သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် သတင်းစာ ရှင်းလင်းပွဲ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ နိုဝင်ဘာ ၁၄၊ ၂၀၁၀။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ နိုဝင်ဘာ ၁၄၊ ၂၀၁၀။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရရှိရေးအတွက် သူတယောက်တည်း လုပ်လို့မရဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ဒီမိုကရေစီ လိုလားတယ်ဆိုရင် အားလုံးနဲ့ လက်တွဲလုပ်သွားမယ်လို့ တနင်္ဂနွေနေ့က လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေအရေး၊ NLD ရဲ့ ရှေ့ရေး၊ ပိတ်ဆို့အရေးယူမှု ဖယ်ရှားရေး၊ တွေ့ဆုံဆွေးနွေးရေး စတဲ့ အကြောင်းအရာတွေ အပါအဝင် ရွေးကောက်ပွဲမှာ မဲပေးခဲ့သူတွေအပေါ် သူ့အမြင်တွေကို ဖြေကြားခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ အကြောင်းကို မစုမြတ်မွန်က စုစည်းတင်ပြပေးထားပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ တနင်္ဂနွေနေ့က လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်က တော်တော်လေး အော်ဟစ် ဖြေကြားခဲ့ရတယ်လို့ ပြောရမှာပါ။ သူ့ကိုမေးကြတဲ့ ပြည်တွင်း ပြည်ပက သတင်းထောက်တွေကလည်း သူ့ထက်ငါ အလုအယက်ကို မေးခဲ့ကြပါတယ်။ သူ့ရဲ့ လွတ်မြောက်မှုနဲ့ ပတ်သက်ပြီး သတင်းထောက် တယောက်က မေးတော့ ဒေါ်အောင်ဆန်းစုကြည်က…

“ကျမရဲ့ ပြည်သူတွေ မလွတ်မြောက်သေးသရွေ့ ကျမ လွတ်မြောက်တယ်လို့ ဘယ်ပြောနိုင်ပါ့မလဲ။ အားလုံးအတူ မလွတ်မြောက်သရွေ့ ဘယ်သူမှ မလွတ်လပ်သေးပါဘူး။ တယောက်နဲ့တယောက် ကူညီပြီး လွတ်လပ်မှုနဲ့ ဒီမိုကရေစီရအောင် လုပ်သွားရမယ်။” လို့ ဖြေသွားပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရရှိအောင် လုပ်ဖို့အတွက်ကိုလည်း အားလုံးနဲ့ လက်တွဲ လုပ်သွားမယ်လို့ ပြောပါတယ်။

“ကျမတို့က အမြဲ တံခါးဖွင့်ထားပါတယ်။ ကျမတို့နဲ့ ဒီမိုကရေစီ လိုလားတဲ့ အုပ်စုအဖွဲ့တွေနဲ့ အားလုံး လက်တွဲပြီး ဆောင်ရွက်ဖို့ အဆင်သင့်ပဲ။ ကျမတို့ရဲ့ အရင်တုန်းက မူဝါဒကလည်း ဒီအတိုင်းပဲ။ အခုလည်း ဒီမူဝါဒအတိုင်းပဲ။”

လောလောဆယ်မှာတော့ ဘယ်ပါတီနဲ့မှ ဆွေးနွေးဖို့ အစီအစဉ် မရှိသေးပါဘူးလို့လည်း သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ ရွေးကောက်ပွဲဝင်တာ၊ မဝင်တာကို သူ့အနေနဲ့ ဘာမှ မပြောလိုပါဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ရွေးကောက်ပွဲမှာ မဲထည့်ခဲ့သူတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့သဘောထားကို ပြောတာကတော့…

