သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု လွတ်မြောက်မှုအပေါ် လူထုအသံ


ဒေါ်စု လွတ်မြောက်မှုအပေါ် လူထုအသံ
ဒေါ်စု လွတ်မြောက်မှုအပေါ် လူထုအသံ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တိုင်းပြည်ရဲ့ ပြည်လည် ထူထောင်ရေး လုပ်ငန်းစဉ်တွေ လုပ်ဆောင်ရာမှာ ကျပ်တည်းပြီး အခက်အခဲ ဖြစ်နေကြတဲ့ စားဝတ်နေရေး ပြဿနာတွေနဲ့အတူ တည်ငြိမ်တဲ့ လူနေမှု ဘဝတွေကို ရနိုင်ဖို့ ဆောင်ရွက်ပေးနိုင်မယ်လို့ ပြည်သူလူထုတွေက မျှော်လင့်နေကြပါတယ်။ အပြည့်အစုံကို မသင်းသီရိက စုစည်း တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ထိန်းသိမ်း ချုပ်ချယ်ထားမှုကနေ လွတ်မြောက်လာတဲ့အတွက် ဝမ်းသာ ကြိုဆိုမှုတွေက နိုင်ငံတဝန်းလုံးမှာလို့ ပြောရမှာပါ။ အရင်ကလို NLD ပါတီရဲ့ ခေါင်းဆောင်တယောက် အမြင်နဲ့ မဟုတ်တော့ဘဲ လူထုရဲ့ အမျိုးသားခေါင်းဆောင် တယောက်အဖြစ် အမြင်တွေ ပိုများလာကြပြီး ချက်ချင်းလက်ငင်း တိုင်းပြည်မှာ အပြောင်းအလဲ ဖြစ်လာတာ၊ မဖြစ်လာတာထား၊ အားလုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကောင်းတဲ့ အခြေအနေတခုကို ဖော်ဆောင်ပေးမှာ သေချာတယ်လို့ ကောက်ချက် ချထားကြတာပါ။

ရေဒီယိုတွေ၊ ရုပ်မြင်သံကြားတွေကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားတွေ၊ လှုပ်ရှားမှုတွေကိုလည်း နေ့စဉ်မပြတ် စောင့်ကြည့်ပြီး ဒါတွေက သူတို့အတွက် အင်အားတရပ် ဖြစ်စေတယ်လို့လည်း ဆိုကြပါတယ်။ အထူးသဖြင့်တော့ လူထုရဲ့အသံကို ကြားချင်ပါတယ်လို့ ပြောလိုက်တာဟာ ဒေါ်အောင်ဆန်းစုကြည်ကို လာမတွေ့နိုင်ကြတဲ့ လူထုတွေ ကြားထဲမှာ အတော်ကလေး လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့ပါတယ်။

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့က ကရင်အမျိုးသား တဦးက လုံခြုံမှုမရှိတဲ့ ကရင်အမျိုးသားတွေရဲ့ ဘဝကို ချုပ်ငြိမ်းအောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုချင်ပါတယ်လို့ ပြောပါတယ်။

“ဝမ်းသာကြတာပေါ့၊ ဝမ်းသာတာပဲ သိတယ်။ ဘာတွေဆက်လုပ်ဦးမလဲ မသိဘူး၊ နိုင်ငံရေး အခြေအနေတော့ တခုခု ပြောင်းမှာပဲ ထင်တာပဲလို့ ဒီလိုပဲ ပြောသံကြားတာပဲ။ ဖြစ်နိုင်ရင်တော့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ဆွေးနွေးပေးစေချင်တာပေါ့။

“ကျနော်တို့ဘက် အခြမ်းမှာ ရှိကြတယ်၊ နယ်စပ်မှာ တိုက်ပွဲဖြစ်လို့ ထွက်ပြေးရတဲ့ လူတွေအတွက်လည်း စိတ်မချမ်းသာဘူးပေါ့ဗျာ။ ဟိုတလောကဆို မြဝတီဘက်ကလူတွေ ထိုင်းဘက် ပြေးရတာတို့၊ ဝါလေဘက်ကလူတွေ ထွက်ပြေးရတာတို့၊ ဘုရားသုံးဆူဘက်ကလူတွေ ထွက်ပြေးရတာတို့က ဘယ်ကောင်းမလဲ။ ကျနော်တို့က အဲဒါမျိုးတွေကို မဖြစ်စေချင်ဘူး။”

ချင်းပြည်နယ် တီးတိန်မြို့အတွင်းက အိမ်ရှင်မ တဦးကတော့ တရိပ်ရိပ် တက်လာနေတဲ့ ကုန်ဈေးနှုန်းတွေကြောင့် အဆင်မပြေ ဖြစ်နေရတဲ့ စားဝတ်နေရေး အခြေအနေမှန်တွေကို ဒေါ်အောင်ဆန်းစုကြည်ကို ပြောပြချင်ပါတယ်လို့ ဆိုပါတယ်။

“ဝမ်းသာပါတယ်။ ကျမက ဘယ်လိုပြောရမှန်းတောင် မသိဘူး။ လူတွေကတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတယ်၊ လွတ်လာတဲ့ သတင်းရော ကြားကြလား၊ အဲဒီလိုမျိုး မေးကြတယ်။ ကျမတို့ ပြည်နယ်အတွင်းမှာတော့ စားဝတ်နေရေးပေါ့နော်၊ စားဝတ်နေရေးက သိပ်ခက်ခဲတယ်ဆိုတော့၊ အခုဆိုရင် ဆန်က တအိတ်ကို ၃၀,၀၀၀ ထိတောင် ရောက်တယ်ဆိုတော့ အဲဒါကြောင့် ခက်တယ်။”

မွန်ပြည်နယ် အတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့ သတင်းကြောင့် အားလုံးက အတိုင်းမသိ ပျော်ရွှင်ကြသလို လတ်တလော မသမာမှုတွေနဲ့ ပြုလုပ်သွားတဲ့ ရွေးကောက်ပွဲ အခြေအနေတွေနဲ့အတူ ဆင်းရဲတွင်း နက်နေကြတဲ့ လူမှုဘဝတွေကို ပြန်လည်ထူထောင်ပေးဖို့ မျှော်လင့်ကြတယ်လို့ မွန်ပြည်နယ် မော်လမြိုင်မြို့က အမျိုးသမီးတဦးက ပြောပါတယ်။

“မလွတ်ခင်ကတည်းက လူတွေက တော်တော့်ကို စိတ်ဝင်စားနေတာပေါ့။ လွတ်စေချင်တာပေါ့။ လွတ်လာတော့လည်း အားလုံးက ဝမ်းသာကြပါတယ်။ မြန်မာပြည်အရေးက တော်တော့်ကို ဆင်းရဲတွင်း ကျနေကြပါတယ်တဲ့။ အဲဒါကြောင့် ဆင်းရဲတွင်းက လွတ်နိုင်အောင် သူက လုပ်ပေးနိုင်မှာပဲလို့ အဲလိုပြောပါတယ်။ တခြားဟာ မလုပ်နိုင်ဘူး၊ စားဝတ်နေရေး အတွက်ပဲ သူတို့တွေက လုပ်နေရတဲ့ အတွက်ကြောင့် နိုင်ငံရေးကို ဘာမှ မလုပ်ရတဲ့အတွက် သူတို့တွေက ဘာမှ အဆင်မပြေဘူးပေါ့၊ အဲဒီလိုတွေ ပြောနေကြတယ်။

“အခု တိုင်းပြည်မှာဆိုရင် ဘာမှ နေရတာ အဆင်မပြေဘူး။ မဲရွေးတဲ့ဟာကလည်း တရားနည်းလမ်း မကျတဲ့အကြောင်း အဲဒါလေးကို သူတို့ အများကြီး သိစေချင်တယ်ပေါ့။ သမာသမတ် မဖြစ်ဘူးပေါ့။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က အခုဆိုရင် လူအများကြားထဲမှာ သူ့အတွက် လုံခြုံရေးကို သူတို့ အင်မတန် စိုးရိမ်တယ်တဲ့၊ အဲလိုတွေ ပြောကြပါတယ်။”

