သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရနဲ့ တိုင်းရင်းသားကြား ပဋိပက္ခ ဖြေရှင်းရေး ဒေါ်စု ကူညီရန် အသင့်ရှိ


အစိုးရနဲ့ တိုင်းရင်းသားကြား ပဋိပက္ခ ဖြေရှင်းရေး ဒေါ်စု ကူညီရန် အသင့်ရှိ
အစိုးရနဲ့ တိုင်းရင်းသားကြား ပဋိပက္ခ ဖြေရှင်းရေး ဒေါ်စု ကူညီရန် အသင့်ရှိ

တိုင်းရင်းသား ဒေသတွေမှာ အစိုးရတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတာကြောင့် အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ပံ့ပိုးဖို့အတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကိုယ်စွမ်းရှိသ၍ ပါဝင် ကြိုးပမ်းပေးဖို့ အဆင်သင့် ရှိတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ ဒီနေ့ သမ္မတ ဦးသိန်းစိန်ဆီ ပေးပို့ခဲ့တဲ့ အိတ်ဖွင့်ပေးစာထဲမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီပြောဆိုချက်နဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တသဘောတည်း အတူတူရှိတဲ့အကြောင်း တုံ့ပြန်ခဲ့ကြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းစစ်မီး ငြိမ်းအေးစေဖို့ ကြိုးပမ်းတဲ့ အနေနဲ့ အစိုးရသစ် အဖွဲ့က သမ္မတ ဦးသိန်းစိန်နဲ့တကွ KIO ကချင်လွတ်မြောက်ရေးအဖွဲ့၊ KNU ကရင်အမျိုးသား အစည်းအရုံး၊ NMSP မွန်ပြည်သစ်ပါတီနဲ့ SSA ရှမ်းပြည်တပ်မတော်တွေဆီကို အိတ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင်ပါဝင် ဆောင်ရွက်ပေးချင်တဲ့ စေတနာနဲ့ အိတ်ဖွင့်ပေးစာတစောင် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို အမြန်ဆုံး ရပ်ဆိုင်းဖို့၊ ပြဿနာကို တွေ့ဆုံဆွေးနွေးပြီး အဖြေရှာကြဖို့ အနူးအညွတ် တိုက်တွန်းထားပါတယ်။”

အိတ်ဖွင့်ပေးစာထဲမှာ ဒေါ်အောင်ဆန်းစုကြည်က အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ပံ့ပိုးဖို့အတွက် ကိုယ်စွမ်းရှိသမျှ ကြိုးပမ်းဖို့ အသင့်ရှိပါတယ်လို့ ပြောတယ်။ ဘယ်လိုပုံစံနဲ့ ကြိုးပမ်းဖို့ အစီအစဉ် ရှိပါသလဲ။

“ပါဝင် ဆောင်ရွက်ချင်တဲ့ စေတနာ အရင်းခံနဲ့ ထက်သန်နေတဲ့ စေတနာကို ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ ဘယ်လိုဆောင်ရွက်မလဲ ဆိုတာကတော့ ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ်မှာ မူတည်မှာ ဖြစ်ပါတယ်။”

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ ၄ ဖွဲ့အနေနဲ့ ဆက်သွယ်ချင်ရင် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုဆက်သွယ်လို့ ရပါမလဲ။

“အထွေထွေ အတွင်းရေးမှူးကတော့ အဲဒီ အဖွဲ့အစည်းတွေက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ ခေါင်းဆောင်တွေကို တွေ့ချင်တာပါပဲတဲ့။ ဒါပေမဲ့ အခုအခြေအနေကတော့ဗျာ ကျနော်တို့က တရားဝင် လက်ခံတွေ့ဆုံဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်မလဲ။ အခြေအနေက အဲဒီလို ရှိပါတယ်။ အဲဒီတော့ အခြေအနေတွေက ပေးလာလို့ တွေ့ဆုံဆွေးနွေးခွင့်ရမယ် ဆိုရင်တော့ ဝမ်းမြောက်ဝမ်းသာ တွေ့ချင်ပါတယ်လို့ အဲဒီလို ပြောပါတယ်။ ဒေါ်စု စေတနာအမှန်ကို ဖော်ပြတာပါ။”

ကရင်ပြည်သူတွေအတွက် ရာစုနှစ် တဝက်ကျော် လက်နက်ကိုင် တိုက်ခိုက်နေတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) တာဝန်ခံ ဒေါ်နော်စီဖိုးရာစိန်ကတော့ ဒီလို လက်နက်ကိုင်ပြီး တိုက်ခိုက်နေကြပေမဲ့ KNU က တိုက်ခိုက်မှုတွေဟာ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့သဘော ဖြစ်တယ်လို့ ပြောကြားခဲ့သလို ငြိမ်းချမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆန္ဒနဲ့ တထပ်တည်း ရှိတယ်လို့ ဆိုပါတယ်။

