သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး အကျဉ်းသား ကူညီထောက်ပံ့ရေး NLD ဆောင်ရွက်


နိုင်ငံရေး အကျဉ်းသား ကူညီထောက်ပံ့ရေး NLD ဆောင်ရွက်
နိုင်ငံရေး အကျဉ်းသား ကူညီထောက်ပံ့ရေး NLD ဆောင်ရွက်

နိုင်ငံရေး အကျဉ်းသားတွေနဲ့ သူတို့မိသားစုဝင်တွေကို တတ်နိုင်တဲ့ဘက်က ကူညီထောက်ပံ့ပေးနိုင်ဖို့ ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့တုန်းက မဲနှိုက်ခဲ့ကြတာမှာ ဒေါ်အောင်ဆန်းစုကြည်က သူမ မဲပေါက်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားအပြင် အဲဒီလူနဲ့ အမှုတွဲ တတွဲတည်း ဖြစ်ကြတဲ့ တခြား နိုင်ငံရေး အကျဉ်းသား ၅ ယောက်ကိုပါ တပါတည်း ကူညီထောက်ပံ့ပေးမယ်လို့ ဆိုပါတယ်။ အဲဒီ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေနဲ့ မနေ့က NLD ရုံးချုပ်မှာ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

NLD အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ကူညီဖို့ မဲပေါက်သူကတော့ လှိုင်သာယာမြို့နယ်က နိုင်ငံရေး အကျဉ်းသား ကိုစိုးမင်းမင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုစိုးမင်းမင်းအပြင် သူနဲ့ အမှုတွဲ တတွဲတည်းဖြစ်တဲ့ လှိုင်သာယာမြို့နယ်ကပဲ တခြား နိုင်ငံရေး အကျဉ်းသား ၅ ယောက်ကိုပါ တပါတည်း ကူညီဖို့ ဒေါ်အောင်ဆန်းစုကြည်က ဆုံးဖြတ်ပြီး အဲဒီ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေနဲ့ တွေ့ဆုံခဲ့တဲ့အကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပြပါတယ်။

“ကိုစိုးမင်းမင်း မဲပေါက်ပြီးတဲ့နောက် အထွေထွေ အတွင်းရေးမှူးက ကိုစိုးမင်းမင်းနဲ့ အမှုတွဲများဖြစ်တဲ့ ကိုသန့်ဇင်မျိုး၊ မလှလှမော်၊ ဦးတင်ယု၊ ဦးကျော်စိုးဝင်း၊ ကိုဝင်းမြင့် စတဲ့ အဲဒီ နိုင်ငံရေး အကျဉ်းသားတွေကိုပါ သူက အမှုတွဲအားလုံးကို တာဝန်ယူပြီး ကူညီဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီ နိုင်ငံရေး အကျဉ်းသား ၆ ဦးရဲ့ မိသားစုတွေ၊ လှိုင်သာယာကပဲ ဖြစ်ပါတယ်။ အဲဒီမိသားစုတွေက ဒီနေ့ ရုံးကိုလာပြီး အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးက သူတို့ကို လက်ခံ တွေ့ဆုံပါတယ်။”

အဲဒီလို တွေ့ဆုံတဲ့အထဲ နိုင်ငံရေး အကျဉ်းသား ၆ ဦးရဲ့ မိသားစုဝင် ၂၅ ယောက်လောက်အပြင် NLD ဗဟိုလူမှု အထောက်အကူပြု အဖွဲ့က တာဝန်ခံ ဦးနိုင်းနိုင်းနဲ့ တခြား ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်တွေ တက်ရောက်ကြတယ်လို့ ဆိုပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကျန်းမာရေး အခြေအနေ၊ ထောင်ဝင်စာ တွေ့နိုင်ရေး ကိစ္စနဲ့ အကျဉ်းကျနေသူတွေရဲ့ သားသမီးတွေ ပညာသင်ကြားနိုင်ရေး ကိစ္စတွေကို ဆွေးနွေးပြီး ဒေါ်အောင်ဆန်းစုကြည်က သူတို့ကို အားပေးစကား ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

“အဲဒီမှာ အထွေထွေ အတွင်းရေးမှူးက နိုင်ငံရေး အကျဉ်းသား တဦးစီရဲ့ ကျန်းမာရေး အခြေအနေ၊ ထောင်တွင်း နေထိုင်ရတဲ့ အခြေအနေနဲ့ နောက် ထောင်ဝင်စာ သွားရောက်နိုင်တဲ့ အခြေအနေတွေ၊ သွားရေးလာရေး အခက်အခဲ အခြေအနေတွေကို မေးပါတယ်။ မေးပြီးတော့ သူတို့တွေ ထောင်ဝင်စာ ပုံမှန် သွားနိုင်ဖို့အတွက် ဘယ်လို ပံ့ပိုးကူညီရမလဲဆိုတာ သူတို့ မိသားစုတွေနဲ့ ညှိနှိုင်းပါတယ်။ အဲဒီ ထောင်ကျ နိုင်ငံရေး အကျဉ်းသားတွေရဲ့ သားသမီးတွေ ပညာရေးကိုလည်း စိတ်ဝင်တစား မေးပါတယ်။ မေးပြီးတော့ ကလေးတွေကို ပညာ ကြိုးစားကြဖို့ ဆုံးမ သြဝါဒ ပေးပါတယ်။

“အဲဒီနောက် အခုလို ထောင်ကျနေတဲ့ အတွက်ကြောင့် ဘာမှ အားငယ်စရာ မရှိတဲ့အကြောင်း၊ ဒါဟာ တကယ့် အများအကျိုးအတွက် ဆောင်ရွက်ရင်း အခုလို ဖြစ်သွားတဲ့အတွက် ဂုဏ်ယူရမှာတောင် ဖြစ်ကြောင်း၊ အဲဒါတွေ ပြောပြီးတော့ မိသားစုကို အားပေးစကား ပြောပါတယ်။”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးကြောင့် အကျဉ်းကျနေသူတွေနဲ့ သူတို့မိသားစုဝင်တွေကို ရုပ်ဝတ္ထုပစ္စည်း၊ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီထောက်ပံ့ရေး အစီအစဉ်တခုကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့က စတင် အကောင်အထည် ဖော်လိုက်တာပါ။

နိုင်ငံရေး အကျဉ်းသားတွေရဲ့ ဓာတ်ပုံနဲ့ ကိုယ်ရေးရာဇဝင် အကျဉ်းချုပ်ပါတဲ့ ရင်ထိုးတွေကို ကူညီချင်သူ စေတနာရှင်တွေက မဲနှိုက် တာဝန်ယူကြတဲ့ အစီအစဉ် ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို ရုပ်ဝတ္ထုပစ္စည်း ကူညီမှမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ကူညီတာဟာလည်း သူတို့လုပ်နေတဲ့ လုပ်ငန်းတွေကို ထောက်ခံအားပေးရာ ရောက်တယ်လို့ ဆိုပါတယ်။

ဒီနှစ် နှစ်သစ်ကူးချိန်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ လိုအပ်တဲ့အကြောင်း မြန်မာစစ်အစိုးရကို တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၃၁ ရက်နေ့မှာ စတင်မယ့် လွှတ်တော်သစ်ကို တက်ကြမယ့် NDF ပါတီက ကိုယ်စားလှယ်တွေကလည်း လွှတ်တော်ထဲ ရောက်တာနဲ့ အကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ဦးစားပေး တောင်းဆိုမယ်လို့ ပြောပါတယ်။

အခုရက်ပိုင်းအတွင်း နိုင်ငံရေး အကျဉ်းသားတွေ အနေနဲ့ ကျန်းမာရေး ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ အထူးသဖြင့်တော့ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေကို အပို့ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ ရာသီဥတုဒဏ်ကို ခံစားရတဲ့အပြင် လုံလောက်တဲ့ ဆေးဝါးကုသမှုလည်း မရကြဘူးလို့ ဆိုပါတယ်။

NLD ကတော့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ သူတို့မိသားစုဝင်တွေကို ကူညီ ထောက်ပံ့နိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ လွတ်လပ်ရေးနေ့အကြို ရန်ပုံငွေ ဈေးရောင်းပွဲ ကျင်းပခဲ့တာမှာ ကျပ် သိန်း ၁၀၀ လောက် ရခဲ့တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG