သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံအနာဂတ်၊ လူငယ်အခန်းကဏ္ဍ ဒေါ်စု ဆွေးနွေး


ဒေါ်အောင်ဆန်းစုကြည်နှင့် အထက်မြန်မာပြည် NLD လူငယ်အဖွဲ့ဝင်များ တွေ့ဆုံပွဲ ကျင်းပနေစဉ်။ ဇွန် ၂၈၊ ၂၀၁၁။
ဒေါ်အောင်ဆန်းစုကြည်နှင့် အထက်မြန်မာပြည် NLD လူငယ်အဖွဲ့ဝင်များ တွေ့ဆုံပွဲ ကျင်းပနေစဉ်။ ဇွန် ၂၈၊ ၂၀၁၁။

ဒီနေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ အထက်မြန်မာပြည် NLD လူငယ်အဖွဲ့တွေ တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုနဲ့ နိုင်ငံ့အာဏာ လွှဲယူလေ့ရှိတဲ့ နိုင်ငံရေး ယဉ်ကျေးမှုကို ပြောင်းလဲပစ်ဖို့ လူငယ်တွေကို တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာလာစေဖို့အတွက် အားကြီးတဲ့၊ အများစုဖြစ်တဲ့ ဗမာလူမျိုးစုတွေက လူနည်းစု တိုင်းရင်းသားတွေအပေါ် မေတ္တာပိုထားပြီး ပိုပြီး တာဝန်ယူဖို့ လိုအပ်တယ်လို့ ဒီနေ့ ဇွန်လ ၂၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အထက်မြန်မာနိုင်ငံက လူငယ်တွေနဲ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

အသက် ၃၅ နှစ်အောက်ကို လူငယ်လို့ ယေဘုယျ သတ်မှတ်ပြီး လူငယ်တွေနဲ့ တွေ့ဆုံပွဲ ကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က လူငယ်၊ လူကြီးလို့ သတ်မှတ်တဲ့အခါ အသက်နဲ့ဆိုင်သလား၊ အတွေးအခေါ်နဲ့ ဆိုင်သလားဆိုတဲ့ အယူအဆတွေအပြင် လူငယ်တွေ နောင်မှာ နိုင်ငံ့အနာဂတ်အတွက် ဘယ်လို အကောင်းဆုံး ပံ့ပိုးနိုင်မယ် ဆိုတာကို ဦးဆောင်ပြီး ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ ကာလကြာရှည်စွာ ကြိုးပမ်းခဲ့တာမို့ စိတ်မရှည်ဘဲ အကြမ်းဖက်တဲ့နည်းကို သုံးချင်စိတ် ပေါက်လာတဲ့ လူငယ်တွေအတွက် အကြမ်းဖက်မှုနဲ့ နိုင်ငံ့အာဏာ လွှဲယူလေ့ရှိတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ယဉ်ကျေးမှုကို ပြောင်းလဲပစ်ဖို့အတွက် လိုအပ်နေပြီလို့ ပြောကြားခဲ့ပါတယ်။

“အကြမ်းဖက်မှုကို ကျမ လက်မခံဘူးဆိုတာ နိုင်ငံရေး သဘောတရားအရ လက်မခံတာပါ။ ကျမတို့နိုင်ငံမှာ နိုင်ငံရေး ယဉ်ကျေးမှု ပြောင်းဖို့လိုလို့၊ အကြမ်းဖက်တဲ့နည်းနဲ့ အစိုးရ အပြောင်းအလဲလုပ်တာ၊ အကြမ်းဖက်တဲ့နည်းနဲ့ နိုင်ငံရဲ့ အာဏာကို လွှဲယူတာ၊ ဒီဟာတွေက အစဉ်အလာ ဖြစ်နေပြီ၊ ဒီနိုင်ငံမှာ။ ဒီအစဉ်အလာကို ကျမတို့က ပြောင်းလဲရမယ်ဆိုတဲ့ ခံယူချက်နဲ့ ကျမ အကြမ်းမဖက်တဲ့ လမ်းကြောင်းကို သွားတာပါ။”

အကြမ်းဖက်လာလို့ အမြဲမှားတယ်လို့ ပြောလို့မရပေမဲ့ မှန်တဲ့ဘက်က ရပ်ပြီး ခုခံတိုက်ခိုက်တဲ့ အခါမှာ လက်နက်ကိုင်ပြီး လုပ်ရင်တော့ အကြမ်းဖက်တာမို့ ရေရှည်မှာ အကျိုးရှိမရှိ စဉ်းစားသင့်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လူငယ်တွေအတွက် လူကြီးတွေက နေရာဖယ်ပေးဖို့ ပြောဆိုမှုတွေအတွက် မြန်မာနိုင်ငံ သမိုင်းမှာ နေရာယူတာနဲ့ ပတ်သက်ပြီး ဒုက္ခရောက်ပေါင်း များပြီမို့ လူကြီးတွေဆီကနေ နေရာကို ယူတာထက် တာဝန်တွေကို လွှဲယူတဲ့ အနေမျိုးနဲ့ စဉ်းစားသင့်ပါတယ်လို့လည်း အကြံပေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အရေးကြီးတာက ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားစေဖို့ဖြစ်ပြီး အများစုဖြစ်တဲ့ မြန်မာတွေက တခြား လူနည်းစု တိုင်းရင်းသားတွေထက် ပိုပြီး မေတ္တာထားဖို့ လိုသလို ပိုပြီး တာဝန်ရှိတယ်လို့လည်း ဆိုပါတယ်။

“ပိုပြီးတော့ အားရှိတဲ့လူက ပိုပြီးတော့ တာဝန်ရှိတယ်။ ဒီတာဝန်ကို သိရမယ်။ ပိုပြီးတော့ ဆင်ဆင်ခြင်ခြင်နဲ့ ကရုဏာနဲ့ စေတနာနဲ့ မေတ္တာနဲ့ နေနိုင်ရမယ်။ ဒါဟာ အားကြီးတဲ့ လူများရဲ့ ပထမတာဝန်လို့ ကျမ မြင်တယ်။ ကျမတို့နိုင်ငံမှာ ဒီလိုသာ ခေတ်အဆက်ဆက်က လုပ်ခဲ့တယ်ဆိုရင် အခု တိုင်းရင်းသား သွေးစည်းညီညွတ်ရေးဆိုတာ လုပ်နေဖို့ လိုမှာမဟုတ်ဘူး။ ရှိပြီးသား ဖြစ်နေမှာပဲ။ တိုင်းရင်းသားတွေ အပေါ်မှာ စေတနာနဲ့ နွေးထွေးမှု ရှိတယ်ဆိုတာ ကျမသိတယ်။

“ဒီ စေတနာနဲ့ နွေးထွေးမှုတွေကို ပိုပြီးတော့ ကြီးထွားလာအောင် ကျမတို့ဘက်မှာ၊ လူများစုဖြစ်တဲ့ ဗမာတွေဘက်မှာ တာဝန်ရှိတယ်ဆိုတာ အဲဒါတော့ စွဲစွဲမြဲမြဲ အားလုံးစိတ်ထဲမှာ ထားစေချင်တယ်။ ဒါမှ ကျမတို့ ပြည်ထောင်စုစိတ်ဓာတ် ဆိုတာကို ခိုင်မာအောင် လုပ်နိုင်မယ်။ ဒါမှ ကျမတို့ ညီညွတ်တဲ့ ပြည်ထောင်စုကြီးတခုကို ထူထောင်နိုင်မှာ ဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ လူငယ်တွေနဲ့ စီးပွားရေး၊ ပညာရေး၊ လူမှုရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပြီး ကိုလိုနီခေတ်ဟာ အခုခေတ်ထက် ပညာရေးစနစ် ကောင်းမွန်သလို လွတ်လပ်မှုရှိပြီး ပြင်ပဗဟုသုတ ပိုပြီး ရရှိနိုင်ပေမဲ့ အခု မြန်မာနိုင်ငံရဲ့ မျိုးဆက်သစ် လူငယ်တွေ အနေနဲ့ ပညာရေး၊ လူမှုရေး၊ စီးပွားရေးကအစ အစစ ချို့တဲ့နေတာကို ကြုံနေရတာမို့ တနိုင်တပိုင် ကိုယ့်အားကိုယ်ကိုးပြီး မျိုးဆက်သစ် လူငယ်တွေ ဖြစ်လာဖို့ မွေးမြူကြဖို့လည်း အကြံပေးခဲ့ပါတယ်။

လူငယ်တွေအနေနဲ့ လောကကြီးထဲ ကျင်လည်တဲ့အခါ အနိုင်နဲ့အရှုံးကို ဘယ်လိုလက်ခံရမယ် ဆိုတာကို ပြိုင်ပွဲတွေကနေ သင်ပေးတာမို့ ပြိုင်ပွဲတွေကို ဝင်ပြီးနွှဲတဲ့ အလေ့အကျင့်တွေ လုပ်ပေးဖို့ လိုတယ်လို့ ဆိုပါတယ်။

“ပြိုင်ပွဲဝင်တဲ့အခါမှာ အရေးကြီးဆုံး ကိစ္စတခုက နိုင်တတ်ရမယ်၊ ရှုံးတတ်ရမယ်။ နိုင်တတ်တယ်ဆိုတာ ကိုယ်နိုင်တဲ့အခါကျရင် ကိုယ်က စိတ်ဓာတ်နှိမ့်ချပြီးတော့ ယဉ်ယဉ်ကျေးကျေးနဲ့ အနိုင်ယူတတ်ရမယ်။ ရှုံးတဲ့အခါကျရင် ကိုယ်ကနေ သဘောထားကြီးကြီးနဲ့ အိန္ဒြေရှိရှိနဲ့ ကိုယ်ရှုံးတာကို လက်ခံနိုင်ရမယ်။ အရှုံးအနိုင်ကို မှန်မှန်ကန်ကန် လက်မခံနိုင်လို့ရှိရင် ဒီမိုကရေစီ ဘယ်တော့မှ မရနိုင်ဘူး။ ကျမတို့ ၁၉၉၀ ခုနှစ်တုန်းက အရှုံးကို မှန်မှန်ကန်ကန် လက်မခံနိုင်လို့ ကျမတို့ ဒီအခြေ ရောက်နေတာပဲ။”

