သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုရောက်မယ့်နေ့ ပုသိမ်တက္ကသိုလ် မဖြေမနေရစာမေးပွဲ စစ်မည်


ဒေါ်စုရောက်မယ့်နေ့ ပုသိမ်တက္ကသိုလ် မဖြေမနေရစာမေးပွဲ စစ်မည်
ဒေါ်စုရောက်မယ့်နေ့ ပုသိမ်တက္ကသိုလ် မဖြေမနေရစာမေးပွဲ စစ်မည်

လာမယ့် ဖေဖော်ဝါရီ ၇ ရက်နေ့ကျရင် ပုသိမ်တက္ကသိုလ်မှာ Pre Exam ဆိုပြီး စာမေးပွဲ စစ်မယ်လို့ ရုတ်တရက် ကြေညာလိုက်တဲ့အတွက် ပုသိမ် တက္ကသိုလ် ကျောင်းသူကျောင်းသားတွေ မကျေမနပ် ဖြစ်နေကြပါတယ်။ အကြောင်းကတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာပဲ ပုသိမ်မြို့ကို ပါတီစည်းရုံးရေးအဖြစ် လာမယ့်ရက်မှာ အခုလို စာမေးပွဲ စစ်မယ်လို့ ကြေညာလိုက်တာကြောင့် ဖြစ်သလို ပုသိမ်နဲ့ မြောင်းမြမြို့တွေမှာလည်း လူထုနဲ့ စကားပြောဖို့ အတွက် နေရာအခက်အခဲတချို့ ကြုံနေရတာတွေလည်း ရှိနေပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ မသင်းသီရိက တင်ပြထားပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီစည်းရုံးရေး ခရီးစဉ်အဖြစ် ပုသိမ်နဲ့ မြောင်းမြမြို့တွေကို ဖေဖော်ဝါရီ ၇ ရက်နေ့မှာ သွားဖို့ စီစဉ်ထားပြီး အဲဒီနေ့မှာပဲ ပုသိမ်တက္ကသိုလ်မှာ Pre Exam ဆိုတဲ့ စာမေးပွဲကို စစ်မယ်လို့ ဖော်ဖော်ဝါရီ ၂ ရက်နေ့က ကြေညာလိုက်ပါတယ်။ ဒီလိုစာမေးပွဲမျိုး ပုသိမ်တက္ကသိုလ်မှာ တခါမှမရှိခဲ့ဖူးသလို ဒီစာမေးပွဲကို မဖြေရင် မတ်လမှာကျင်းပမယ့်် Fial Exam ကိုလည်း ဖြေဆိုခွင့်မရဘူးဆိုတဲ့ စည်းကမ်း တင်းကျပ်မှုလည်း ပါဝင်နေပါတယ်။ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်ရဲ့ ညွှန်ကြားချက်အရ ဆိုပြီး ဆရာဆရာမတွေက ကျောင်းသူကျောင်းသားတွေကို အသိပေးတာ ဖြစ်ပြီး ကျောင်းသားအများစုကတော့ ဒေါ်အောင်ဆန်းစုကြည် ပုသိမ်ကိုလာမယ့်အတွက် လူထုနဲ့တွေ့ဆုံပွဲကို မသွားစေချင်တာကြောင့် ဖြစ်တယ်လို့ ယူဆကြပြီး မကျေမနပ် ဖြစ်နေကြတယ်လို့ ပုသိမ်တက္ကသိုလ် ကျောင်းသားတွေက အခုလိုပြောပြပါတယ်။

“အခု တစ်ရက် နှစ်ရက်ပဲ ရှိသေးတယ်အစ်မ၊ အဲဒီလိုပြောတာလေ။ ပါမောက္ခတွေက ပြောတာ။ ၆ ရက်နဲ့ ၇ ရက်နေ့ကို၊ ၆ ရက်နေ့ကို ဧရာဝတီတိုင်း ဝန်ကြီးချုပ် လာမယ်တဲ့။ ၇ ရက်နေ့ကျရင် ၈ နာရီခွဲကနေ ညနေ သူတို့ပြီးတဲ့အထိပေါ့နော် စာမေးပွဲ စစ်မယ်တဲ့။”

