ်ပေးရေး ကိစ္စပါ ပါဝင်တယ်လို့ အကျိုးဆောင် ရှေ့နေကြီး ဦးကျော်ဟိုးက ပြောပါတယ်။

“ကျနော်တို့ စွဲထားတဲ့ ကိစ္စက လွှတ်တော်ခေါ်ပေးဖို့ပဲ။ လွှတ်တော်ခေါ်ပေးဖို့ အတွက်ကို သီးခြားသက်သာခွင့် ဥပဒေပုဒ်မ ၄၅၊ ၅၅ နဲ့ စွဲတဲ့အခါကြတော့ ကျမ်းကျိန်လွှာ မပါလို့ မဖြစ်ဘူး။ မပါလို့ မဖြစ်တဲ့အတွက် အခု ကျနော်တို့က အမှုသာ တင်လိုက်ရတယ်၊ ဒေါ်စုက မလွတ်လာသေးတော့ ကျမ်းကျိန်လွှာ ပါမသွားဘူးပေါ့လေ။ အခု ဒေါ်စုက အပြင်ရောက်နေတော့ ဥပဒေအရ လိုအပ်တဲ့ ကျမ်းကျိန်လွှာကို ဒီနေ့ လုပ်တာပါ။ လုပ်ပြီးတော့ အဲဒီနေ့ကြရင် တင်ပြပြီး အမှုကို ဆောင်ရွက်သွားမှာပေါ့။

“၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်အရ ဥပဒေအရ ခေါ်ပေးရမယ့် လွှတ်တော်ကို ခေါ်ပေးဖို့။ ဒီရွေးကောက်ပွဲရလဒ်ကို ပျက်အောင် ဒီလိုဖန်တီးတာကို တားမြစ်ပေးဖို့ပေါ့။ ပြီးတော့ ဥပဒေအရ ခေါ်ရမယ့် လွှတ်တော်ကိုလည်း ခေါ်ပေးဖို့ပေါ့၊ နှစ်ချက်ပေါ့။ ကျနော်တို့က ဥပဒေ ပြဋ္ဌာန်းချက် အတိုင်းကတော့ အစိုးရအဖွဲ့တခု အနေနဲ့ မလုပ်သင့် မလုပ်ထိုက်တာကို မလုပ်ဖို့၊ ဥပဒေနဲ့ မညီတဲ့ဟာကို မလုပ်ဖို့ပေါ့လေ။ ဥပဒေနဲ့အညီ လုပ်ရမယ့်ဟာလေးတွေ လုပ်ပေးဖို့၊ ဒါကိုပဲ ကျနော်တို့ တင်ပြမှာပါ။”

အခုဟာ တော်တော်လေး ရှုပ်ထွေးသွားတဲ့သဘော ဖြစ်သွားတာပေါ့၊ ရွေးကောက်ပွဲက ကြားထဲမှာ ကောက်လုပ်လိုက်တဲ့ အခါကြတော့။

“ဟုတ်ပါတယ်၊ အဲဒါကြောင့်လည်း ကျနော်တို့က Cause of Action ပေါ်လာတယ်ပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ ဒီအမှုကို စွဲဖို့အတွက် မှုခင်း အကြောင်းချင်းရာ ပေါ်လာတဲ့ သဘောပေါ့။ ရွေးကောက်ပွဲ ဒီလို လုပ်တဲ့အတွက်ကြောင့် ပထမ ရွေးကောက်ပွဲရဲ့ ရလဒ်ကို အကောင်အထည် မဖော်ရတဲ့ အတွက်ကြောင့်၊ ဒီဟာကို နောက်ရွေးကောက်ပွဲ လုပ်တဲ့အကြောင်းကြောင့် တင်တဲ့သဘောပေါ့။”

နိုဝင်ဘာလ ၁၈ ရက်နေ့ နေပြည်တော်မှာ ကြားနာမှာကတော့ ဒီအမှုကို လက်ခံမယ်၊ လက်မခံဘူး ဆိုတာပဲ ရှိသေးတယ်လို့ ဦးကျော်ဟိုးက ပြောပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်း တရားရုံးကတဆင့် NLD ရုံးချုပ်ကို ပြန်သွားပြီး အဲဒီမှာရှိနေတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ယူနိုင်ရေး ကိစ္စကို ဆွေးနွေးခဲ့တယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ဆက်ပြောပြပါတယ်။

“မကြာသေးမီကထွက်တဲ့ ကလေးမြို့ ကြေညာစာတမ်း ဒုတိယ ပင်လုံညီလာခံ ကျင်းပရေးဆိုတဲ့ အပေါ်မှာ သူတို့ရဲ့ ထောက်ခံတဲ့ သဘောထား အသီးသီးကို ပြည့်ပြည့်စုံစုံပဲ တင်ပြ ဆွေးနွေးကြပါတယ်။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည်က နားထောင်ပြီးတော့ သူလည်းပဲ ဒုတိယ ပင်လုံညီလာခံ ဆိုတာကို သဘောထား ရှိတဲ့အကြောင်း၊ သူကတော့ ဒီခေတ် ၂၁ ရာစုခေတ် ပိုပြီး ကျယ်ပြန့်ထက်မြက်လာတဲ့ နည်းပညာတွေနဲ့ ပိုပြီးတော့ အံဝင်ခွင်ကျဖြစ်မယ့် ညီလာခံမျိုးဖြစ်အောင် ကြိုးစားရမယ့်အကြောင်း ဆွေးနွေးပါတယ်။”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီနောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာခင် ပြည်လုံးကျွတ် NLD လူငယ် စည်းဝေးပွဲ ခေါ်ယူနိုင်ရေးအတွက် NLD လူငယ်ပိုင်းနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

XS
SM
MD
LG