သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NY ရောက်မြန်မာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ စနေနေ့က နယူးယောက်မြို့မှာ မြန်မာနိုင်ငံသားတွေ၊ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ စနေနေ့က နယူးယောက်မြို့မှာ မြန်မာနိုင်ငံသားတွေ၊ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ၁၇ ရက်ကြာ အမေရိကန် ပြည်ထောင်စု ခရီးစဉ်ရဲ့ ဒုတိယ ခရီးတထောက် အဖြစ် နယူးယောက်မြို့ကို ရောက်နေစဉ်မှာ စက်တင်ဘာလ ၂၁ ရက်နေ့ကတော့ နယူးယောက်နဲ့ ရပ်ဝေး ရပ်နီးက မြန်မာနိုင်ငံဖွား တိုင်းရင်းသားတွေနဲ့ Queens College မှာ တွေ့ဆုံခဲ့ပါတယ်။ လူအင်အား သုံးထောင်လောက် တက်ရောက်ကြတဲ့ ဒီပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ကိုးကွယ်ကြသူတွေ နေထိုင်ရာနိုင်ငံ ဖြစ်တာကြောင့် ဒီလို မတူကွဲပြား ခြားနားမှုတွေကို အင်အားအဖြစ် ပေါင်းစည်းပြီး အားလုံး စည်းလုံးညီညွတ်ကြဖို့ နဲ့ နိုင်ငံ ပြန်လည် ထူထောင်ရေးမှာ ပြည်ပရောက် မြန်မာနိုင်ငံဖွား တိုင်းရင်းသားတွေ တတ်နိုင်တဲ့ ကဏ္ဍတွေကနေ ပါဝင် ကူညီဆောင်ရွက်ဖို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။ အပြည့်စုံကိုတော့ နယူးယောက်မြို့ကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ဦးရော်နီညိမ်းက တင်ပြထားပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ စနေနေ့က နယူးယောက်မြို့က Queens College မှာ နယူးယောက်မြို့နဲ့ ရပ်ဝေး ရပ်နီးက မြန်မာနိုင်ငံသားတွေ၊ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံက တိုင်းရင်းသားအရေးနဲ့ ဘာသာမတူသူတွေ အကြား ပဋိပက္ခတွေနဲ့ ပတ်သက်လို့ အထူးဂရုပြုပြီး အခုလို ပြောကြားသွားခဲ့ပါတယ်။

“နှစ်ဘက်စလုံးမှာ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် ဆိုတာ ထားလိုက်ဦး။ တဘက်ကို ပြင်းပြင်းထန်ထန် ပြောရင် ဟိုတဘက်က ကျေနပ်မှာ မဟုတ်ဘူး၊ မကျေနပ်တာ ကျမကို မကျေနပ်တာ ပြောတာ မဟုတ်ဘူး။ ဟိုဘက်ကို မကျေနပ်တာ ပြောတာ။ အဲဒီတော့ အချင်းချင်း ပဋိပက္ခတွေဟာ ပိုပြီးတော့ ကြီးသွားနိုင်တယ်။ အဲဒီတော့ ကျမကနေပြီးတော့ ပြင်းပြင်း ထန်ထန် ဝေဖန်ပြောလို့ မကျေနပ်ရင် မကျေနပ်တာ ရတယ်။ ဒါပေမဲ့ ဒီပဋိပက္ခတွေ ပိုပြီးတော့ ကြီးထွားသွားမယ့် ကိစ္စမျိုးကိုတော့ ကျမ မလုပ်နိုင်ဘူး။ အခြေခံအားဖြင့် ကျမ ဘက်ကနေပြီးတော့ ပြင်းပြင်းထန်ထန် ပြောရမယ်ဆိုရင် ဘာ ပြင်းပြင်းထန်ထန် ပြောရမလဲ။ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုရင်တော့ ကျမ ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ ကျမ ပြောပါရစေ။”

ပြဿနာကို မီးမွေးတဲ့အလုပ်ကို မစဉ်းစားဘဲနဲ့ ပြဿနာကို ဘယ်လို ဖြေရှင်းသင့်တယ် ဆိုတာကိုပဲ စဉ်းစားသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ဆိုခဲ့ပါတယ်။

