သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ရှေးဟောင်း အမွေအနှစ် ကမ္ဘာ့အဆင့်မီ ထိန်းသိမ်းနိုင်ဖို့ ဒေါ်စု တိုက်တွန်း


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပုဂံခရီးစဉ်နှင့် ပတ်သက်၍ သတင်းထောက်များအား ရှင်းလင်း ပြောကြားနေစဉ်။ ဇူလိုင် ၁၁၊ ၂၀၁၁။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပုဂံခရီးစဉ်နှင့် ပတ်သက်၍ သတင်းထောက်များအား ရှင်းလင်း ပြောကြားနေစဉ်။ ဇူလိုင် ၁၁၊ ၂၀၁၁။

မြန်မာနိုင်ငံက ရှေးဟောင်း ယဉ်ကျေးမှုလက်ရာ အမွေအနှစ်တွေကို နိုင်ငံတကာ စံနှုန်းနဲ့အညီ ထိန်းသိမ်း ပြုပြင်ဖို့နဲ့ ကမ္ဘာလှည့် ခရီးသွားတွေ မျက်စိကျတဲ့ ပုဂံက ရှေးဟောင်းလက်ရာတွေ ထိန်းသိမ်းရေးအတွက် ပုဂံမိတ်ဆွေများအဖွဲ့ Friends of Bagan ကို ဖွဲ့စည်းဖို့ပါ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ပြုလုပ်တဲ့ သူ့ရဲ့ခရီးစဉ်အကြောင်း ရှင်းလင်းပွဲမှာ အကြံပေး တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ပုပ္ပါးက အင်ကြင်းတောလို သစ်တောထိန်းသိမ်းရေး အောင်မြင်နေချိန်မှာ အနီးဝန်းကျင်က ဇီးအိုသစ်လှလို နေရာမှာ ထန်းလျက် လုပ်ငန်းကြောင့် သဘာ၀ ပတ်ဝန်းကျင် ပြုန်းတီးနေတာတွေကိုလည်း စောင့်ရှောက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဆက်သွယ် မေးမြန်းထားတဲ့ ဘန်ကောက်ရောက် ဗွီအိုအေ ဝိုင်းတော်သူ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ သားဖြစ်သူအတွက် အချိန်ပေးတဲ့ အနေနဲ့ ပုဂံဘုရားဖူး ထွက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က ခရီးစဉ် တလျှောက်မှာ လိုက်ပါ သတင်းယူဖို့အတွက် ကြိုးစားခဲ့တဲ့ ပြည်တွင်း ပြည်ပ သတင်းဌာနတွေကို ပေးထားတဲ့ ကတိအတိုင်း ဒီကနေ့ နေအိမ်မှာ ဖိတ်ကြားပြီး ပုဂံ၊ ပုပ္ပါးဒေသဆိုင်ရာ သူ့ရဲ့ အမြင်တွေကို ပြောကြားခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပုဂံမှာ ကျန်စစ်သားမင်းကြီး တည်ထား ကိုးကွယ်တဲ့ အာနန္ဒာ၊ မြစေတီကျောက်စာ၊ မနူဟာနဲ့ သဗ္ဗညုဘုရားတွေကို သွားရောက် ဖူးမြော်ခဲ့ပါတယ်။ အာနန္ဒာဘုရားကို သွားရတာဟာ ကျန်စစ်သားမင်းကြီးကို အားကျတာကြောင့်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားကြောင်း NLD ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောပါတယ်။

