၁၉၉၁ ခုနှစ်က ရရှိထားတဲ့ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ အခမ်းအနားကို အခု အသံလွှင့်နေတဲ့ အချိန်မှာ ကျင်းပနေတာ အခု သတင်း မဖတ်ခင်ကလေးမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်း ပြီးသွားပါတယ်။
နော်ဝေး ဆုရေးပေး ကော်မတီက ပြုလုပ်တဲ့ အခမ်းအနားမှာ သူပြောခဲ့တဲ့ မိန့်ခွန်းမှာ ဒီ ငြိမ်းချမ်းရေးဆုကို သူ ဘယ်လို ရတယ်ဆိုတာကို ရေဒီယိုကနေ ကြားခဲ့ရတဲ့အကြောင်း၊ အဲဒီအချိန်မှာ သူ နေအိမ်အကျယ်ချုပ် ကျနေရတဲ့ အချိန်ဖြစ်လို့ လက်တွေ့ကမ္ဘာမှာ သူမရှိနေဘူးလို့ ခံစားနေရတဲ့ အချိန်မှာ ဒီဆုရတဲ့အတွက် သူဟာ လက်တွေ့ကမ္ဘာ ပြန်ရောက်လာတယ်လို့ ခံစားရတဲ့ အကြောင်းတွေကို ဒေါ်အောင်ဆန်းစုကြည်က
ပြောပါတယ်။
ဒီ နိုဘဲလ်ငြိမ်းချမ်းရေး ဆုကြီးကြောင့်မို့လို့ ဒီကမ္ဘာက မမေ့ဘူးဆိုတာကို ပိုပြီးတော့ သဘော ပေါက်လာတာကို တွေ့ရတယ်၊ သူ့အတွက် နိုဘဲလ် ငြိမ်းချမ်းရေးဆု ရရှိတာဟာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးအတွက် ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နိုင်ဖို့ ဖြစ်တယ်ဆိုတာ လက်ခံတဲ့ အကြောင်းတွေကို
ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒီဆုအတွက်ကြောင့် မို့လို့လဲ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆောင်ရွက်မှုတွေဟာ နယ်ပယ် ကျယ်ပြန့်လာတယ် ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလေးတင် ပြီးဆုံးသွားတဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားသွားပါတယ်။ လူသားတိုင်း လွှတ်လပ်မှုနဲ့ အခွင့်အရေးတွေကို ခံစားသင့်တဲ့ အကြောင်းတွေကို၊ လူသားတိုင်း တရားဥပဒေရဲ့ အကာအကွယ်ကို ရသင့်တယ် ဆိုတဲ့ အကြောင်း တွေကိုလည်း မိန့်ခွန်းထဲမှာ ပြောပါတယ်။
မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေဟာ ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့သူတွေရဲ့ ကြိုးပမ်းမှု ဆိုတာကိုလည်း သူက ကျေးဇူးတင်စကား ပြောပါတယ်။ မြန်မာနိုင်ငံမှာ သူကိုယ်တိုင် နိုင်ငံရေး အကျဉ်းသားတယောက် အနေနဲ့ မြန်မာနိုင်ငံထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်း ကျနေသေးတဲ့ သူတွေ
ရှိနေတဲ့အကြောင်းကိုလည်း အလေးထားပြီးတော့ ပြောသွားပါတယ်။
ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတယောက် စွမ်းဆောင်နိုင်ချက်ကို သူ့ကိုယ်သူ ဥပမာပေးပြီးတော့ ကျန်နေသေးတဲ့ သူတွေကိုလည်း မမေ့ကြဖို့ကို သူက ဒီမိန့်ခွန်းထဲမှာ ပြောသွားပါတယ်။
တခါ သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ စစ်တပ်ရယ်၊ ပြည်သူရယ်၊ မြန်မာပြည်အတွင်းမှာ ရှိနေတဲ့ လူမှုအသိုင်း အဝိုင်းတွေ အားလုံး
ပူးပေါင်း ပါဝင်ပြီးတော့မှ လုပ်မှသာလျှင် ရေရှည်ခံတဲ့ အပြောင်းအလဲတွေ ဖြစ်နိုင်မယ် ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြား သွားပါတယ်။ နောက် တယောက်နဲ့ တယောက် စာန ထောက်ထားမှုဟာ ငြိမ်းချမ်းမှုအတွက် ဘယ်လောက် အရေးကြီးတယ် ဆိုတာကိုလည်း သူက ပြောပါတယ်။
အခုလေးတင်ပဲ ဒီမိန့်ခွန်း မပြီးခင်မှာ ပြောသွားတဲ့ အကြောင်းကတော့ ဒုက္ခသည်တွေ အကြောင်းပါ။ မကြာခင်တုန်းက ထိုင်းနိုင်ငံအတွင်းက မယ်လ ဒုက္ခသည် စခန်းမှာ သိရှိခဲ့ရတဲ့ အတွေ့အကြုံတွေ၊ လိုအပ်ချက်တွေကို ပြောခဲ့ပါတယ်။
နယ်စပ် ဖြတ်ပြီးတော့ အလုပ်သမားတွေ အလုပ်လုပ်နေရတဲ့ ပြဿနာတွေ၊ တခါ ဒုက္ခသည်တွေ၊ ရောင်းစား ခံရသူတွေရဲ့ ခံစားနေရတဲ့ ဒုက္ခသည်တွေကိုလည်း သူက ထောက်ပြသွားပါတယ်။
ငြိမ်းချမ်းရေးကို ကျဆုံးစေတာဟာ စစ်သာလျင် မဟုတ်ပဲ၊ အခွင့်အရေး ဆုံးရှုံးရခြင်းဟာလည်း ငြိမ်းချမ်းရေးကို ကျဆုံးစေတယ် ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က အခု အော်စလိုမှာ ကျင်းပနေတဲ့ အခမ်းအနားမှာ သူက ပြောသွားပါတယ်။
ဒီအခမ်းအနားမှာပဲ အစောပိုင်းတုန်းက နိုဘဲလ်ဆု ချီးမြင့်ရေး ကော်မီတီဥက္ကဌကလည်း ဒီကနေ့ဟာ နိုဘဲလ်ဆု သမိုင်းမှာ အထူးခြားဆုံး နေ့ဖြစ်တယ်၊ သူ့ရဲ့ လုပ်ရပ်တွေဟာ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေး တိုက်ပွဲ ဝင်သူတွေရဲ့ ခွန်အားဖြစ်တယ်၊ ကမ္ဘာ့ လူသားတွေအတွက် အဖိုး ထိုက်တန်တဲ့
ရတနာ တပါးဖြစ်တယ် ဆိုပြီးတော့ နိုဘဲလ်ဆုပေးရေး ဥက္ကဌကလည်း ဆုပေးပွဲ အခမ်းအနားမှာ ပြောသွားခဲ့ပါတယ်။