“ဒါကတော့ ဘယ်လိုကြောင့် မဲပေးတာလဲဆိုတော့ အန်တီတို့ အနေနဲ့ ကိုယ့်ရဲ့ဆန္ဒအရ၊ တကယ်ပဲ လွတ်လပ်တဲ့ ဆန္ဒအရ၊ အဓိပ္ပာယ်ရှိတဲ့ ဆန္ဒအရ၊ တကယ်ပဲ အခြေအနေကိုသိလို့ ကြိုက်လို့ ပေးတယ်ဆိုရင် ဘယ်သူ့ပေးပေးပါ၊ အန်တီတို့အနေနဲ့ ကန့်ကွက်စရာအကြောင်း မရှိဘူး။ ဒါပေမဲ့ ကိုယ် အလုပ်တခုလုပ်ရင် ဘာဖြစ်လို့ လုပ်တာလဲဆိုတာ သိရမယ်။ အခု မဲပေးတယ်၊ ဘာအတွက် မဲပေးလဲ၊ ဘာရည်ရွယ်ချက်နဲ့ ပေးလဲ၊ ဘာဖြစ်လို့ လက်ခံတာလဲ၊ သေချာစဉ်းစားပြီး ကြိုက်လို့ ပေးရင် အန်တီတို့က ဘာမှပြောစရာအကြောင်း မရှိပါဘူး။”

မြန်မာ့နိုင်ငံရေးမှာ ပေါ်ထွက်လာတဲ့ အင်အားစုတွေ အနေနဲ့ အားလုံး ပေါင်းစုပြီး လုပ်သင့်တာကိုလည်း သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အလေးပေး ဖြေကြားသွားပါတယ်။

“တတိယ အင်အားစုတို့၊ စတုတ္ထ အင်အားစုတို့၊ ပဉ္စမ အင်အားစုတို့၊ အဲဒါတွေက အရေးမကြီးပါဘူး။ တကယ် အရေးကြီးတာက ဒီမိုကရေစီအတွက် တကယ်လုပ်ပေးချင်တဲ့အဖွဲ့၊ တချို့အဖွဲ့တွေက ဘယ်လို ပေါင်းစုပြီးတော့ ပြည်သူအတွက် ထိရောက်အောင် လုပ်ပေးနိုင်မလဲ ဆိုတာပဲ အရေးကြီးပါတယ်။ ဒုတိယ အင်အားစုတို့၊ တတိယ အင်အားစုတို့ဆိုတာ နာမည်တွေပဲ ဖြစ်ပါတယ်။ ဒီနာမည်ဆိုတာ တကယ်ပဲ ထိရောက်တဲ့ နာမည်လား ဘာလားဆိုတာ ကျမတို့ သိမှာမဟုတ်ပါဘူး။”

ရွေးကောက်ပွဲမှာ NLD ပါတီ အရွေးမခံတဲ့အတွက် ပါတီရဲ့ ရှေ့ရပ်တည်မှု ဘယ်လိုဖြစ်မှာလဲဆိုတဲ့ နိုင်ငံခြား သတင်းထောက်ရဲ့ အမေးကို ဖြေရာမှာတော့…

“အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ပါတီတခု အနေနဲ့ ရပ်တည်ဖို့ တည်ထောင်ခဲ့တာ မဟုတ်ပါဘူး။ ဒီမိုကရေစီ ရရှိအောင် လှုပ်ရှားဆောင်ရွက်မယ့် အဖွဲ့တခု အနေနဲ့ တည်ထောင်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ ပြည်သူတွေဟာ ဒီမိုကရေစီကို လိုလားနေသရွေ့၊ အာဏာပိုင်တွေက တရားဝင်တယ်ပဲပြောပြော၊ တရားမဝင်ဘူးပဲပြောပြော၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ဆက်လက် ရှိနေမှာပဲ။” လို့ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

NLD ပါတီကို ဖျက်သိမ်းတာနဲ့ ပတ်သက်လို့ တရားဆိုင်နေဆဲဖြစ်လို့ တရားမဝင်ပါတီလို့ ပြောလို့ မရတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က သတင်းစာ ရှင်းလင်းပွဲမှာ ထောက်ပြသွားပါတယ်။

“အခုက NLD ဟာ ဖျက်ပိုင်ခွင့် ရှိမရှိဆိုတာ တရားရုံးမှာ ရောက်နေတယ်။ ၁၈ ရက်နေ့မှာ တရားရုံးက ကြားနာမယ်။ အဲဒါပြီးမှ အဖြေထွက်မယ်။ ဒါပေမဲ့ ဒါဟာ တရားရုံးကချတဲ့ အဖြေသာဖြစ်တယ်။ NLD ဆက်လက် တည်ရှိလား၊ မတည်ရှိဘူးလားဆိုတဲ့ အဖြေမှန်ကတော့ ပြည်သူလူထုရဲ့ နှလုံးသားထဲမှာပဲ ရှိတယ်။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က NGO အဖွဲ့အနေနဲ့ လုပ်မှာမဟုတ်ဘူး ဆိုတာကိုလည်း ရှင်းပြပါတယ်။

“ဒီအဖွဲ့ချုပ်က နိုင်ငံရေးအဖွဲ့ပဲ။ အဲဒီတော့ အန်တီတို့ အနေနဲ့ NGO ဖွဲ့မယ်လို့လည်း တခါမှ မပြောခဲ့ဘူး။ အန်တီတို့ ပြောတာက လူမှုဝန်ထမ်း အလုပ်တွေ လုပ်ရမယ်။ လူမှုဝန်ထမ်း အလုပ် လုပ်တယ်ဆိုတာ၊ လူမှုဝန်ထမ်းဆိုတာ နိုင်ငံရေးနဲ့ ခွဲခြားလို့ မရဘူး။ အခုအချိန်မှာ အန်တီတို့ ပြည်သူတွေက အင်မတန်မှ လိုအပ်နေတယ်။ ဆင်းရဲနေတယ်၊ ဒုက္ခရောက်နေတယ်၊ အကူအညီ လိုနေတယ်။ အဲဒီ လိုချင်တဲ့၊ လိုနေတဲ့ အကူအညီတွေကို ပေးနိုင်သလောက် ပေးဖို့ပဲ။ အဲဒါလည်း အခုမှလုပ်တာ မဟုတ်ပါဘူး။ အခုမှပြောတာ ဆိုပေမဲ့ တကယ်တော့ ၁၉၉၅ ခုနှစ်ကတည်းက စပြီးတော့ ဒီလို လူမှုဝန်ထမ်း အလုပ်တွေကို လုပ်ခဲ့တာပဲ။”

မြန်မာနိုင်ငံအပေါ်မှာ နိုင်ငံတကာရဲ့ ပိတ်ဆို့ အရေးယူမှုတွေ ဖယ်ရှားရေးနဲ့ ပတ်သက်လို့ မေးခွန်းမေးတာကိုတော့ NLD အလုပ်အမှုဆောင်တွေနဲ့ မဆွေးနွေးရသေးတဲ့အတွက် အတိအကျ မပြောနိုင်သေးပေမဲ့ ပြည်သူတွေရဲ့ ဆန္ဒအတိုင်း ဖြစ်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်ဖြေပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ နိုဝင်ဘာ ၁၄၊ ၂၀၁၀။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ နိုဝင်ဘာ ၁၄၊ ၂၀၁၀။

“ပြည်သူတွေက ခိုင်မာတဲ့ အကြောင်းအချက်တွေနဲ့ Sanction ကို ဖျက်စေချင်ပါတယ်ဆိုရင် ဖျက်မယ်။ ခိုင်မာတဲ့ အကြောင်းရပ်တွေ ဖြစ်ရမယ်။”

သတင်းစာ ရှင်းလင်းပွဲမှာ တယောက်က ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့ အပေါ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဘာပြောချင်ပါလဲလို့ မေးတာကိုတော့ ဒေါ်အောင်ဆန်းစုကြည်က…

“ဘာပြောချင်လဲဆိုတော့ ဘာပဲဖြစ်ဖြစ် ပြောခွင့်ရရင် ကောင်းမှာပဲ။ ပြောကြစို့ ဆိုတာပဲ ပြောချင်ပါတယ်။”

မကြာခင်က ကလေးမြို့မှာ ဒုတိယ ပင်လုံညီလာခံ ခေါ်ဖို့နဲ့ ပတ်သက်တဲ့ ကလေးမြို့ ကြေညာစာတမ်း ထုတ်ပြန်ခဲ့တဲ့အပေါ် သူ့ရဲ့ သဘောထားကိုလည်း အခုလို ပြောသွားပါတယ်။

“ဒုတိယပင်လုံ ဆိုတာက ကျမ ၈၉ ခုနှစ်တုန်းက ပြောခဲ့ဖူးတဲ့ ကိစ္စပဲ။ အခုအချိန်မှာတော့ ၂၁ ရာစုနဲ့ ကိုက်ညီတဲ့ ပင်လုံစိတ်ဓာတ် ထူထောင်ဖို့ ပင်လုံညီလာခံတခု လိုတယ် ဆိုတာကိုပဲ ပြောလိုပါတယ်။”

မြန်မာနိုင်ငံမှာ တိုက်ပွဲတွေနဲ့ ပြဿနာကို ဖြေရှင်းတာဟာ စိတ်မကောင်းစရာလို့လည်း ဒေါ်အောင်ဆန်းစုကြည်က မြင်ပါတယ်။

“တိုင်းရင်းသားတွေနဲ့ တိုက်ပွဲဖြစ်တာကတော့ ဘာများ စိတ်ချမ်းသာစရာရှိလဲ၊ တိုင်းရင်းသားတွေနဲ့ တိုက်ပွဲဖြစ်တာ ကျမတို့ အားလုံးအတွက် စိုးရိမ်စရာပေါ့၊ စိတ်မကောင်းစရာပေါ့။ ဒီလိုဟာမျိုးတွေ မဖြစ်သင့်ဘူး။ ဒါကို ကျမတို့က ငြိမ်းချမ်းတဲ့နည်းနဲ့ မတူကွဲပြားတဲ့ အတွေးအမြင်တွေကို ဖြေရှင်းမယ်ဆိုတဲ့ အယူအဆကို ကိုင်စွဲထားတဲ့သူတွေ ဆိုတော့ ဒီလို တိုက်ပွဲတွေနဲ့ ဖြေရှင်းရမယ်ဆိုတဲ့ ကိစ္စက ကျမတို့အတွက် အများကြီး ဝမ်းနည်းစရာပဲ။”

မြန်မာနိုင်ငံမှာ အကျဉ်းကျနေဆဲဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ အရေးကိုလည်း မမေ့ပါဘူး ဆိုတာကို သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါသေးတယ်။

“နိုင်ငံရေး အကျဉ်းသားတွေလည်း တောင့်ထားလို့ ပြောရမှာပဲ။ ဘယ်တော့မှ မမေ့ဘူး။ ကျမတို့စိတ်ထဲမှာ တချိန်လုံးရှိနေတဲ့ ကိစ္စပဲ။”

မြန်မာပြည်သူတွေ ပညာရေးပိုင်း အားနည်းတာ၊ နိုင်ငံရေးအသိ အားနည်းတာနဲ့ ပတ်သက်တဲ့ အမေးကို ဖြေတာမှာလည်း…

“ပွင့်ပွင့်လင်းလင်း ပြောရရင် အန်တီတို့ ပြည်သူတွေအနေနဲ့ Education အပိုင်းမှာ တော်တော့်ကို အားနည်းပါတယ်။ ပြည်သူတွေရဲ့ ပညာရေးကို ပိုပြီးတော့ မြှင့်တင်ဖို့လိုတယ်။ ပညာရေး စနစ်ကြီးကိုက အားနည်းနေမှတော့ နိုင်ငံရေး အသိပညာလည်း အားနည်းမှာပေါ့။”

နှစ်ပေါင်းများစွာ မိသားစုအရေးထက် မြန်မာပြည်သူတွေ အရေးကို ဆောင်ရွက်နေတဲ့အတွက် သူ့ကို အနစ်နာခံတယ်လို့ ပြောကြတာကိုလည်း ဒေါ်အောင်ဆန်းစုကြည် ပြန်ပြောတာက သူကတော့ အဲဒီလို မယူဆပါဘူးတဲ့။

“အနစ်နာခံတယ်လို့တော့ အမေ လုံး၀ စိတ်ထဲမှာ မထားဘူး။ အမေ့ကို အနစ်နာခံတယ်၊ အနစ်နာခံတယ်လို့ ပြောရင်လည်း ဒါ တကယ့်ကို မျက်နှာပူစရာ ကိစ္စပဲ။ ဒါ အမေ လျှောက်ချင်တဲ့လမ်းကို အမေ့ဘာသာ ရွေးပြီးတော့ လျှောက်တာ။ အနစ်နာခံတယ်လို့ လုံး၀ မထားဘူး။ စိတ်ထဲမှာ အနစ်နာခံတယ် ဆိုတာက အကြွေးတောင်းတဲ့ သဘောပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကို အနစ်နာခံတယ်လို့ လုံးလုံး မထင်ဘူး။ ကိုယ်ရွေးတဲ့လမ်းကို ကိုယ်လျှောက်တယ်၊ ကိုယ်ကြိုက်လို့ ကိုယ်လျှောက်တယ်။ ခံစရာရှိရင် ကိုယ်ခံမယ်။ ဘယ်သူ့ကိုမှလည်း အကြွေးလာမတောင်းဘူး။”