ထားဝယ်မြို့က ကျောင်းသူလေး တဦးကတော့ နိုင်ငံရေးဆိုတာကို သူ မသိပါဘူး၊ ဒါပေမဲ့ အရွယ်တူ၊ အတန်းတူ ကျောင်းသူ ကျောင်းသားတွေ ကြားမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတာကို ဝမ်းသာကြတယ်လို့ ဆိုပါတယ်။

“ဝမ်းသာတာတော့ အားလုံးနီးပါးပဲ။ သတင်းတော့ တော်တော်များများ သိကြတယ်။ အကုန်လုံးက အတိုင်းမသိ ဝမ်းသာကြတယ်။ ဒေါ်အောင်ဆန်းစုကြည်က သမီးတို့တိုင်းပြည်ကို စီးပွားရေး တိုးတက်အောင်၊ ငြိမ်းချမ်းအောင် လုပ်ပေးမယ်လို့ ယုံကြည်တာပေါ့။ သူ ပြန်လွှတ်တော့ အကုန်လုံးက မျှော်လင့်တယ်။”

ဒီလို ရန်ကုန်နဲ့ ဝေးကွာလှတဲ့ ပြည်နယ်တချို့က မျှော်လင့်ချက် အသံတွေနဲ့အတူ မြန်မာနိုင်ငံ အလယ်ပိုင်းက တောင်သူဦးကြီး တယောက်ကတော့ အာမခံချက်ရှိတဲ့ တောင်သူတွေရဲ့ ဘဝကို ရချင်ပါတယ်လို့ ပြောပါတယ်။

“တောင်သူလယ်သမားတွေမှာ ဘာဖြစ်နေလဲဆိုတော့ စိုက်စရိတ် ချေးငွေတွေ များများစားစား ရချင်တယ်ပေ့ါဗျာ။ ဈေးကျတော့လည်း တက်လိုက် ကျလိုက် အဲဒီလို မဟုတ်ဘဲနဲ့ ပုံမှန်ဈေးတွေပေါ့၊ တည်ငြိမ်တဲ့ဟာပေါ့။ အဲလိုမျိုးတွေ လိုချင်တယ်ဗျ။ တောင်သူ တော်တော်များများကတော့ အခုထက်ထိ ငွေရှင် ကြေးရှင်တွေဆီမှာ စပါးပေးတို့၊ ငွေတိုးတို့ ဒီလိုတွေ ယူပြီးတော့မှ လုပ်နေရတော့ ကျနော်တို့ တောင်သူလယ်သမားတွေရဲ့ ဘဝကတော့ ဒီအတိုင်းပဲ။

“ပြီးတော့လည်း စီမံကိန်းသီးနှံတွေ ဆိုတော့ဗျာ ဆည်ရေသောက်နဲ့ နွေစပါးတို့၊ ပဲတို့ အဲဒီလိုတွေ စိုက်ရတော့ မညီမညွတ်တွေ ဖြစ်တယ်ဗျ။ လယ်စိုက်စရိတ် ချေးငွေနဲ့ ပတ်သက်လို့လည်း နှစ်တို၊ နှစ်ရှည်ပေါ့၊ ရေရှည်ချေးငွေတွေ ပံ့ပိုးပေးခြင်းအားဖြင့် တောင်သူတွေမှာ စီးပွားရေးတွေ ချောင်လည်လာလိမ့်မယ်လို့၊ အဲဒီလိုတော့ ကျနော်တို့ ဖြစ်စေချင်တယ်ဗျ။”

ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီးတော့ လူထုရဲ့ မျှော်လင့်ချက် အသံတချို့ကို စုစည်း တင်ပြခဲ့တာ ဖြစ်ပါတယ်။

လူထုနဲ့ ၇ နှစ်တာ ကွဲကွာနေတဲ့ ဒေါ်အောင်ဆန်းစုကြည်အဖို့ နေအိမ်အကျယ်ချုပ်က လွတ်လာလာချင်းပဲ လူထုရဲ့ အားပေး ထောက်ခံမှုတွေ၊ ဝမ်းသာ ကြိုဆိုမှုတွေနဲ့အတူ တိုင်းပြည်မှာ ဖြေရှင်းစရာ ပြဿနာတွေကလည်း တပုံတပင်နဲ့ ကြိုဆိုနေခဲ့တာလို့ ပြောရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG