သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန္တလေးတိုင်း NLD အဖွဲ့ဝင်တွေ ပြန်လည်စုစည်း


မန္တလေးတိုင်း NLD အဖွဲ့ဝင်တွေ ပြန်လည်စုစည်း
မန္တလေးတိုင်း NLD အဖွဲ့ဝင်တွေ ပြန်လည်စုစည်း

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်လည် လွတ်မြောက်လာပြီး နောက်ပိုင်း အရင်တုန်းက အကြောင်းအမျိုးမျိုးကြောင့် ပါတီလုပ်ငန်းတွေ မဆောင်ရွက်နိုင်ဘဲ ရပ်တန့်နေခဲ့တဲ့ မန္တလေးတိုင်း အတွင်းက NLD ပါတီ မြို့နယ်ရုံးတွေက လှုပ်ရှားမှုတွေ စတင်နိုင်ဖို့ ပြန်ပြီး ဆက်သွယ်လာခဲ့ကြတယ်၊ စိတ်ဓာတ်တွေ ပြန်လည် တက်ကြွလာတယ်လို့ မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

အခု ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးတဲ့နောက်မှာ ပါတီလုပ်ငန်းတွေ ပြန်လည် ဆောင်ရွက်လိုတယ် ဆိုပြီး မန္တလေးတိုင်းအတွင်းက မြို့နယ်တချို့က မန္တလေးတိုင်း NLD ရုံးကို ပြန်လည် ဆက်သွယ်လာကြတယ်လို့ မန္တလေးတိုင်း NLD ပြန်ကြားရေး တာဝန်ခံ ဦးမျိုးနိုင်က ပြောပါတယ်။

“မန္တလေးတိုင်းမှာ မြို့နယ် ၃၀ ရှိတယ်။ အဲဒီ မြို့နယ် ၃၀ မှာ တကယ်တမ်း အလုပ်လုပ်ပေးနိုင်တဲ့ မြို့နယ်က ၂၀ ဝန်းကျင်လောက်ပဲ ရှိတယ်။ ကျန်တဲ့မြို့နယ်တွေက အခု ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ အခါမှာ သူတို့လည်း အားဖြည့်လာတယ်၊ ပြီးတော့ သူတို့လည်း အလုပ် ပြန်လုပ်ချင်လာတယ်။ အဲဒီအပေါ်မှာ ကျနော်တို့ဆီကို ပြန်လည် ဆက်သွယ်လာတာတွေ ရှိတယ်။ ဥပမာ လယ်ဝေးမြို့နယ်လို၊ ကျောက်ဆည်မြို့နယ်လို ကျနော်တို့ လုံး၀ အဆက်အသွယ် ပြတ်နေတာ နှစ်ချီသွားပြီ။ အဲဒီကနေပြီးတော့ လူငယ်တွေကလည်း တော်တော်များများ ကျနော်တို့ကို ဖုန်းတွေနဲ့ ဆက်သွယ်လာတယ်။”

မန္တလေးတိုင်း NLD ကတော့ အခုလို မြို့နယ်ရုံးခွဲတွေက ပြန်ပြီး ဆက်သွယ်လာတဲ့အတွက် ပါတီလုပ်ငန်းတွေကို အရှိန်မြှင့် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီးနောက်ပိုင်း ကျနော်တို့ မြို့နယ်တွေကို ပြန်ပြီးတော့ နိုးထလာအောင်၊ ပြန်ပြီးတော့ ဆက်သွယ်ရေး လမ်းကြောင်းတွေ ပွင့်လာနိုင်အောင် ဒေါ်အောင်ဆန်းစုကြည် ဖော်ဆောင်မယ့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ကိစ္စတွေမှာ လူထုထဲအထိ စိမ့်ဝင်သွားနိုင်အောင် ကျနော်တို့ အဖွဲ့ဝင်တွေကတဆင့် စီးဆင်းနိုင်အောင် ဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်။”

ဒီကနေ့ပဲ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ နောက်ပိုင်း သူမ အန္တရာယ် ကင်းရှင်းဖို့နဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အားလုံး ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် မန္တလေးမြို့က မဟာဝိသုဒ္ဒာ ကျောင်းတိုက်က သက်တော်ရှည် ဝါဆို ဆရာတော်ကြီးထံမှာ အလှူအတန်း ပြုလုပ် ဆုတောင်းခဲ့ကြတယ်လို့လည်း ဦးမျိုးနိုင်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ဆက်လက်ဆောင်ရွက်မယ့် ဒီမိုကရေစီ အရေးနဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ နောက် ဒုတိယ ပင်လုံညီလာခံကိစ္စ အေးချမ်း ချောမွေ့စွာ ဆောင်ရွက်နိုင်ဖို့အတွက်နဲ့ လွတ်မြောက်ခြင်း အထိမ်းအမှတ်ကို အန္တရာယ်ကင်းအောင်၊ အေးအေးချမ်းချမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အသက်အန္တရာယ်ရော၊ ကျနော်တို့ လုပ်ကြမယ့် ဒီမိုကရေစီ ဘက်တော်သားတွေ အားလုံး အေးချမ်းစွာ ဆောင်ရွက်နိုင်အောင် ရည်ရွယ်ပြီး ပြောတဲ့အတွက် ဆရာတော်ကြီးကလည်း အဲဒါကို ထည့်မိန့်ပြီး ဟောပါတယ်။

“သီးခြားသဝဏ်လွှာကတော့ ဒေါ်အောင်ဆန်းစုကြည်ထံကို မြို့နယ်များက ပေးပို့တာတွေကို ပေးပို့နိုင်ခြင်း မရှိဘဲ ကျနော်တို့ တိုင်းကနေ အားလုံး စုစည်းပြီး လိုအပ်တဲ့ အချက်တွေကို ပေးပို့ဖို့ စီစဉ်ထားပါတယ်။”

ဒီဆုတောင်းပွဲမှာတော့ သံဃာအပါး ၁၀၀ ကို အရုဏ်ဆွမ်း ဆက်ကပ်ပါတယ်။ မန္တလေးတိုင်း အတွင်းက NLD ပါတီ စည်းရုံးရေးမှူးတွေ စုံစုံညီညီ တက်ရောက်ခဲ့ကြပြီးတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုအတွက် မြို့နယ်အသီးသီး၊ လူပုဂ္ဂိုလ် အသီးသီးက ပေးပို့တဲ့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာတွေကို စုပြီး အထိမ်းအမှတ်ပွဲလေး လုပ်ခဲ့ပါတယ်။

NLD မြို့နယ်ရုံးခွဲတွေကို နှစ်ပေါင်းများစွာ ပိတ်ထားခံခဲ့ရတာ၊ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရတာတွေကြောင့် နိုင်ငံတဝန်းက NLD ပါတီ ရုံးခွဲတွေ၊ ပါတီလုပ်ငန်းတွေ မလုပ်ဆောင်နိုင်ခဲ့ရာကနေ အခု ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာချိန်မှာ ပါတီလုပ်ငန်းတွေ ပြန်ပြီး လုပ်ဆောင်ဖို့ မန္တလေးတိုင်းအတွင်းက မြို့နယ်ရုံးတွေ ပြန်လည် စုစည်းမိလာတာ ဖြစ်ပါတယ်။

XS
SM
MD
LG