ဒေါ်အောင်ဆန်းစုကြည်ကို နုပျိုနေအောင် ဘယ်လိုနေပါသလဲလို့ တယောက်ကလည်း မေးပါတယ်။ အဲဒါကိုတော့ အရွှန်းဖောက်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြန်ဖြေတာက…

“အလုပ်လိုအပ်ချက်အရ ဒီမိုကရေစီ မရမချင်း ကျန်းကျန်းမာမာနဲ့ ခိုင်ခိုင်မာမာ နေရမယ်။ ဒီမိုကရေစီ မြန်မြန်ရရင်တော့ ကောင်းကောင်းမွန်မွန်၊ အေးအေးဆေးဆေး အဖွားကြီးလို သွားမယ်။”

သူ့ရဲ့အင်အားဟာ ပြည်သူတွေရဲ့အင်အား ဖြစ်တယ် ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပြီး အားလုံး လက်တွဲလုပ်သွားရမယ့် အကြောင်းကို အလေးပေး ပြောသွားပါသေးတယ်။

“ပြည်သူတွေရဲ့ အားက အန်တီ့အားပဲ။ အန်တီ့အားဖြစ်အောင် အားရှိရှိနဲ့ နေရမှာပေါ့။ အန်တီက တယောက်တည်း လုပ်လို့ရလို့လား။ စောစောကလည်း ပြောပြီးပြီ၊ လူတယောက်တည်း ဒီမိုကရေစီ လုပ်လို့ရရင် ဒီလောက်များ လွယ်မယ် ထင်လို့လား။ တန်ဖိုး အတော်ရှိတဲ့ကိစ္စနော်၊ တန်ဖိုးရှိတဲ့ ကိစ္စတခုအတွက်ဆိုရင် အများကြီး ပေးဆပ်ရတယ်။ တယောက်တည်း လုပ်လို့လည်း မရဘူး။ တယောက်တည်း လုပ်လို့ရတယ်လို့ ထင်ရင်လည်း ဒီမိုကရေစီစိတ်ဓာတ်ကို မဟုတ်တော့ဘူး။ အဲတော့ ပြည်သူက ဒီမိုကရေစီ လိုချင်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် လုပ်ပေးဆိုရင် ဒီမိုကရေစီရမှာ မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ အာဏာရှင် တယောက်ပဲ ပေါ်လာမှာပဲ။ အဲတော့ ပြည်သူက ဝိုင်းပြီးလုပ်ရမယ်။”

အခုလို မေးကြ ပြောကြတာတွေကို ပြည်တွင်း သတင်းမီဒီယာတွေမှာ ရေးသားခွင့်မရရင် ဘာပြောမလဲလို့ ပြည်တွင်းသတင်းထောက် တယောက်က မေးတော့…

“အဲဒီလိုဆိုရင်တော့ ရွေးကောက်ပွဲပြီးတော့ ဘာမှလည်း မထူးခြားပါလားလို့ ပြောရမှာပဲ။”

တနင်္ဂနွေနေ့က အမျိုးသား ဒီမိုကရေစီ ရုံးချုပ်မှာ လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားသွားချက်တွေ ဖြစ်ပါတယ်။ သတင်းစာ ရှင်းလင်းပွဲမှာ ပြည်တွင်း ပြည်ပက သတင်းထောက်တွေနဲ့ ပြည့်နှက်နေတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရဖို့ နီးပြီလားလို့ နိုင်ငံခြား သတင်းထောက် တယောက်က မေးတာကို ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ ရှေ့ကို ကြိုမမြင်နိုင်လို့ ဘယ်တော့ မြန်မြန်ရမယ် ဆိုတာကိုတော့ မပြောနိုင်ပါဘူး၊ အမြန်ဆုံး ရအောင်အတွက် ကြိုးစားသွားပါ့မယ်၊ ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းမှုဟာ ပြည်သူတွေဆီက ထောက်ခံမှု ဘယ်လောက်ရသလဲ ဆိုတဲ့အပေါ်မှာ အများကြီး မူတည်နေပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေသွားပါတယ်။

XS
SM
MD
LG