“ကျန်စစ်သားမင်းကြီးက ပြည်သူအပေါ်မှာ မေတ္တာကြီးမားတယ်၊ အနော်ရထာပေါ်မှာ သစ္စာရှိတယ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အမြော်အမြင်ကြီးစွာ ဦးစားပေး ဆောင်ရွက်တတ်တယ်။ အထူးခြားဆုံးကတော့ မြန်မာ့သမိုင်းမှာ ထီးနန်းအမွေ ဆက်ခံဖို့ ကိစ္စကို တစုံတရာ ပြဿနာ မဖြစ်အောင် ဆောင်ရွက်ပေးနိုင်ခဲ့တဲ့ ဘုရင်တပါးပဲတဲ့။ အမွေဆက်ခံတဲ့ နေရာမှာပါ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အမြင်နဲ့ သူက ဆောင်ရွက်ခဲ့တာတွေ ရှိတယ်တဲ့။

“မြစေတီကျောက်စာကတော့ တိုင်းရင်းသား လူမျိုးတွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ဘာသာပေါင်းစုံ ရေးထိုးထားတဲ့ အတွက်ကြောင့် ဒါဟာလည်း ကာလတွေ ခြားနားမှုတွေကို မြင်တွေ့ရသလိုပဲ၊ အဲဒါကြောင့် သွားဖူးခဲ့တာတဲ့။ နောက် မနူဟာဘုရားကတော့၊ မနူဟာက စစ်ရှုံးဘုရင်ပဲ၊ ဒါပေမဲ့ ထူးခြားတဲ့ အရည်အချင်း သူ့မှာရှိတယ်တဲ့။ ဘုန်းတန်ခိုးရှင်လို့ အနော်ရထာကတောင် ကြောက်လောက်အောင် ပြည်သူလူထုက လေးစားတဲ့ အရည်အချင်းတွေရှိတဲ့ အကျင့်စရိုက်တွေ ရှိတဲ့သူ ဖြစ်တယ်ပေါ့။ ပြီးတော့ အကျဉ်းကျခံ လူတွေရဲ့ ဘဝကို စာနာမိလို့လည်း သွားဖူးတာ ဖြစ်တယ်တဲ့။”

သဗ္ဗညုဘုရားကို အရင်တခေါက် ရောက်ခဲ့တာမို့ အခုထိလည်း ပြုပြင် ထိန်းသိမ်းမှုနဲ့ ပတ်သက်ပြီး အတော့်ကို လိုအပ်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ရှေးဟောင်းလက်ရာ အမွေအနှစ်တွေ ထိန်းသိမ်းဖို့ လိုအပ်နေပြီး အခုလို ထိန်းသိမ်းရာမှာလည်း နိုင်ငံတကာ အဆင့်အတန်းမီ ထိန်းသိမ်းကြဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင် နီပေါမှာ တွေ့ကြုံခဲ့ရတာနဲ့ ယှဉ်ပြီး ပြောကြားခဲ့ပါတယ်။

“ရှေးဟောင်း အမွေအနှစ် အဆောက်အအုံတွေကို ထိန်းသိမ်းတယ် ဆိုတာဟာ အဆင့်အတန်းမီဖို့၊ အထူးသဖြင့် ကမ္ဘာ့အဆင့်အတန်းမီဖို့ လိုတယ်။ အဆင့်အတန်း မမီတာမျိုး ဖြစ်သွားရင် ဆုံးရှုံးမှု တန်ဖိုးက အလွန်ကြီးမားတယ်တဲ့။ နီပေါနိုင်ငံမှာ သူရောက်တုန်းက ဟာနုမန် ဘုရားကျောင်းလိုဟာမျိုး၊ နန်းတော်လိုဟာမျိုးကြီး တခုကို ထိန်းသိမ်းတဲ့ လုပ်ငန်းကို ကိုယ်တိုင်ကိုယ်ကျ တွေ့ခဲ့ဖူးတယ်တဲ့။

“အဲဒီ သက်ဆိုင်ရာ ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေး ပညာရှင်တွေက ဟိုခေတ်ကလူတွေရဲ့ နည်းပညာတွေ၊ အုတ်ဖုတ်တာတို့ ဘာတို့က အစပေါ့ဗျာ၊ သစ်ဆည်းသုံးတာတို့ ဘာတို့ကအစ အဲဒါတွေ အချိန်ယူပြီးတော့ လေ့လာတယ်။ လူကြီးသူမတွေကို မေးတယ်။ သူတို့ကိုယ်တိုင် အုတ်ဖုတ်တာ၊ သစ်စပ်တာကအစ ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းနာတွေကို လေးငါးနှစ်လောက် အချိန်ယူ လေ့လာပြီးတော့မှ ရှေးဟန်မပျက် ပြင်ဆင်တဲ့ လုပ်ငန်းတွေကို လေ့လာခဲ့ရဖူးတယ်။ အဲဒီလို ကမ္ဘာ့အဆင့်အတန်းမီမီ ဖြစ်အောင် လုပ်သင့်တယ်။ လုပ်စေချင်တယ်တဲ့။ အဲဒီလို မဟုတ်ဘဲနဲ့ အလွယ်တကူ ပြုပြင်တဲ့နည်းနဲ့ လုပ်ပြီးတော့မှ ပြန်ပြီးတော့ ပြင်ဖို့ဆိုတာ အလွန့်အလွန် ခက်သွားပြီတဲ့။”

ကမ္ဘာလှည့် ခရီးသွားတွေ မျက်စိကျတဲ့ ပုဂံက ရှေးဟောင်းလက်ရာ အမွေအနှစ်အတွက် လာရောက် ကြည့်ရှုသူတွေကိုယ်တိုင် ဒီလက်ရာတွေကို ထိန်းသိမ်းရာမှာ ဝိုင်းဝန်းကူညီနိုင်ဖို့ ပုဂံမိတ်ဆွေများအဖွဲ့ ဖွဲ့စည်းဖို့လည်း အကြံပေးခဲ့ပါတယ်။

“ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်လို့ NLD က မကြာသေးမီက သဘောထားတွေ ထုတ်ပြန်ပြီးပါပြီ။ ပြန်ပြီးတော့ Review လုပ်တာတွေ ထုတ်ပြီးပြီ။ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းဟာ စည်းမျဉ်း စည်းကမ်း ဘောင်ထဲကနေ လုပ်သင့်တယ်။ ဧည့်သည်တွေ လာရောက်လည်ပတ်တဲ့ အတွက်ကြောင့် အဲဒီဒေသမှာ နေတဲ့လူတွေ တကယ် ထိထိရောက်ရောက် အကျိုးဖြစ်ထွန်းစေချင်တယ်။ အဲဒါကလည်း နှစ်ဘက် တယောက်နဲ့တယောက် နားလည်မှုရှိစွာ၊ အသိတရားရှိစွာနဲ့ ပူးပေါင်း ဆောင်ရွက်မှ နှစ်ဘက်စလုံး အကျိုးဖြစ်ထွန်းစေချင်တယ်။

“တချိန်တည်းမှာ အဲဒီ နှစ်ဦးနှစ်ဘက်တင်မက ထိန်းသိမ်းထားအပ်တဲ့ ယဉ်ကျေးမှု အမွေအနှစ် အဆောက်အအုံတွေ အတွက်လည်း အဲဒီ ခရီးသွားလုပ်ငန်းကနေ အကျိုးဖြစ်ထွန်းနိုင်မှ ကောင်းလိမ့်မယ်တဲ့။ ကျမအမြင်ပြောရရင် ပုဂံကို မြတ်နိုး၊ တန်ဖိုးထားသူတွေ အသင်းတခုရယ်လို့ Friends of Bagan လို ဟာမျိုးတောင် ဖွဲ့သင့်တယ်တဲ့။ အဲဒီမှာ ကမ္ဘာအရပ်ရပ်က ပုဂံယဉ်ကျေးမှုကို မြတ်နိုး တန်ဖိုးထားသူများဟာ လူအား၊ ငွေအား၊ ပစ္စည်းအား၊ အကြံဉာဏ်အားတွေနဲ့ စုပေါင်း ကြိုးပမ်းသင့်တယ်တဲ့။ ဥပမာ အီတလီက Friends of Venice လို ဟာမျိုးပေါ့တဲ့။”

