ရွေးကောက်ပွဲအတွက် ဖွဲ့စည်းခဲ့တဲ့ နိုင်ငံရေးပါတီတွေဟာ အခု ရွေးကောက်ပွဲအလွန် ကာလမှာ နေအိမ်အကျယ်ချုပ်ကနေ မကြာခင်က လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲပြီး မြန်မာ့နိုင်ငံရေးမှာ တက်တက်ကြွကြွ ဆက်လုပ်နိုင်ဖို့ ပြင်ဆင်နေကြပါတယ်။ ဒါပေမဲ့ အမြင်မတူတာတွေအပေါ် အုပ်ချုပ်သူတွေဘက်က ဘယ်လောက်အထိ နားလည်နိုင်မလဲဆိုတဲ့ အပေါ်မှာလည်း သူတို့က စိုးရိမ်ကြပါတယ်။ အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
တကယ်တော့ စစ်အစိုးရ ပြောနေတဲ့ ပါတီစုံ ဒီမိုကရေစီစနစ် ဆိုရာမှာ နိုင်ငံရေးပါတီတွေ အသက်ဝင်မှု၊ လွတ်လပ်စွာ ဝေဖန်ပြောဆိုနိုင်မှု ဒါတွေက အရေးကြီးပါတယ်။ ဒါကြောင့်လည်း အခု ရွေးကောက်ပွဲမှာ စစ်အစိုးရရဲ့ ကြံ့ခိုင်ရေးပါတီက အပြတ်အသတ်နိုင်ပြီး အစိုးရ ဖွဲ့နိုင်ချေ ရှိပေမဲ့ တဘက်မှာ ရှုံးနိမ့်ခဲ့တဲ့ အတိုက်အခံ ဒီမိုကရက်တစ် ပါတီတွေဘက်ကလည်း အားကောင်းအောင် ပြန်လည်တည်ဆောက်ပြီး လုပ်နိုင်ကိုင်နိုင်၊ ပြောနိုင်ဆိုနိုင်ခွင့်ရဖို့ ကြိုးစား ပြင်ဆင်နေတယ်လို့ ပြောရမှာပါ။ NLD ခေါင်းဆောင်ဟောင်းအချို့ ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ကတော့ လူထုအခြေခံတဲ့ ပါတီဖြစ်ဖို့ ကြိုးစားသွားမယ်လို့ NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။
“ကျနော်တို့ ပါတီရဲ့ ရှေ့ခရီးကို ဘယ်လိုသွားရမလဲ ဆိုတာကို စတင် စဉ်းစားပြီ ဖြစ်ပါတယ်။ ပါတီကို ပြန်လည်ဖွဲ့စည်းမယ် ဆိုရင်လည်း ဖွဲ့စည်းနိုင်အောင် စဉ်းစားနေကြပြီ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲ ပြီးတဲ့အခါမှာ ကျနော်တို့က Mass Party ပေါ့ဗျာ၊ Mass Base ပါတီဖြစ်အောင် လုပ်ဖို့ အစကတည်းက ရွေးကောက်ပွဲ ကော်မရှင် တင်ထားတဲ့အထဲမှာကို ပါပါတယ်။ နောက်ပိုင်း အဖွဲ့ဝင်တွေလည်း များလာပြီ၊ အဖွဲ့ဝင် ၅,၀၀၀ နဲ့ ၁၀,၀၀၀ ကြားမှာ ရှိနေပြီဆိုတော့ ကျနော်တို့ ဒါကို Mass Bass ပါတီ ဖြစ်ပြီဆိုတော့ ပုံစံကျအောင် ညီလာခံနဲ့ ပြန်ဖွဲ့တဲ့ အဖွဲ့မျိုးဖြစ်အောင် ကြိုးပမ်းဖို့ ရှိပါတယ်။”
ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေကလည်း သူတို့ပါတီအနေနဲ့ လူထု လိုအပ်ချက်တွေအတွက် ပါတီကြီးထွား ခိုင်မာအောင် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
“ပါတီက မူလ ဖွဲ့စည်းကတည်းကိုက ကျနော်တို့က တိုင်းပြည်အတွက်ပေါ့၊ တိုင်းပြည်မှာ လိုအပ်နေတဲ့ ဟာတွေက အများကြီးပေါ့၊ ပညာရေး၊ ကျန်းမာရေး၊ အစစ အရာရာပေါ့ဗျာ၊ လူမှုရေး၊ ကြီးပွားရေး အဲဒါတွေကို ကျနော်တို့က တတ်နိုင်သမျှ ကောင်းအောင်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ပေါ့။ ပါတီကို ပိုပြီးတော့ ကြီးထွားအောင် လုပ်မယ်၊ ခိုင်မာအောင် လုပ်မယ်၊ ပြီးတော့မှ ကျနော်တို့ လုပ်စရာရှိတာတွေ ဆက်လုပ်မှာပေါ့။”
အခု ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလအဖြစ် ၀င်ပြိုင်ခဲ့ကြတဲ့ ကိုယ်စားလှယ်လောင်းတွေ အဖို့ ရွေးကောက်ပွဲ နောက်ပိုင်းမှာ နိုင်ငံရေးအရ ဘယ်လိုရပ်မလဲဆိုတာ စဉ်းစားစရာ ဖြစ်ကြရပါတယ်။ တောင်ဥက္ကလာပမြို့နယ် တသီးပုဂ္ဂလအဖြစ် ၀င်ပြိုင်ခဲ့တဲ့ ဦးကောင်းမြင့်ထွဋ်ကတော့ ပါတီတရပ် ပြန်ဖွဲ့နိုင်ဖို့ ကြိုးစားမယ်လို့ ဆိုပါတယ်။
“နိုင်ငံရေးပါတီတခု ထောင်ဖို့ ကျနော် စစီစဉ်နေပါပြီ။ လူတွေကပြောတယ်၊ ကော်မရှင်ကရော လက်ခံပါ့မလားတို့ ဘာတို့ ပြောတာတွေ ရှိတယ်။ ကျနော်တို့က ကော်မရှင် မရှိခင်ကတည်းက၊ ၂၀၀၉ တုန်းကလည်း ဒီမိုကရက်တစ်ပါတီကို အန်ကယ် ဦးရဲထွန်းတို့နဲ့ တိုင်ပင်ပြီး ကျနော် ထောင်ခဲ့တာပဲလေ။ အဲတော့ နိုင်ငံရေး နယ်ပယ်ထဲမှာ နိုင်ငံရေးကို ရှင်သန်နိုင်ဖို့ဆိုရင် အားကောင်းတဲ့ နိုင်ငံရေး အဖွဲ့အစည်းတရပ် လိုအပ်တယ်လေ။ အဲတော့ အဲဒီလို အခြေအနေမျိုးဖြစ်အောင် ကျနော် ကြိုးစားသွားမှာပါ။”
ရွေးကောက်ပွဲအလွန်မှာ နိုင်ငံရေးပါတီတွေအဖြစ် ဆက်ရပ်ပြီး လှုပ်ရှားသွားဖို့ ပြင်ကြပေမဲ့ အာဏာပိုင်တွေဘက်က ဘယ်လောက် ခွင့်ပြုမလဲ ဆိုတဲ့အပေါ်မှာတော့ ဦးသုဝေက စိုးရိမ်ပါတယ်။
“ကျနော်တို့ စနစ်ကတော့ ပြောင်းလာတယ်ဆိုတော့ ပိုပြီးတော့ ရလာမယ်လို့တော့ ယူဆရတာပေါ့။ ဒါပေမဲ့ သူတို့က ဘယ်လောက်ထိအောင် ခွင့်ပြုမှာလဲ ဆိုတာတော့ မပြောတတ်သေးဘူးပေါ့။ သူတို့ရဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဆိုတာကတော့ ဘယ်လောက်ပြည့်ဝမလဲ မပြောတတ်ဘူးပေါ့။”
ဒီမိုကရေစီရေးကို ရှေ့ရှုမယ်ဆိုရင်တော့ အာဏာပိုင်တွေဘက်က မတူတဲ့ အမြင်တွေကို နားလည် လက်ခံပေးဖို့ လိုမယ်လို့ ဦးကောင်းမြင့်ထွဋ်က ပြောပါတယ်။
“နိုင်ငံရေး လုပ်နိုင်ခွင့်ဆိုတဲ့ ကိစ္စကတော့ တဦးတယောက်က ကျေနပ်မှ၊ ခွင့်ပြုမှ လုပ်ရတယ် ဆိုရင်တော့လည်း အဲဒါက အများအကျိုးအတွက် ဖြစ်စေတဲ့၊ ဒီမိုကရေစီရေးကို ရှေ့ရှုတဲ့ နိုင်ငံရေး လုပ်တာမျိုး မဟုတ်တော့ဘူးပေါ့ဗျာ။ ဒီမိုကရေစီရေးကို အမှန်တကယ် ရှေ့ရှုတယ်ဆိုရင် ပြည်သူကြားထဲက ပေါ်ပေါက်ခွင့်၊ ပြည်သူကြားထဲက ပြည်သူတွေ လိုလားနှစ်သက်တဲ့ နိုင်ငံရေးသမားတွေ ပေါ်ပေါက်ခွင့်၊ ဒါတွေကို အားပေးရမှာပေါ့။”
ဒီမိုကရေစီ အင်အားစုတွေ၊ ပါတီတွေဘက်က ဘယ်လောက် ညီညီညွတ်ညွတ် ဆောင်ရွက်နိုင်မလဲဆိုတဲ့ အခြေအနေပေါ်မှာ ပါတီတွေ လှုပ်ရှားခွင့် ရှိလာလိမ့်မယ်လို့ UDP ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ ၈၈ ကျောင်းသား ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
“ရွေးကောက်ပွဲ မတိုင်ခင် အခြေအနေနဲ့၊ ရွေးကောက်ပွဲ ဥပဒေ မထွက်ခင် အခြေအနေနဲ့ ရွေးကောက်ပွဲ ဥပဒေ ထွက်ပြီးနောက်ပိုင်း အခြေအနေမှာတော့ နိုင်ငံရေး လုပ်ကိုင်နိုင်တဲ့ အခြေအနေကတော့ နည်းနည်း ပွင့်လင်းလာတာတော့ အမှန်ပဲ။ ဒါပေမဲ့ ဒီအခြေအနေက ဘယ်လောက် ခွင့်ပြုထားမလဲ ဆိုတာကတော့ ဒီမိုကရေစီရေး လိုလားသူတွေရဲ့ ဆောင်ရွက်နိုင်မှု အပေါ်မှာပဲ မူတည်လိမ့်မယ်။ နို့မို့ဆိုရင် စစ်အစိုးရက လက်ရှိပေးထားတဲ့ အခွင့်အရေးတွေကို တဖြည်းဖြည်း ပြန်ရုပ်သိမ်းသွားလိမ့်မယ်လို့ ကျနော်ထင်တယ်။”
ပါတီအများစုနဲ့ နိုင်ငံရေး လှုပ်ရှားသူတွေကတော့ ရွေးကောက်ပွဲအလွန် နိုင်ငံရေးအတွက် မကြာခင်က နေအိမ်အကျယ်ချုပ်က ပြန်လွတ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲလုပ်နိုင်ဖို့ အသီးသီး နည်းလမ်း ရှာဖွေနေတာ တွေ့ရပါတယ်။ ဦးဖြိုးမင်းသိန်းကတော့ မြန်မာနိုင်ငံ ပြဿနာ အရပ်ရပ်ကို ဖြေရှင်းနိုင်တဲ့ တဦးတည်းသော ခေါင်းဆောင်ဟာ ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်တယ်လို့ မြင်ပါတယ်။
NDF ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီတရပ်ရဲ့ ခေါင်းဆောင်အဖြစ်က လွန်ပြီး ဒီမိုကရေစီပါတီ အင်အားစု အားလုံးရဲ့ ဦးဆောင်မှုကို ခံယူသင့်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။
“ပါတီတခုရဲ့၊ ဘောင်ကျဉ်းကျဉ်းလေးရဲ့ ခေါင်းဆောင်အဖြစ် ကျနော်တို့ မရှုမြင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ၅၉ သန်းသော ပြည်သူများက ပိုင်ပါတယ်။ အများပိုင်ဆိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ပါ။ Party Politics ရဲ့ အပေါ်ဘက်ကနေပြီး ဒေါ်အောင်ဆန်းစုကြည်က ဆောင်ရွက်မယ် ဆိုရင်တော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို သွားတဲ့နေရာမှာ လုပ်ရကိုင်ရတာ ပိုပြီးတော့ အခွင့်အလမ်းတွေ ပိုများလိမ့်မယ်လို့ ကျနော်က ယူဆပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ သူ့အနေနဲ့ နိုင်ငံရေး အင်အားစုတွေ၊ ပါတီတွေ ဘယ်သူနဲ့မဆို ပူးပေါင်းလက်တွဲသွားဖို့ ရှိတယ်လို့ လူထုကို ပြောခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့လည်း နိုင်ငံရေးပါတီ တရပ်အဖြစ် နိုင်ငံရေး ဆက်လုပ်သွားမှာ ဖြစ်တယ်လို့ လူထုကို အသိပေးခဲ့ပါတယ်။ ဒါကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲ မ၀င်ခဲ့ပေမဲ့ ရွေးကောက်ပွဲ အလွန်မှာလည်း အဓိက အကျဆုံး ဒီမိုကရက်တစ် နိုင်ငံရေးပါတီ တရပ်အဖြစ် ဆက်ရှိနေဦးမယ်လို့ ယူဆရပါတယ်။