သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသား သင့်မြတ်ရေးအတွက် ဒီမိုကရေစီ လိုလားသူတွေနဲ့ ဒေါ်စု လက်တွဲမည်


ဒေါ်အောင်ဆန်းစုကြည် NLD ရုံးချုပ်တွင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပနေစဉ်။ နိုဝင်ဘာ ၁၄၊ ၂၀၁၀။
ဒေါ်အောင်ဆန်းစုကြည် NLD ရုံးချုပ်တွင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပနေစဉ်။ နိုဝင်ဘာ ၁၄၊ ၂၀၁၀။

နေအိမ်အကျယ်ချုပ်က မနေ့ကမှ လွတ်မြောက်လာခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဒီမိုကရေစီ အင်အားစုတွေနဲ့ လက်တွဲ ဆောင်ရွက်သွားဖို့ အဆင်သင့်ရှိတဲ့အကြောင်း ပြောဆိုရင်း လူထုရဲ့ အသံကို တိုက်ရိုက် ကြားလိုတဲ့အကြောင်း ဒီနေ့ ပြောဆိုလိုက်ပါတယ်။ သူမ ပြန်လွတ်လာပြီး ပထမဆုံး NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း အဲဒီလို ပြောကြားခဲ့တာပါ။ အပြည့်အစုံကို ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောသွားပါတယ်။

“ကျမတို့က ဒီမိုကရေစီ လိုအားတဲ့ အုပ်စု အဖွဲ့တွေ အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အဆင်သင့်ပဲ။ ဒါ ကျမတို့ရဲ့ အရင်တုန်းက မူဝါဒ အတိုင်းပဲ။ အခုလည်း ဒီမူဝါဒ အတိုင်းပါပဲ။”

လောလောဆယ် ထိုင်း၊ မြန်မာ နယ်စပ်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ပြဿနာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ သဘောထား အမြင်ကို အခုလို ပြောပြပါတယ်။

“တိုင်းရင်းသားတွေနဲ့ တိုက်ပွဲဖြစ်တာကတော့ ဘာများ စိတ်ချမ်းသာစရာ ရှိလဲ။ တိုင်းရင်းသားတွေနဲ့ တိုက်ပွဲဖြစ်တာကြောင့် ကျမတို့ အားလုံးအတွက် စိုးရိမ်စရာပေါ့၊ စိတ်မကောင်းစရာပေါ့။ ဒီလိုဟာမျိုးတွေက မဖြစ်သင့်ဘူးလေ။”

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လူမှုရေး လုပ်ငန်းတွေကို အာရုံစိုက် လုပ်တော့မယ် ဆိုတာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ရှင်းလင်း ပြောဆိုသွားပါတယ်။

“NGO ဖွဲ့မယ်လို့လည်း တခါမှ မပြောခဲ့ဘူး။ ကျမတို့ပြောတာက လူမှုဝန်ထမ်း အလုပ်တွေ လုပ်ဖို့ လိုနေပြီ။ လူမှုဝန်ထမ်း အလုပ်ဆိုတာ နိုင်ငံရေးနဲ့ ခွဲခြားလို့ မရဘူး။ အခုအချိန်မှာဆိုရင် ကျမတို့ ပြည်သူတွေက အင်မတန်မှ လိုအပ်နေတယ်။ စီးပွားရေးတွေလည်း ဒုက္ခရောက်နေတယ်၊ အကူအညီ လိုနေတယ်။ အဲဒီ လိုနေတဲ့ လူတွေရဲ့ အကူအညီကို ပေးနိုင်သလောက် ပေးဖို့ပဲ။ အဲဒါတွေက အခုမှ လုပ်တာ မဟုတ်ဘူးနော်။ ၁၉၉၅ ခုနှစ်ကတည်းက စပြီးတော့ လူမှုဝန်ထမ်း အလုပ်တွေကို လုပ်ခဲ့တာ။”

နိုင်ငံခြား သတင်းထောက်တွေရဲ့ အမေးကို ဒေါ်အောင်ဆန်းစုကြည်က ဖြေဆိုရာမှာ လူထုနဲ့ အဆက်ပြတ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံလိုတယ်လို့ အင်္ဂလိပ်လို အခုလို ဖြေရှင်းပါတယ်။

“လူထုရဲ့အသံကို နားထောင်ရင်းနဲ့ လေ့လာနေတာပါ။ ဒါပေမဲ့ အထဲမှာ နေရတော့ လူထုရဲ့အသံကို တိုက်ရိုက်ကြားရဖို့ သိပ်ကို ခက်ခဲလှပါတယ်။ လူထုတွေရဲ့ အသံတွေကို ကြားရဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က သူတို့ဆီကို စာရေးဖို့ အားပေးလိုတယ်လို့ ပြောပါတယ်။ လူထုအနေနဲ့ ဘာဖြစ်ချင်သလဲ၊ ဘာတွေ လုပ်စေချင်သလဲ ဆိုတာကို စာရေးပေးကြပါ၊ တချို့က ဆန္ဒတွေ ရှိနေပေမဲ့ လက်တွေ့မှာ ဖြစ်ချင်မှ ဖြစ်မှာပါ။