“သူ့သဘောထားက ကျမတို့နဲ့ ထပ်တူထပ်မျှ ရှိနေပါတယ်။ ကျမတို့ ဗမာပြည် နိုင်ငံရေး ပြဿနာက စစ်ရေးနဲ့ ဖြေရှင်းနိုင်တာ မဟုတ်ဘူး၊ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမှ ငြိမ်းချမ်းရေး ရနိုင်မယ်ဆိုတဲ့ သူ့ရဲ့ သဘောထားကို ကျမတို့ ကြိုဆိုတယ်။ ကျမတို့က လက်ခံထားမယ်၊ ပြီးတော့ ဗမာပြည်ရဲ့ နိုင်ငံရေး ပြဿနာကိုတော့ ဒီလို ဝိုင်းဝန်းပြီးတော့ တာဝန်ယူဖို့ အရေးကြီးတယ်။ ပြီးတော့ ပြည်သူလူထုတွေကလည်း ပါဝင်ဖို့အတွက် ကျမ ပြောချင်ပါတယ်။”

ကရင်ပြည်နယ်ထဲမှာတင် မကဘဲ ၁၉၉၄ ခုနှစ်ကတည်းက ငြိမ်းချမ်းရေး ရယူထားတဲ့ ကချင်လက်နက်ကိုင် အဖွဲ့နဲ့လည်း မကြာခင် လတွေအတွင်း ပစ်ခတ် တိုက်ခိုက်မှုတွေ ရှိလာခဲ့တာမို့ တိုင်းရင်းသား ဒေသခံတွေ ဒုက္ခမျိုးစုံ ကြုံနေရတာပါ။ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ရဲ့ ဒုတိယ နိုင်ငံခြားရေး တာဝန်ခံ ဗိုလ်မှူးကြီး ဂျိမ်းစ်လွန်ဒေါင်းကတော့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်နိုင်ဖို့အတွက် အပစ်အခတ် ရပ်စဲရေးကို စပြီးလုပ်ဖို့ လိုအပ်သလို အခုလို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပါဝင်လာတာဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ဖို့အတွက် လမ်းစပါလို့ ဆိုပါတယ်။

“ငြိမ်းချမ်းရေးအဆင့်ကိုတော့ မပြောပါနဲ့ဦး၊ နံပါတ်တစ် အပစ်အခတ် ရပ်စဲထားရမယ်၊ အပစ်အခတ် ရပ်စဲပြီးမှ ငြိမ်းချမ်းရေးကို ပြန်ပြီး ဆွေးနွေးမှာ ဖြစ်တယ်။ အဲဒီ ငြိမ်းချမ်းရေး ရမှသာလျှင် နိုင်ငံရေးအရ အစစအရာရာ တဆင့်ပြီးတဆင့် ဆွေးနွေးသွားဖို့ ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းကသာ မကဘဲ ပြည်ပကနဲ့ လူတကာက ဝိုင်းပြီးတော့ သူ့ကို အားထားကြတယ်။ အဲဒီလို ပုဂ္ဂိုလ်ဟာ ဒီလိုပါဝင်တယ်ဆိုရင် ပြည်တွင်းရေးသာမက ပြည်ပကပါ အာရုံစူးစိုက်မှုကို ဆွဲယူနိုင်လိမ့်မယ်။ အဲဒီအခါမှာ ကျနော်တို့အားလုံး သဘောထား ကြီးစွာနဲ့ ဝိုင်းလုပ်ကြမယ်ဆိုရင် ဒီလုပ်ငန်းက အောင်မြင်နိုင်တယ်။”

ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုတွေ လုပ်မယ်ဆိုရင် တိုင်းရင်းသား အဖွဲ့အစည်း တဖွဲ့ချင်းစီ မဟုတ်ဘဲ မြန်မာနိုင်ငံထဲက တိုင်းရင်းသားအားလုံး ပါဝင်ပြီး NLD နဲ့ အစိုးရ အာဏာပိုင် ၃ ဖွဲ့စလုံး ပါဝင်ပြီး ဆွေးနွေးဖို့ လိုအပ်တယ်လို့လည်း KNU အဖွဲ့ တာဝန်ခံ ဒေါ်နော်စီဖိုးရာစိန်က ပြောပါတယ်။

XS
SM
MD
LG