“၇ ရက်နေ့ကျတော့ စာမေးပွဲရှိတယ်တဲ့။ အဲဒါ ၈ နာရီအရောက်တဲ့ ကျောင်းကို။ ၈ နာရီခွဲကနေ စ စစ်မှာ။ တကယ်လို့ ဒီ စာမေးပွဲကြီးကို မဖြေရင် စာမေးပွဲ တကယ် အစစ်ကြီးကျရင် ဖြေဆိုခွင့်မရှိဘူး။ စာမေးပွဲ အစစ်ကြီးက ၃ လပိုင်းထဲမှာ။ ကျနော်တို့က အဲဒါသွားမှာစိုးလို့ (ဒေါ်အောင်ဆန်းစုကြည်ပွဲ သွားမှာစိုးလို့) လုပ်တာလားပေါ့။ ကျောင်းသားတွေကတော့ အဲဒါ မရှိရင်တော့ သွားကြမှာ။ နည်းနည်းတော့ ကသိကအောက်ဖြစ်တာပေါ့နော်။”

ပုသိမ် တက္ကသိုလ်ကျောင်းသားတွေ ပြောပြခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာပဲ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်း ကျောင်းတွေမှာ ပြည်ထောင်စုနေ့ အတွက် ကဗျာရွတ်ဆိုပွဲနဲ့ ပြည်ထောင်စုနေ့ ကျင်းပနိုင်ဖို့ ကျောင်းသားမိဘ အစည်းအဝေးအဖြစ် ကျောင်းသားတွေနဲ့အတူ မိဘ တစ်ဦးစီ မဖြစ်မနေလာဖို့ ကျောင်းတွေက ဖိတ်ထားတာ ရှိနေပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် လူထုကို စကားပြောဖို့ မူလကစီစဉ်ထားတဲ့ မြို့လယ်က ကျောက်တိုင်ကွင်းကနေ အခု မြို့ပြင်ကကွင်းကို ပြောင်းဖို့ စီစဉ်လိုက်ရတယ်လို့ ပုသိမ် NLD ပါတီရဲ့ ပြန်ကြားရေး တာဝန်ခံ ဦးအောင်တင်ဦးက ပြောပါတယ်။

“စာမကျသေးခင်မှာ ကျောက်တိုင်ကွင်း ဆိုပြီးတော့ သဘောတူညီချက် ရထားတာပေါ့နော်။ နောက်ပိုင်းကျတော့ အဲဒီမှာ ကန့်ကွက်တာရှိတယ်ပေါ့။ နောက်ပြီးတော့ ကော်မရှင်သစ်ကနေပြီးတော့ ချထားတဲ့ စည်းမျဉ်းစည်းကမ်းအရ ကျောင်းနားတို့၊ ဆေးရုံနားတို့၊ အစိုးရဌာနကြီးကြီးတို့ နားမှာ ဟောပြောပွဲ မလုပ်ရဘူးဆိုပြီးတော့ သူတို့ ပြန်ပြီးတော့ ပြောပြတယ်။ အဲဒါကြောင့်မိုလို့ ကိုးသိန်းကွင်းကိုပြောင်းရင် ပိုပြီးတော့ အဆင်ပြေတယ်ပေါ့။ အခက်အခဲကတော့ ကျနော်တို့ မြို့လယ်မဟုတ်တဲ့အတွက် နည်းနည်းတော့ သွားရလာရတာ ဝေးသွားတာပေါ့။”

ဒီလို အခြေအနေတွေကြောင့် ပုသိမ်လူထုကတော့ ဒေါ်အောင်ဆန်းစုကြည် လာမယ့်ခရီးစဉ်ကို ပိုပြီး စိတ်ဝင်စားတာတွေ NLD ရုံးကို အစီအစဉ် မေးမြန်းစုံစမ်းတာတွေ ပိုများလာနေတယ်လို့လည်း ပြောပါတယ်။

“ဒီလိုမျိုးဖြစ်တော့ မေးလာကြတဲ့သူတွေက ကျောက်တိုင်ကွင်းလား၊ ကိုးသိန်းကွင်းလား ပေါ့။ ဖြစ်သလား မဖြစ်ဘူးလားပေါ့။ နောက်ပြီးတော့ လူထုကလည်း ဒီလိုလုပ်မှ ငါတို့ ပိုလာမယ်ကွာ ဆိုပြီးတော့ မနက် ၆ နာရီကတည်းက စစောင့်ကြမယ်ပေါ့။ နောက် တောဘက်ကလည်း ရေလမ်းကြောင်းတွေ ပိတ်ချင်ပိတ်မှာ ဆိုပြီးတော့ တစ်ရက် ကြိုလာမယ် ဆိုပြီး အသိပေးကြတယ်။”

ပုသိမ် NLD ပါတီရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးအောင်တင်ဦး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပုသိမ်ကအပြန် မြောင်းမြမြို့ကို ဝင်ပြီး လူထုကိုစကားပြောမှာ ဖြစ်ပေမဲ့ နေရာစီစဉ်ရာမှာလည်း အခက်အခဲ ရှိနေတဲ့အကြောင်း မြောင်းမြ NLD ပါတီရုံးအဖွဲ့မှူး ဦးဝင်းဆွေက ပြောပါတယ်။

“မြို့မ အားကစားကွင်းမှာ ကျနော်တို့က လူထု အစည်းအဝေးပွဲ လုပ်ချင်တယ်ပေါ့နော်။ အဲဒီအတွက် ကျနော်တို့က ခရိုင်ကော်မရှင်ကို တင်ပြတဲ့အခါကျတော့ ခရိုင် ကော်မရှင်က မြို့မ အားကစားကွင်းကို ခွင့်မပေးနိုင်ဘူးပေါ့နော်။ ဘာကြောင့် ခွင့်မပေးနိုင်တာလဲ ဆိုတော့ ကျနော်တို့ မြို့မ ဘောလုံးကွင်းက အရှေ့နဲ့အနောက် ဂိုးတိုင်နှစ်တိုင် ဖြစ်နေတယ်။ အဲဒီ ဂိုးတိုင်နှစ်တိုင်ကို တောင်နဲ့မြောက် ပြန်ပြောင်းမယ်၊ ဘောလုံးကွင်းကို ပြင်မယ်တဲ့။ ဒေါ်အောင်ဆန်းစုကြည် တရားပွဲကို ခွင့်မပြုနိုင်ဘူးလို့ ခရိုင်ကော်မရှင်က အကြောင်းပြန်ပါတယ်။ အဲဒီအခါမှာ ကျနော်တို့က ကျနော်တို့ မြောင်းမြမြို့မှာ နေရှင်နယ်ကျောင်းဆိုတာ ရှိပါတယ်။ အဲဒီ နေရှင်နယ်ကျောင်းက ပိုင်တဲ့ အဲဒီကျောင်းဘေးနားက ဘောလုံးကွင်းကျယ်ကြီး တစ်ခုဖြစ်ပါတယ်။ အဲဒီအထဲမှာ ကျနော်တို့က ကျင်းပချင်ပါတယ်လို့ ဒုတိယအကြိမ် ကျနော်တို့က ကော်မရှင်ကို အကြောင်းကြားပါတယ်။ တရားဝင် စာနဲ့လည်း ကြားပါတယ်။ ကော်မရှင်က ကျနော်တို့ကို ဒီနေ့အဖြေ ပေးပါမယ်ပြောပြီးတော့ အဖြေလည်း မပေးနိုင်ဘူး။ မနက်ဖြန် ၃ နာရီ ပေးပါမယ်လို့ အချိန်ဆွဲတယ်။ ဒီလိုမျိုး ကော်မရှင်က ကျနော်တို့ကို တိကျတဲ့အဖြေ မပေးဘူးဆိုရင်တော့ ကျနော်တို့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဝရန်တာကနေပြီးတော့ အပေါ်ကနေ ထွက်ပြောရပါလိမ့်မယ်။”

မြောင်းမြ NLD ပါတီရုံး အဖွဲ့မှူး ဦးဝင်းဆွေ ပြောပြခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီလ ၄ ရက်နဲ့ ၅ ရက်နေ့မှာလည်း ဒေါ်အောင်ဆန်းစုကြည် မန္တလေးကို သွားဖို့စီစဉ်ထားပေမဲ့ လူထုစည်းဝေးပွဲလုပ်ဖို့ နေရာအခက်အခဲတွေ ရှိနေတာကြောင့် ခရီးစဉ် ဖျက်လိုက်ရတာလည်း ရှိပါတယ်။ ဒီလိုအခြေအနေ တွေကြောင့် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေ၊ ဝေဖန်မှုတွေနဲ့အတူ မေးခွန်းထုတ်နေကြတာတွေ ရှိပါတယ်။

XS
SM
MD
LG