“ကျမတို့ အားလုံး ဝိုင်း စဉ်းစားရမှာက ဒီပဋိပက္ခတွေ ငြိမ်းအေးသွားအောင် ဘယ်လို လုပ်မလဲ ဆိုတာကို စဉ်းစားရမှာပါ။ ဘာကြောင့် ဆိုတဲ့ ဇစ်မြစ်ကို သွားရမယ်။ ပြဿနာတခုကို ဖြေရှင်းဖို့ဆိုရင် ဒီပြဿနာရဲ့ ဇစ်မြစ်ဟာ ဘာလဲ ဆိုတာကို သေချာ စဉ်းစားရမယ်။ လေ့လာရမယ်။ အဲဒီ ပြဿနာရဲ့ ဇစ်မြစ်ကို လေ့လာပြီးတော့ တွေ့ရှိမှ ဒီပြဿနာကို ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့်မိုလို့ ပြဿနာကို ကိုင်တွယ်တဲ့နေရာမှာ ခေါင်းအေးအေးနဲ့ ကိုင်တွယ်ဖို့ လိုပါတယ်။ ပြဿနာဖြစ်နေတဲ့ နေရာတွေမှာ ပဋိပက္ခ ဖြစ်နေတဲ့ နေရာတွေမှာ တယောက်နဲ့တယောက် လက်ညှိုးထိုးတာ၊ ဟိုဘက် လက်ညှိုးထိုးတာ၊ ဒီဘက် လက်ညှိုးထိုးတာ၊ အဲဒါတွေကို လုပ်မယ့်အစား တကယ့် ပြဿနာက ဘာလဲ။ တချိန်မှာ တဘက်က လွန်မယ်၊ တချိန်မှာ နောက်တဘက်က လွန်မယ်။ တဘက်တည်းက အမြဲပဲ လွန်နေတယ် ဆိုတာ ရှိခဲပါတယ်။ အဲဒါကြောင့်မိုလို့ သေသေချာချာ ပြဿနာကို ကြည့်ပြီးတော့ ဘယ်လို ဖြေရှင်းရမလဲ ဆိုတဲ့ အဖြေကို ရှာရမှာပါ။”

ပြည်ထောင်စု မြန်မာနိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံနဲ့ ဘာသာပေါင်းစုံကို ကိုးကွယ်ကြသူတွေ နေထိုင်ရာ ဒေသဖြစ်တယ် ဆိုတဲ့အချက်ကို သတိထားဖို့ ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုသွားခဲ့ပါတယ်။

“ကျမတို့နိုင်ငံက ပြည်ထောင်စု ဖြစ်တယ်။ ပြည်ထောင်စု ဆိုတာ တိုင်းရင်းသားမျိုးစုံနဲ့ ဖွဲ့စည်းထားတဲ့ အင်အားစု၊ ဒီလို မတူတဲ့ ယဉ်ကျေးမှုတွေ၊ မတူတဲ့ ဘာသာစကားတွေ၊ မတူတဲ့ ကိုးကွယ်တဲ့ဘာသာတွေ၊ အားလုံးနဲ့ စုပြီးတော့ ဖွဲ့ထားတဲ့ ပြည်ထောင်စု ဆိုတာ မတူကွဲပြားမှုတွေ ကြောင့်ကို သူ့မှာ အင်အားရှိတယ်။ ကျမတို့သာ နေတတ်မယ်၊ ထိုင်တတ်မယ်၊ စဉ်းစားတတ်မယ်ဆိုရင် ကျမတို့ အချင်းချင်း မတူ ကွဲပြားမှုများ ရှိခြင်းကိုက ကျမတို့ရဲ့ ကြွယ်ဝမှုပဲလို့ ကျမကတော့ ဒီလိုပဲ မြင်ချင်ပါတယ်။”

ဒီပွဲကို တက်ရောက်လာကြတဲ့ ရပ်ဝေးရပ်နီး မြန်မာနိုင်ငံသားတွေ ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရတဲ့အတွက် သူတို့ရဲ့ ခံစားချက် ထင်မြင်ချက်တွေကို အခုလို ပြောဆိုသွားခဲ့ပါတယ်။

