သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင် အထက်လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ


ဖိလစ်ပိုင် အထက်လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ
ဖိလစ်ပိုင် အထက်လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ

နိုဝင်ဘာလ ၁၃ ရက်နေ့က နေအိမ်မှာ အကျယ်ချုပ်နဲ့ အကျဉ်းချခံထားရာကနေ ပြန်လည် လွတ်မြောက်လာတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်ပက လာရောက်တဲ့ သံတမန်တွေ၊ ရန်ကုန်အခြေစိုက် သံတမန်တွေ၊ သတင်းမီဒီယာ အဖွဲ့တွေ နေ့စဉ်လို လာရောက် တွေ့ဆုံနေကြပါတယ်။ ဒီကနေ့မှာတော့ ဖိလစ်ပိုင် အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌဟာ သူ့မိသားစုဝင် တချို့နဲ့အတူ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို ရောက်ရှိလာခဲ့တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ဖိလစ်ပိုင် အထက်လွှတ်တော်အမတ် လောရင့် လာဂါးဒါး ဒီကနေ့ မြန်မာစံတော်ချိန် ညနေ ၄ နာရီလောက်ကပဲ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အိမ်ကို အလည်အပတ် ရောက်ရှိနေပါတယ်။

မစ္စစ် လောရင့် လာဂါးဒါးက ဖိလစ်ပိုင် အထက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ ဒီကနေ့ မစ္စစ် လာဂါးဒါး လာရောက်တာကို NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးအုန်းကြိုင်က အတည်ပြု ပြောကြားပါတယ်။

“ဖိလစ်ပိုင်နိုင်ငံက ဧည့်သည်ပါခင်ဗျ။ အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဆီနိတ်တာ လောရင့် လာဂါးဒါးပါ။ ဆွေးနွေးတုန်းပဲ ရှိသေးတယ်။ ၄ နာရီလောက်က ရောက်တာ။”

မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင် သံရုံးကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံနိုင်ရေး ကြိုတင်စီစဉ်ပေးတာ ဖြစ်တယ်လို့လည်း ဦးအုန်းကြိုင်က ပြောပါတယ်။

“ဆွေးနွေးချက်တွေကတော့ နှစ်ဘက်စလုံး ထုတ်ပြန်ခြင်း မပြုပါဘူးခင်ဗျ။ သံရုံးကတဆင့် စီစဉ်တာတော့ ဟုတ်ပါတယ်။ ကြိုပြီးတော့ Appointment တောင်းထားတာပါ။ သံရုံးကတဆင့် စီစဉ်တာပါ။ သူ့သားတယောက်လား မသိဘူး၊ ပါတယ်ခင်ဗျ။ သူ့သားလေးတယောက် ပါတယ်။ ကျောင်းသားလို့ ပြောပါတယ်၊ ငယ်ငယ်ပါပဲ။”

မစ္စစ် လာဂါးဒါးက သူမ အလည်အပတ် ခရီးစဉ် မစခင် တပတ်အလိုကပဲ ဒီခရီးစဉ်က သူမရဲ့ ကိုယ်ရေးကိုယ်တာ ခရီးစဉ် ဖြစ်တဲ့အကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ အရေးအပေါ် အတွေးအမြင်တွေကို ဖလှယ် ဆွေးနွေးမယ်လို့ သတင်းဖော်ပြထားပါတယ်။

မြန်မာ့ဒီမိုကရေစီ အရေးကို အခက်အခဲ အမျိုးမျိုး ကြားကနေ ဆယ်စုနှစ် ၂ ခုကျော်ကြာ စိတ်ဓာတ်အင်အား ခိုင်ခိုင်မာမာနဲ့ ရပ်တည်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီကနေ ဒီအင်အားတွေရအောင် ဘယ်လိုလုပ်ယူတယ် ဆိုတာကို လေ့လာ သင်ယူဖို့လည်း မျှော်လင့်ထားကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီ အရေးနဲ့ လူ့အခွင့်အရေးကို ကာကွယ်တဲ့ အမျိုးသမီး ခေါင်းဆောင်တွေ စံပြုရမယ့် ပုဂ္ဂိုလ်တယောက် ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံကို မလာရောက်ခင် ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ သတင်းထောက်တွေကို သူမက ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီး တလခွဲကျော် ကာလအတွင်း နိုင်ငံခေါင်းဆောင်တွေက စာနဲ့တဖုံ၊ တယ်လီဖုန်းနဲ့တမျိုး နှုတ်ဆက်ခဲ့ကြပါတယ်။ အခု မစ္စစ် လာဂါးဒါး လာရောက်မှုကတော့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေထဲက ဖိလစ်ပိုင်အစိုးရ အဆင့်မြင့် အရာရှိတဦး ပထမဆုံး လူကိုယ်တိုင် လာရောက်လည်ပတ်တာ ဖြစ်ပါတယ်။

XS
SM
MD
LG