သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် မဲပေးဖို့ ငြင်းဆို


ဒေါ်အောင်ဆန်းစုကြည် မဲပေးဖို့ ငြင်းဆို
ဒေါ်အောင်ဆန်းစုကြည် မဲပေးဖို့ ငြင်းဆို

နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခွင့်ပြုတာဟာ စစ်အစိုးရက ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ လွဲချော်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြလိုက်သလို ရွေးကောက်ပွဲမှာ သူမဲပေးမှာ မဟုတ်ဘူးလို့လည်း သက်ဆိုင်ရာ အာဏာပိုင်တွေကို ပြောလိုက်တယ်လို့ သူ့ကို ဒီကနေ့ သွားတွေ့ခဲ့တဲ့ ရှေ့နေတွေကတဆင့် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိကြောင်း သက်ဆိုင်ရာ အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ လာရောက် အကြောင်းကြားစဉ် အခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ပြုတဲ့အကြောင်း မကြာသေးခင် ရက်ပိုင်းကပဲ နေအိမ်မှာ သွားရောက် အကြောင်းကြားခဲ့တဲ့ အာဏာပိုင်တွေကို ဒေါ်အောင်ဆန်းစုကြည်က ဒါဟာ ဥပဒေကြောင်းနဲ့ လွဲချော်နေတယ်လု့ိ ပြန်လည်ထောက်ပြခဲ့တာပါ။ ဒါကလည်း ပြီးခဲ့တဲ့ မတ်လက စစ်အစိုးရက ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေထဲမှာ ပြစ်ဒဏ်ကျခံနေရသူများဟာ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိသလို မဲပေးပိုင်ခွင့် မရှိကြောင်း ပြဋ္ဌာန်းထားတာမို့ အခု သူ့ကို မဲပေးခွင့် ပေးလိုက်တာဟာ ဥပဒေအရ ကြည့်မယ် ဆိုရင် လွဲချော်နေတယ်လို့ ပြောကြောင်း ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ သွားတွေ့ခဲ့တဲ့ ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။

“ထုတ်ပြန်တဲ့ ဥပဒေတွေထဲမှာ စကားရပ်တခု ပါတယ်။ ထောင်ဒဏ် ကျခံနေရသူ၊ အဲတော့ တရားရုံး တရုံးရုံးက ပြစ်ဒဏ် စီရင်ထားသူကို ဆိုလိုသည်တဲ့။ ထိုသူက အဲဒီ ချမှတ်တဲ့ ပြစ်ဒဏ်ကို မကျေနပ်လို့ အယူခံထားသူလည်း ပါဝင်သည်လို့ ဆိုတော့ ဒေါ်စုက အဲဒီအထဲ ပါနေတာပေါ့။ အခု အယူခံထားတာလည်း မကျေနပ်လို့ အယူခံထားတာ။ အဲတော့ သူက ထောင်ဒဏ်ကျခံနေရသူ ဆိုတဲ့ဘက်မှာ သွားပါတဲ့သဘော ဖြစ်နေတယ်။ ဒေါ်စုက သူ့မှာ Voting Right၊ မဲပေးပိုင်ခွင့် မရှိဘူးဆိုပြီးတော့ အဲဒါကို ရှင်းပြလိုက်တယ်။”

ဒါ့အပြင် နိုဝင်ဘာလ ၇ ရက်နေ့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို မဲမပေးဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားတဲ့ အမှုအပေါ် အထူးအယူခံလွှာကို လာမယ့် အောက်တိုဘာလ ၁၈ ရက်နေ့ တရားရုံးချုပ် ရန်ကုန်မှာ ကြားနာမှာမို့ ဒီအယူခံလွှာ ကိစ္စအတွက် ရှေ့နေတွေ ဖြစ်ကြတဲ့ ဦးကြည်ဝင်းနဲ့ ဦးဉာဏ်ဝင်းတို့ ၂ ဦး ဒီကနေ့ နေအိမ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့ခဲ့တာလည်း ဖြစ်ပါတယ်။