“သူပြောသွားတာတွေထဲက ကျနော် အကြိုက်ဆုံးက ကိုယ့်တိုင်းပြည်က ကိုယ့် အတွက် ဘာလုပ်ပေးနိုင်လဲ လို့ မေးတာထက်စာရင် ကိုယ်က ဘာလုပ်ပေးနိုင်တယ် ဆိုတာကို ကိုယ့်ကိုယ်ကို ပြန်မေးဖို့ အရေးကြီးတယ် ဆိုတာကို၊ အဲဒီစကားကို ကျနော် အရမ်းသဘောကျတယ်။ အဲဒါ ကျနော်တို့ အကုန်လုံး လုပ်သင့်တယ်လို့ ယူဆပါတယ်။ မြန်မာနိုင်ငံကနေ လာတဲ့လူတွေ အတွက် ကျနော်တို့ နိုင်ငံအတွက် ကျနော်တို့ တခုခုတော့ ပြန်လုပ်ပေးသင့်တယ်လို့၊ လူတိုင်းမှာ တာဝန်ရှိတယ်လို့ ကျနော် ယူဆတယ်။”

“ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့အထဲက နိုင်ငံရေး လုပ်စားဖို့ မဟုတ်ဘူးဆိုတာကို အကြိုက်ဆုံးပဲ။”

ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာနိုင်ငံသားတွေ၊ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံပွဲကို တက်ရောက်လာကြသူတွေဟာ သုံးထောင်ကျော် လေးထောင် နီးပါးလောက် ရှိပြီး နယူးယောက်နဲ့ အနီးတဝိုက်တင် မက ရပ်ဝေးဖြစ်တဲ့ ဘက်ဖလိုး၊ ယူတီကာ၊ အီတာကာ စတဲ့ နယူးယောက် အထက်ပိုင်း ပြည်နယ်က လာကြတဲ့သူတွေ၊ တောင်ပိုင်းမှာရှိတဲ့ ဖလော်ရီဒါ နဲ့ တက်ခ်ဆက် ပြည်နယ်က လာကြသူတွေလည်း ဒီပွဲမှာ ရောက်ရှိလာကြပါတယ်။

နယူးယောက်မြို့က တိုင်းရင်းသား တွေနဲ့ တွေ့ဆုံပြီးနောက်ပိုင်းမှာတော့ မွန်းလွဲပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုလံဘီယာ တက္ကသိုလ်ကို သွားရောက်ပြီး တက္ကသိုလ် ကျောင်းသူကျောင်းသားတွေနဲ့ တွေ့ဆုံပြီး သြဝါဒစကား ပြောကြားတာ၊ ကျောင်းသားတွေ နဲ့ အမေးအဖြေ လုပ်တာတွေကို ပြုလုပ်ခဲ့ပါတယ်။ အကြောက်တရားနဲ့ အမုန်းတရားဟာ သိပ်ပြီး နီးကပ်နေတာကြောင့် အကြောက်တရားကြောင့် အမုန်းတရား ဖြစ်ပေါ်လာတယ် ဆိုတဲ့အချက်ကို ဒေါ်အောင်ဆန်းစုကြည်က ကိုလံဘီယာ တက္ကသိုလ် ကျောင်းသူကျောင်းသားတွေကို အထူး ဂရုပြု ပြောဆိုသွားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ ၂၂ ရက်နေ့မှာ သူ့ရဲ့ အမေရိကန် ပြည်ထောင်စု ၁၇ ရက်ကြာ ခရီးစဉ် ဒုတိယ ခရီးတထောက် ဖြစ်တဲ့ နယူးယောက်မြို့မှာ ဒုတိယနေ့ အဖြစ် မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံတာ၊ အမေရိကန် တက္ကသိုလ်နှစ်ခု က ကျောင်းသူကျောင်းသားတွေနဲ့ တွေ့ဆုံတာတွေကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ စက်တင်ဘာ ၂၃ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ
တတိယ ခရီးတထောက် အဖြစ် Kentucky ပြည်နယ်က Louisvilleမြို့ကို
သွားရောက်မှာ ဖြစ်ပါတယ်။
XS
SM
MD
LG