သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံမှု NLD ထောက်ခံ


ဒေါ်စုနဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံမှု NLD ထောက်ခံ
ဒေါ်စုနဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံမှု NLD ထောက်ခံ

မြန်မာပြည်သူလူထု အကျိုးစီးပွားအတွက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရသစ်နဲ့ ဆက်ပြီး လက်တွဲ လုပ်ဆောင်သွားမယ်လို့ ဒီနေ့ တနင်္လာနေ့မှာ NLD က ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ပထမဦးဆုံးအကြိမ် သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့အပြီး ဒီနေ့ ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က အစီရင်ခံ တင်ပြခဲ့တာပါ။ ဒီလို တင်ပြပြီးတဲ့နောက် NLD ပါတီက အခုလို ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

သြဂုတ်လ ၁၉ ရက်နေ့ နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တနာရီလောက် တွေ့ဆုံ ဆွေးနွေးတာမှာ ပြည်သူလူထု အကျိုးစီးပွားအတွက် ပူးပေါင်း ဆောင်ရွက်နိုင်မယ့် ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးခဲ့တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ တနင်္လာနေ့မှာ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို အစီရင်ခံခဲ့ပါတယ်။ ပါတီ အလုပ်အမှုဆောင် အဖွဲ့က ဒေါ်အောင်ဆန်းစုကြည် သမ္မတနဲ့ သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ အချက်အလက်တွေပေါ် သဘောတူကြောင်း ဒီနေ့ပဲ ကြေညာချက် ထုတ်ပြန်ပါတယ်။

နေပြည်တော်ကို သွားရောက်ပြီး သမ္မတသစ် ဦးသိန်းစိန်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထု အကျိုးစီးပွားအတွက် အစိုးရသစ်နဲ့ ရှေ့ဆက်ပြီး ပူးပေါင်း ဆောင်ရွက်သွားဖို့နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ဆက်ပြီး ရှိနေတဲ့အကြောင်း ပါတီရဲ့ ပြန်ကြားရေးမှူး ဦးအုန်းကြိုင် ပြောပြတာကတော့…

“နိုင်ငံနဲ့ ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးရှိစေမယ့် ဘုံအကျိုးစီးပွားများနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာ၊ ပူးပေါင်းဆောင်ရွက်မယ် ဆိုတာကိုက တယောက်နဲ့တယောက် ဆက်လက်ပြီးတော့ လိုအပ်ရင်လည်း ဆွေးနွေးရမယ်၊ အတူလက်တွဲ လုပ်ရမယ် ဆိုတာတွေက ဖော်ပြပြီးသား ဖြစ်တယ်လို့ ကျနော် အဲဒီလိုပဲ ပြောချင်ပါတယ်။”

သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံ ဆွေးနွေးရာမှာ မတူညီတဲ့ သဘောထား အမြင်တွေကို ဘေးဖယ်ထားပြီး တူညီတဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် ကဏ္ဍတွေကို ဦးတည် ဆွေးနွေးခဲ့တယ်လို့ ပါတီရဲ့ ပြန်ကြားရေးဌာနက ပြောပေမဲ့ ဆွေးနွေးမှု အသေးစိတ်ကို ထုတ်ဖော် မပြောပါဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လုပ်ငန်းကဏ္ဍ ပေါင်းစုံမှာ အစိုးရသစ်နဲ့ ပူးပေါင်း လုပ်ဆောင်မှာ ဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။

“ကဏ္ဍအားလုံးပါပဲ၊ ဖော်ပြထားပါတယ်၊ နိုင်ငံနဲ့ ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးရှိစေမယ့် ဘုံအကျိုးစီးပွားဆိုတော့ ကဏ္ဍအားလုံးကို ရည်ညွှန်းဖော်ပြတာ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ လက်တွေ့ ဆောင်ရွက်စရာ လုပ်ငန်းတွေ ရှိနေသေးတဲ့ အတွက်ကြောင့် အခုအချိန်မှာ ကျနော်တို့ မပြောနိုင်သေးပါဘူး။ နောင် ကျနော်တို့ ပြောသင့်ပြောအပ်တဲ့ အချိန်ကျရင်တော့ ထုတ်ဖော် ပြောဆိုမှာ ဖြစ်ပါတယ်။”

အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံတဲ့အပေါ်မှာ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်တဲ့ ဦးဝင်းတင်ကတော့ အခုလို သုံးသပ် ပြောကြားပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် အစီရင်ခံတယ် ဆိုတာက တွေ့ဆုံ ဆွေးနွေးရတဲ့ အခြေအနေ ကောင်းမွန်တယ်ဆိုတဲ့ သဘောလောက်ပဲ အစီရင်ခံနိုင်ပါတယ်။ အပြည့်အစုံ လုပ်ရမယ့် ကိစ္စတွေ ရှိနေတော့ မပြောနိုင်သေးဘူးပေါ့။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန်က လူကိုယ်တိုင်ကို တွေ့ရတယ် ဆိုတဲ့အခါကြတော့ အခြေအနေကတော့ အများကြီး ဆက်ပြီးတော့ ကောင်းမွန်သွားမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ရှေ့လျှောက်ပြီးတော့လည်း နှစ်ဦးနှစ်ဘက် ဆက်ဆံရေးက အများကြီး ကောင်းသွားမယ်လို့ ယုံကြည်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံအပြီး နောက်တနေ့ သြဂုတ်လ ၂၀ ရက်နေ့မှာ စီးပွားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပြီး အသင်းအဖွဲ့ အသီးသီးက တင်ပြတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲရေးဆိုင်ရာ စာတမ်းတွေကို စိတ်ဝင်စားတဲ့ အကြောင်းနဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ရတဲ့ အတွက်လည်း ကျေနပ်အားရ ဖြစ်မိတယ်ဆိုပြီး ဒီနေ့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို အစီရင်ခံခဲ့ပါတယ်။

“စီးပွားရေးဖိုရမ်နဲ့ ပတ်သက်လို့ အခု ဒီမှာ ပြောတာကတော့ စီးပွားရေးဖိုရမ်မှာ စာတမ်းတွေကို သူ အချိန်ရသလောက် တက်ရောက်ပြီး နားထောင်ခဲ့တယ်။ စာတမ်းတွေက စိတ်ဝင်စားဖို့ ကောင်းပါတယ်လို့ ကျနော်တို့ကို အဲဒီလို ပြန်တင်ပြပါတယ်။ နောက်ပြီးတော့ အဲဒီမှာလည်း Coffee Break ပေါ့ဗျာ၊ အားလပ်ချိန် ခဏမှာ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနဲ့ တော်တော်လေးကို ရင်းရင်းနှီးနှီး ဆွေးနွေးပြောဆိုခဲ့တာတွေ ရှိပါတယ်တဲ့။ အဲဒါအတွက်လည်း သူ အလွန် ကျေနပ်ဝမ်းသာမှု ရှိပါတယ်လို့ ပြောပါတယ်။”

အစိုးရသစ် သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သြဂုတ်လ ၁၉ ရက်နေ့က နေပြည်တော် သမ္မတ ဧည့်ဂေဟာမှာ တနာရီလောက် တွေ့ဆုံဆွေးနွေးမှု အသေးစိတ်ကိုတော့ နှစ်ဘက်လုံးက ထုတ်ဖော် ပြောကြားခြင်း မရှိပေမဲ့ အကျိုးရှိတဲ့ ဆွေးနွေးမှု ဆိုပြီးတော့ နှစ်ဘက်စလုံးက ပြောဆိုကြပါတယ်။

XS
SM
MD
LG