အကြောက်တရားကို အရှုံးမပေးကြဖို့လည်း လူငယ်တွေကို ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့ပါတယ်။

“ကြောက်တယ်ဆိုရင်လည်း ဒါ ရှက်စရာ မဟုတ်ပါဘူး။ ဒီအကြောက်တရားကို အရှုံးပေးရင်တော့ ရှက်စရာ ဖြစ်လာတယ်။ အကြောက်တရားကိုတော့ အရှုံးမပေးပါနဲ့။ နောက်ပြီးတော့ အရှုံးပေးမိရင်လည်း စိတ်ဓာတ်မကျပါနဲ့။ ထပ်ပြီးတော့ ကြိုးစားပါ။ တခါ အရှုံးပေးမိလို့လည်း ပြီးသွားတာ မဟုတ်ဘူး၊ နှစ်ခါ အရှုံးပေးမိလို့လည်း ပြီးသွားတာ မဟုတ်ဘူး။

“ထပ်တလဲလဲ ထပ်တလဲလဲ၊ ဝီရိယဆိုတာ ထပ်တလဲလဲ ထပ်တလဲလဲ၊ ကျမလည်း ခဏခဏ ပြောဖူးပါတယ်၊ အဆင့်အမြင့်ဆုံး ဝီရိယဆိုတာ ရှုံးနိမ့်တဲ့ အခါမှာတောင်မှ လက်မလျှော့ဘဲနဲ့ ပြန်စပြီးတော့ ကြိုးစားတာ။ အဲဒီတော့ ကိုယ့်ကိုယ်ကို၊ ကိုယ့်အတွင်းစိတ်နဲ့ကိုယ် ရုန်းကန်တဲ့ နေရာမှာလည်း ဒီလိုပဲ ဖြစ်ရမယ်။ ဘယ်တော့မှ စိတ်ဓာတ်မကျပါနဲ့။ အထူးသဖြင့် လူငယ်တွေက အဲဒီအခွင့်အရေးရှိတယ်။”

အထူးသဖြင့် ဒီမိုကရေစီ လိုလားတဲ့ အစုအဖွဲ့တွေကြား တယောက်နဲ့တယောက် အားဖြည့်ပေးဖို့အတွက် ပညာသင်ပေးတာ၊ သွေးလှူတာတို့လို သူ့ကဏ္ဍအလိုက် ကွန်ရက်ကလေးတွေဖွဲ့ပြီး အဆက်အသွယ်ထား ညီညွတ်ကြဖို့လည်း ပြောဆိုခဲ့ပါတယ်။

“ကျမတို့ ကွန်ရက်ဖွဲ့တယ်ဆိုတာ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့နိုင်ငံမှာ ဒီမိုကရေစီ လိုလားတဲ့ အစုအဖွဲ့တွေ ကြားထဲမှာ ဆက်သွယ်မှု ရှိဖို့၊ ညီညွတ်မှုရှိဖို့၊ တဦးကိုတဦး အပြန်အလှန် အားပေးနိုင်ဖို့။ ဥပမာဆိုရင် တချို့ လူငယ်တွေ ပြောသွားတဲ့ အထဲမှာ ချို့တဲ့တဲ့ ကလေးတွေကို စာသင်တဲ့အခါမှာ အခက်အခဲတွေရှိတယ်၊ ဆရာတွေ မလုံလောက်ဘူး၊ တယောက်တည်းနဲ့ လုပ်ဖို့ကလည်း အင်မတန်မှ ခက်ခဲပါတယ် ဆိုပြီး ရှင်းပြသွားတာတွေ ရှိတယ်။ အဲဒီတော့ အဲဒါတွေက ကွန်ရက်ရဲ့ သဘောထားကို နားလည်လို့ရှိရင် ဒီလို ပြဿနာလေးတွေက အတိုင်းအတာ တခုအထိ ဖြေရှင်းနိုင်မယ်။”

လူငယ်တွေအနေနဲ့ အခုချိန်ဟာ တာဝန်တွေ ပိုပြီးယူရမယ့်အချိန် ရောက်လာပြီဖြစ်ပြီး ကိုယ့်ဘက်က ပေးဆပ်နိုင်တာကို ပေးဖို့၊ ဒီလို ပေးဆပ်နိုင်တာကို စဉ်းစားတဲ့အခါမှာ အရေးအကြီးဆုံးက ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို ကိုယ်တိုင် ဂဃနဏ သိထားဖို့ လိုအပ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

မနက်ဖြန် ဗုဒ္ဓဟူးနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်မြန်မာနိုင်ငံ တခွင်က လူငယ်တွေနဲ့ ဆက်ပြီး တွေ့ဆုံ ဆွေးနွေးဖို့ ရှိပါတယ်။

XS
SM
MD
LG