“အဓိကတော့ ကျနော်တို့ ပြင်ဆင်လာခဲ့ကြတာနဲ့ ရေးသား လျှောက်လဲချက်ကို ဒေါ်စုကို သွားပြတာ။ အဲတော့ သူကလည်း အဲဒီဟာကို ကျနော်တို့နဲ့ ဖတ်လည်း ဖတ်ကြည့်တယ်၊ ဆွေးနွေးလည်း ဆွေးနွေးတယ်။ ဆွေးနွေးပြီးတော့မှ အချက် လေးငါးချက်ပဲ ထပ်ပြီးတော့ ဖြည့်သင့်တယ်လို့ ပြောတယ်။ ဖြည့်ပေးစေချင်တယ်လို့ ပြောတယ်။ အဲတော့ အဲဒီ လေးငါးချက် ကျနော်တို့ဆီမှာ ပါတယ်။ ကျန်တဲ့ဟာတွေလည်း ရှင်းပြခဲ့တယ်။”

မနှစ် သြဂုတ်လ ၁၁ ရက်နေ့က ချမှတ်လိုက်တဲ့ ဒီပြစ်ဒဏ်အတွက် မူလ အင်းစိန်တရားရုံးမှာ ဝင်ခဲ့တဲ့ အယူခံကိုလည်း ပယ်ချခဲ့သလို ရန်ကုန်တိုင်း တရားရုံးမှာ မနှစ် စက်တင်ဘာ ၄ ရက်နေ့က တင်တဲ့ အယူခံလွှာကိုလည်း အောက်တိုဘာလ ၂ ရက်နေ့မှာ ပလပ်ခဲ့ဖူးတာမို့ ၂ ကြိမ်ထိ လက်မခံဘဲ ရှိထားခဲ့ပြီး အခုတော့ တရားရုံးချုပ်မှာ အထူးအယူခံလွှာ လက်ခံ မခံ ကြားနာမှာလည်း ဖြစ်ပါတယ်။

ဒါဟာလည်း စစ်အစိုးရက ၁၉၇၄ အခြေခံဥပဒေကို ၂၀၀၈ အခြေခံဥပဒေနဲ့ အစားထိုးခဲ့တယ်လို့ ကြေညာထားပြီးကာမှ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုရာမှာ အခြေခံဥပဒေဟောင်းကို အသုံးပြုထားတာ ဖြစ်တယ်လို့ ဦးကြည်ဝင်းက ထောက်ပြပါတယ်။

“အင်မတန် အရေးကြီးတဲ့အချက်၊ ၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေက ၈၈ ခုနှစ်က ရပ်ဆိုင်းသွားတယ် ဆိုတာကို ရန်ကုန်တိုင်း တရားသူကြီးက အမိန့်ချခဲ့တယ်။ အဲဒါက ကျနော်တို့ရဲ့ အမြတ်၊ အောင်ပွဲ၊ အဲလို ပြောနိုင်တယ်။ သို့သော် တရားသူကြီးက အဲဒီနေရာလေးမှာ အဲဒီလမ်းကြောင်းပေါ် ရောက်ပြီးကာမှ ပြန်ပြီးတော့ ဂကွေ့ ကွေ့ပြီးတော့ ၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပုဒ်မ ၅ ခုနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူလ အခွင့်အရေးတွေပေါ့ဗျာ၊ Fundamental Rights တွေ ကန့်သတ်တာပေါ့။ လှည့်ပတ်ပြီး ထွက်သွားတာ။”

ရှေ့နေ ဦးကြည်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထူးအယူခံအတွက် လိုအပ်တာတွေကို ထပ်မံဖြည့်စွက်ပြီးရင် အမှုကို ကြားနာမယ့် အောက်တိုဘာ ၁၈ ရက် မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထပ်မံတွေ့ဆုံဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

XS
SM
MD
LG