“ဒါပေမဲ့ သူတို့တွေ အားကျလာအောင်၊ မျှော်လင့်ချက်တွေ ပေးနိုင်အောင် လူထုရဲ့ အသံတွေကိုလည်း ကြားလိုပါတယ်။ လူထုရဲ့ အသံကို နားထောင်မှ ဖြစ်မှာပါလို့ ပြောပါတယ်။ ၆ နှစ်အတွင်းမှာ ရေဒီယိုကိုပဲ နားထောင်ခဲ့ရပြီး အခု လူတွေ ဘယ်လိုပြောတယ် ဆိုတာကို သူ နားထောင်ချင်တဲ့ ဆန္ဒ ရှိပါတယ်လို့ ပြောဆိုသွားပါတယ်။”

ဆက်လက်ပြီး မြန်မာပြည်အပေါ်မှာ သြဇာ အလွှမ်းမိုးဆုံးလို့ ယူဆကြတဲ့ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး အပေါ်မှာရော ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုများ သဘောထားပါသလဲ။

“တရုတ်နိုင်ငံကို ရန်သူလို သဘောမထားပါဘူး။ ဒီမိုကရေစီကို အမှန်တကယ် လိုချင်တဲ့သူတွေ အနေနဲ့ တရုတ်နိုင်ငံကို ရန်သူရယ်လို့ မရှုမြင်စေလိုပါဘူး။ တရုတ်နဲ့ မြန်မာနိုင်ငံဟာ အိမ်နီးချင်းတွေ ဖြစ်ပါတယ်။ ဒီကမ္ဘာကြီး တည်ရှိနေသရွေ့ တရုတ်နဲ့ မြန်မာနိုင်ငံဟာလည်း အိမ်နီးချင်းတွေအဖြစ် ရပ်တည်သွားမှာပါ။ ဒါကြောင့် အိမ်နီးချင်းကောင်း ပီသစွာ ဆက်ဆံသွားကြရမှာ ဖြစ်တယ်။” လို့ ပြောဆိုသွားပါတယ်။

ဆက်လက်ပြီး NLD ပါတီ တခုတည်းကပဲ နိုင်ငံကို လွှမ်းမိုးအုပ်ချုပ်တာ၊ ပါတီတခုတည်းက တပါတီစနစ်နဲ့ အုပ်ချုပ်တာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အခုလို သုံးသပ်သွားပါတယ်။

“တပါတီတည်းက နိုင်ငံအာဏာ ထိန်းချုပ်ထားတာ ဒီမိုကရေစီစနစ်လို့ မယူဆပါဘူး။ ဒီလိုပါပဲ၊ ပါတီတခုအတွင်းမှာလည်း လူတဦး တယောက်က ထိန်းချုပ်ထားတာက ဒီမိုကရေစီလို့ မယူဆပါဘူး။ ထိထိရောက်ရောက် မလုပ်ကိုင်နိုင်ဘဲ နိုင်ငံအတွက် ဘယ်လို ဒီမိုကရေစီမျိုးကို ဆောင်ကြဉ်းပေးနိုင်မှာပါလဲ။ NLD ပါတီကိုလည်း သူတယောက်တည်းနဲ့ ဘယ်တော့မှ ထိန်းချုပ်သွားမှာ မဟုတ်ဘူး။” လို့ ပြောဆိုသွားပါတယ်။

နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဝင်မပြိုင်ဘို့ ဆုံးဖြတ်ချက် ချတာနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ရှင်းပြပါတယ်။

“ပထမဆုံး အချက်ကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လုံး၀ မယုံကြည်လို့ပါပဲ။ ဒုတိယ အချက်ကတော့ ၁၉၉၀ ရွေးကောက်ပွဲကို လူထုက တခဲနက် ထောက်ခံထားပြီး ဝါကျလေး တကြောင်းတည်းနဲ့ ဖျက်သိမ်းလိုက်တာကြောင့် ဖြစ်ပါတယ်။ တတိယ အချက်ကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးအတွက် အရာရာကို စွန့်လွှတ် အနစ်နာခံပြီး အကျဉ်းကျခံနေကြတဲ့ ကျမတို့ရဲ့ ရဲဘော် ရဲဘက်တွေအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ မယူဆတဲ့အတွက် NLD ရွေးကောက်ပွဲကို မဝင်ခဲ့တာ ဖြစ်ပါတယ်။” လို့ ရှင်းလင်း ပြောပါတယ်။

ဒီနေ့ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့အထဲက ကောက်နှုတ် တင်ပြခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG