သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆန္ဒရှင်စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည် မပါဝင်


စစ်အစိုးရက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ဆန္ဒမဲ ပေးပိုင်ခွင့် ပိတ်ပင်လိုက်ပါတယ်။ ဒီနေ့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်တဲ့ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်နာမည် မပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ ဗဟန်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးက မဲပေးခွင့်စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်နာမည် မပါဘူးလို့ ရန်ကုန်ကလာတဲ့ AP သတင်းမှာ ဖော်ပြခဲ့ပါတယ်။ စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေမှာ သာသနာ့ဝန်ထမ်း၊ ထောင်ဒဏ် ကျခံနေရသူ၊ စိတ်ပေါ့သွပ်နေသူလို့ သတ်မှတ်ခံရသူ၊ လူမွဲ ကြေညာခံထားရခြင်းမှ မလွတ်မြောက်သေးသူ၊ ရွေးကောက်တင်မြှောက်ခြင်း ဆိုင်ရာ ဥပဒေအရ တားမြစ်ခံရသူ၊ နိုင်ငံခြားသား၊ နိုင်ငံခြားသားအဖြစ် ခံယူထားသူများကို ဆန္ဒမဲ ပေးပိုင်ခွင့်မပြု ဆိုပြီး ပိတ်ပင်ထားတာပါ။

NLD ပြောရေးဆိုခွင့် ရှိသူလည်းဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေလည်းဖြစ်သူ ဦးဉာဏ်ဝင်းကတော့ စစ်အစိုးရရဲ့ အခုလုပ်ရပ်တွေကို လက်ခံတာ မဟုတ်ပေမဲ့ လက်ရှိ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေအရ မဲပေးခွင့် မရှိတာဖြစ်လို့ ဥပဒေကြောင်းအရ ဘာမှ ပြောစရာမရှိဘူးလို့ ဆိုပါတယ်။

“အကျဉ်းကျနေတဲ့ ပုဂ္ဂိုလ်တွေက လက်ရှိ ဥပဒေအရ မဲပေးပိုင်ခွင့် မရှိပါဘူး။ လက်ခံတယ် မဟုတ်ဘူး၊ ကျနော်တို့ ဥပဒေအရ ဖြစ်တာကို ဘာမှ ပြောစရာ မရှိဘူးလို့ ပြောချင်တာပါ။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမည် မဲဆန္ဒရှင် စာရင်းထဲ မပါဝင်ဘူး ဆိုတာနဲ့ ပတ်သက်လို့ နေပြည်တော်ရှိ ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့ အတိအကျ ဖြေကြားပေးခြင်း မရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့နှစ် သြဂုတ်လက စပြီး သူမနေအိမ်ထဲ အမေရိကန်နိုင်ငံသား ဂျွန် ဝီလီယံ ယက်တော ရေကူး ဝင်ရောက်ခဲ့တဲ့အတွက် ထောင်ဒဏ် ၁၈ လ ထပ်မံ ကျခံထားရပါတယ်။ ရွေးကောက်ပွဲအပြီး တပတ်အကြာမှသာ နေအိမ်အကျယ်ချုပ်က လွတ်ရက်စေ့မှာ ဖြစ်ပါတယ်။ သူမနဲ့အတူ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်ခင်ခင်ဝင်းနဲ့ ဒေါ်ဝင်းမမတို့လည်း ရွေးကောက်ပွဲမှာ မဲပေးခွင့် မရဘူးလို့ သိရပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရရဲ့ မတရားတဲ့ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပါတီကို ပြန်မှတ်ပုံတင်ဖို့တောင် မစဉ်းစားဘူးလို့ ယတိပြတ် ပြောကြားထားပြီးတော့ NLD ပါတီကလည်း ရွေးကောက်ပွဲကို သပိတ်မှောက်ထားပါတယ်။ NLD ကို ထောက်ခံတဲ့ လူထုအနေနဲ့လည်း ရွေးကောက်ပွဲမှာ မဲမပေးဘဲ နေနိုင်ခွင့် ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားပါတယ်။

XS
SM
MD
LG