ပုပ္ပါးတဝိုက်မှာ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သစ်တော ထိန်းသိမ်းရေးကို အောင်အောင်မြင်မြင် လုပ်နေတာ တွေ့ရပေမဲ့ ပတ်ဝန်းကျင် ကျေးရွာတွေမှာ လောင်စာအတွက် စည်းကမ်းမဲ့ သစ်ခုတ်မှုတွေရဲ့ ဒဏ်ကို ခံနေရတာတွေအပြင် စေတနာရှင်တွေရဲ့ အကူအညီတွေကိုပါ လိုအပ်နေတဲ့ ကျေးရွာတွေကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

“ပုပ္ပါးရောက်တော့ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းထားတာတွေ တွေ့တယ်။ ဥပမာ အင်ကြင်းတောတခု ဆိုရင် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အားကောင်းတဲ့ အတွက်ကြောင့် တကယ့်ကို နှစ်သက်ရှည်တဲ့ အင်ကြင်းပင်တွေ မြောက်မြားစွာ အဲဒီမှာ မပျက်မယွင်း တွေ့တယ်။ အဲဒါ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးက အလွန်လိုအပ်တယ်တဲ့။

“အဲဒီမှာ အင်ကြင်းတောကို သွားရင်းက လမ်းခုလတ်မှာရှိတဲ့ ဇီးအိုသစ်လှဆိုတဲ့ ရွာကို ရောက်တယ်။ အဓိက စီးပွားရေး လုပ်ငန်းက ထန်းလျက်ချက်တာပဲ ဖြစ်နေတယ်။ ထန်းလျက်ချက်တဲ့ နေရာမှာ လောင်စာသုံးဖို့ ဆိုပြီးတော့ အနီးအနား ပတ်ဝန်းကျင်မှာရှိတဲ့ အပင်ငယ်တွေကိုပါ အကုန် ခုတ်တဲ့အခါကျတော့ ပတ်ဝန်းကျင် တခုလုံးက၊ ထိန်းသိမ်းတော မခုတ်ရဘူး ဆိုရင်လည်း ဘေးက အပြင်က သစ်ပင်ငယ်တွေပါ ခုတ်တဲ့အခါကျတော့ သစ်တောတွေ ပြုန်းကုန်ပြီးတော့ အဲဒီမှာ အကုန် ခြောက်သွေ့ကုန်တယ်။

“ဒီရွာမှာ ရေအခက်အခဲ ဖြစ်နေတယ်။ ကျန်းမာရေးအတွက်လည်း အားထားစရာ ဆေးခန်းရယ်လို့ တခုမှ မရှိဘူး။ သွားဖွားဆရာမ တယောက်ပဲ ရှိတယ်။ တပြည်လုံး အတိုင်းအတာနဲ့ ကြည့်ရင်တော့ ဇီးအိုလိုရွာတွေ အများကြီး ရှိနေမှာပဲတဲ့။ ဒါပေမဲ့ စေတနာရှင်တွေက ဝိုင်းပြီးတော့ ဒါကို ဖြေရှင်းပေးရင်တော့ ဖြစ်နိုင်ပါတယ်တဲ့။”

ဇီးအိုရွာအတွက် NLD က စက်ရေတွင်းတတွင်း တူးဖော်ပေးဖို့ စီစဉ်နေတယ်လို့လည်း ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇူလိုင်လထဲမှာ နယ်ခရီးထွက်ဖို့အတွက် အရင်ကတည်းက ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့ အခမ်းအနားကို NLD ရုံးချုပ်မှာ ကျင်းပဖို့ စီစဉ်ထားတာမို့ နောက်ပိုင်းမှပဲ ခရီးသွားဖို့ ရှိတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

XS
SM
MD
LG