သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး အကျဉ်းသား မိသားစုဝင် ၇၀ ကျော်ကို ဒေါ်စု တွေ့ဆုံ အားပေး


နိုင်ငံရေး အကျဉ်းသား မိသားစုဝင် ၇၀ ကျော်ကို ဒေါ်စု တွေ့ဆုံ အားပေး
နိုင်ငံရေး အကျဉ်းသား မိသားစုဝင် ၇၀ ကျော်ကို ဒေါ်စု တွေ့ဆုံ အားပေး

အကျဉ်းထောင်တွေထဲက နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ ဗီဂျေး နမ်ဘီးယား (Mr. Vijay Nambiar) ရဲ့ ၂ ရက်တာ မြန်မာနိုင်ငံ ခရီးစဉ် အပြီးမှာ မြန်မာစစ်အစိုးရကို တောင်းဆိုပါတယ်။ ဒီလို တောင်းဆိုလိုက်ချိန်မှာပဲ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုဝင် ၇၀ ကျော်နဲ့ တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့ အချိန်မှာ နိုင်ငံရေး အကျဉ်းသားတွေ အမြန်ဆုံး ပြန်လွတ်လာဖို့ကို ဦးစားပေး ဆောင်ရွက်သွားမယ်လို့ ပြောထားပါတယ်။ ဒီကနေ့မှာတော့ ထောင်ဒဏ် ၆၅ နှစ် ကျခံနေရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်ရဲ့ မိခင် ကွယ်လွန်တဲ့ ၃ နှစ်ပြည့် အလှူပြုလုပ်တဲ့ ပဏ္ဍိတာရာမ ရွှေတောင်ကုန်း သာသနာ့ရိပ်သာမှာ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေကို တွေ့ဆုံပြီး သူမအနေနဲ့ တတ်နိုင်တဲ့ဘက်က အကူအညီ ပေးသွားမယ့်အကြောင်း ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သားဖြစ်သူနဲ့အတူ ဒီအလှူကို သွားရောက်ခဲ့တာပါ။ ဒီအလှူမှာ စီစဉ်မထားဘဲ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေ့နဲ့ တွေ့ခွင့်ရတာကိုလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်မိတဲ့အကြောင်း အခုလို ပြောကြားပါတယ်။

“ထောင်ဝင်စာတွေ့တဲ့ ကိစ္စတွေမှာ မိသားစုတွေ အနေနဲ့ အခက်အခဲတွေရှိရင် ကျမတို့ဆီကို အချိန်မရွေးပြောပါ။”

နိုင်ငံရေး အကျဉ်းသားတွေကို ထောင်ဝင်စာတွေ့ဖို့ အခက်အခဲရှိရင် သူမတို့အနေနဲ့ အစွမ်းကုန် ကူညီမယ်လို့ ပြောပါတယ်။ ဒါ့အပြင် အကျဉ်းကျနေဆဲ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ကျန်းမာရေး ဂရုစိုက်ကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

“အဓိကကတော့ ကျန်းမာရေးပဲ။ ကျမ အမြဲပဲပြောတယ်၊ နိုင်ငံရေး အကျဉ်းသားတွေ အဓိကက ကျန်းမာရေးပဲ၊ သူတို့ကိုပြောပါ၊ ကျန်းမာအောင် နေကြပါ၊ ကျန်းမာမှ အလုပ်ဆက်ပြီး လုပ်လို့ရမယ်။”

၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ့လှုပ်ရှားမှုအပြီး ဖမ်းဆီးခံထားရတဲ့ သံဃာတော်တွေရဲ့ ထောင်တွင်းက အခြေအနေတွေကိုလည်း သူမ ကြားသိထားပါတယ်။ ဒီအတွက်လည်း ဥပဒေကြောင်းအရ ဖြေရှင်းနိုင်ဖို့ ကြိုးစားမယ်လို့ ပြောပါတယ်။

ကိုဌေးကြွယ်ရဲ့ မိသားစုဝင် တဦးဖြစ်တဲ့ ကိုဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်ထဲက အခုလို ထုတ်နှုတ် ပြောကြားပါတယ်။

“ရပ်တည်မှုတွေနဲ့ ပတ်သက်ပြီး ခိုင်ခိုင်မာမာ ဆက်ပြီး ရပ်တည်နိုင်ဖို့အတွက် အားပေးစကား ပြောတာပါ။ အားပေးစကား ပြောပြီး အခု ထောင်ဝင်စာ သွားတွေ့တဲ့ အခြေအနေမှာ သူတို့ကို အပြင်က အခြေအနေတွေကိုလည်း ပြောပြပါ၊ သူတို့လည်း အတွင်းထဲကနေပြီး သူတို့ဖြစ်ချင်တဲ့၊ ပြောချင်တဲ့ အခြေအနေတွေကိုလည်း လွတ်လွတ်လပ်လပ် ပြောခွင့် ရသင့်တယ်ဆိုပြီး သူက ပြောသွားတာပါ။”

ဒီနေ့ပြုလုပ်တဲ့ အခမ်းအနားမှာ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုဝင်ပေါင်း ၇၀ ကျော်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ကိုဌေးကြွယ်ရဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဘက် သူငယ်ချင်းတွေလည်း လာရောက်ခဲ့ပါတယ်။

အလှူကို လာရောက်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ အမဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်ကလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို နိုင်ငံရေး အကျဉ်းသား မိသားစုတွေကို လာရောက် အားပေးတာကို ကျေနပ်မိပါတယ်လို့ ပြောပါတယ်။

“ဝမ်းသာတယ်၊ အန်တီက ဒီမိသားစုတွေပေါ်မှာ အလေးထားပြီးတော့ ဂရုတစိုက်နဲ့ နွေးနွေးထွေးထွေး ဆက်ဆံတာကို တွေ့ရတော့ အကုန်လုံးက ကျေနပ်ကြတယ်၊ ပီတိဖြစ်ကြပါတယ်။”

နိုင်ငံရေး အကျဉ်းသားတွေ အကျဉ်းထောင်ထဲမှာ ညှဉ်းပန်း နှိပ်စက်မှုတွေ၊ မိသားစုနဲ့ဝေးတဲ့ နယ်ဝေးထောင်တွေကို စစ်အစိုးရက ပို့နေဆဲပဲလို့ ပြည်ပအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အတွင်းရေးမှူး ကိုတိတ်နိုင်က လက်ရှိ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အခြေအနေကို ပြောပြတာကတော့ …

“အခုနောက်ဆုံး ဦးအုန်းသန်းဆို ခန္တီးထောင်က မန္တလေးထောင်ပို့တယ်၊ မန္တလေးကနေ မြစ်ကြီးနားပို့တယ်၊ မြစ်ကြီးနားကနေ ပူတာအို ပို့တယ်။ ဖျာပုံထောင်ဆို နိုင်ငံရေး အကျဉ်းသားက မရှိသလောက် ဖြစ်ပါတယ်။ တော်တော်နည်းပါတယ်။ အဲဒီမှာ မန္တလေးက NLD အဖွဲ့ဝင် ရွှေခမောက်လုပ်တဲ့ ဦးရွှေမောင်ကို သူတို့ဖမ်းတယ်၊ အခု ဖျာပုံထောင်မှာ နှိပ်စက်ညှဉ်းပန်းမှုတွေ များနေတဲ့ အခါကြတော့ သူက မျက်လုံးကို အပြင်မှာ ၂ ကြိမ်တိတိ သွားပြရတဲ့ အနေအထားမျိုးတွေ ရှိပါတယ်။”

၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှု အပြီးမှာ စစ်အစိုးရက နိုင်ငံရေး အကျဉ်းသားတွေကို ၂ ဆတိုးပြီး ဖမ်းဆီးလာတယ်လို့ အမေရိကန် ပြည်ထောင်စုက လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

မြန်မာ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသားပေါင်း ၂,၂၀၀ ကျော် ရှိနေတာပါ။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ဒီ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးပြီး မြန်မာ့နိုင်ငံရေးမှာ အားလုံးပါဝင်နိုင်ဖို့ တောင်းဆို တိုက်တွန်းမှုတွေ ရှိနေပေမဲ့ ဒီ နိုင်ငံရေး အကျဉ်းသားတွေ လက်ရှိ အနေအထားကတော့ မိသားစုနဲ့ဝေးတဲ့ နယ်ဝေးထောင်တွေ ပို့ခံနေရတာတွေ၊ ထောင်တွင်း ကျန်းမာရေး အခြေအနေ ဆိုးဝါးနေတာတွေ၊ ထောင်ဝင်စာ ပိတ်ပင်ခံရတာတွေ ရှိနေဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG