သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် ချက်ချင်းလွှတ်ပေးဖို့ ကင်တားနား တောင်းဆို


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတာဟာ ဥပဒေမဲ့ မတရား ဆောင်ရွက်ချက်ဖြစ်တယ် ဆိုပြီး ဥပဒေမဲ့ ဖမ်းဆီး ထိန်းသိမ်းမှုဆိုင်ရာ ကုလသမဂ္ဂ အလုပ်အဖွဲ့က အမြင်သဘောထား ထုတ်ပြန်လိုက်ပါတယ်။ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ပဋိညာဉ်စာတမ်းပါ အချက်အလက်တွေ၊ အခြေခံမူတွေကို လေးစားလိုက်နာဖို့ကိုလည်း ဒီအဖွဲ့က တောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တာနား (Mr. Tomas Ojea Quintana) က ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးဖို့ ဒီတောင်းဆိုချက်အပေါ် မြန်မာအစိုးရက လေးစားလိုက်နာဖို့ ထပ်မံ တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ ၆၅ နှစ်ပြည့် မွေးနေ့ ကျရောက်ခါနီးပြီမို့ သူမ လွတ်မြောက်ရေးအတွက် နိုင်ငံတကာ တိုက်တွန်း တောင်းဆိုမှုတွေ ပိုပြီး ကျယ်လောင်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ ကိစ္စဟာ မြန်မာ့နိုင်ငံရေး အခြေအနေ၊ လူ့အခွင့်အရေး အခြေအနေ တိုးတက်စေဖို့အတွက် ကနဦးခြေလှမ်း ဖြစ်တယ်လို့ မစ္စတာကင်တာနား အနေနဲ့ အရင်ကတည်းက ထုတ်ဖော်ပြောခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂ အနေနဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့တရပ်ထားပြီး စစ်ဆေးဖို့လည်း ပန်ကြားထားသူပါ။ အခုလည်း ကုလသမဂ္ဂရဲ့ အလုပ်အဖွဲ့ အကြံပြုချက်အတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းသွားပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ ဥပဒေမဲ့ မတရား ဖမ်းဆီးထိန်းသိမ်း ခံထားရတာပါ။ ဒါဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေကို ဆန့်ကျင်ချိုးဖောက်တာ ဖြစ်သလို မြန်မာနိုင်ငံရဲ့ ပြည်တွင်းဥပဒေနဲ့လည်း မကိုက်ညီပါဘူး။ ဒါကြောင့် သူမကို ချက်ချင်း အမြန်ဆုံး ပြန်လွှတ်ပေးဖို့ကို ကျနော့်အနေနဲ့ရော၊ အခု ဒီ ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းမှုဆိုင်ရာ အလုပ်အဖွဲ့ကပါ နှစ်ပေါင်းများစွာကတည်းက တောင်းဆိုခဲ့တာပါ။”

ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းမှုဆိုင်ရာ ကုလသမဂ္ဂ အလုပ်အဖွဲ့ အနေနဲ့ အခုလို သဘောထား အမြင်ကို ထုတ်ပြန်ရာမှာ နိုင်ငံတကာရော၊ ပြည်တွင်း ဥပဒေတွေကိုပါ လေ့လာပြီးမှ အကြံပြုချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာအစိုးရ အနေနဲ့ အခုလို အကြံပြုချက်ကို လေးစားလိုက်နာဖို့ တာဝန်ရှိတယ်လို့လည်း မစ္စတာကင်တာနားက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် နိုင်ငံတကာမှာ ဆောင်ရွက်နေတဲ့ Freedom Now အဖွဲ့က ဂျဲရက်ဒ် ဂျန်ဆာ (Jared Genser) ကတော့ မြန်မာအစိုးရ အနေနဲ့ နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာမှု ရှိမရှိ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားခြင်းက သက်သေပါပဲလို့ ဗွီအိုအေကို ပြောပါတယ်။

“ဥပဒေမဲ့ ဖမ်းဆီးမှုဆိုင်ရာ ကုလသမဂ္ဂ အလုပ်အဖွဲ့ အနေနဲ့ အခုလို ဖမ်းဆီးမှုဟာ နိုင်ငံတကာ ဥပဒေနဲ့ မညီဘူးလို့ ပြောတာ အခုဆို ၆ ကြိမ် ရှိပါပြီ။ မြန်မာအစိုးရ အနေနဲ့ကတော့ မကြာခင်က နျူကလီယားကိစ္စနဲ့ ပတ်သက်လို့ ငြင်းချက်ထုတ်တဲ့ နေရာမှာ ကုလသမဂ္ဂ ကြေညာစာတမ်းတွေကို သူတို့အနေနဲ့ လိုက်နာတယ်ဆိုပြီး ပြောနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အခုချက်ချင်းလွှတ်ပေးမယ် ဆိုရင်တော့ ဟုတ်တယ်လို့ ပြောရမှာပါ။ ဒါပေမဲ့လို့ ဖမ်းထားဦးမယ် ဆိုရင်တော့ ဒီလိုပြောတာ မမှန်ပါဘူး။”

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အကြံပြုထားတဲ့ ဒီအလုပ်အဖွဲ့ဟာ သူတို့ရဲ့ သဘောထား အမြင်ကို ထုတ်ပြန်တဲ့ သဘောသာဖြစ်ပြီး တဘက်မှာ မြန်မာအစိုးရ မဖြစ်ဖြစ်အောင် လုပ်ပေးရမယ်ဆိုတဲ့ သဘော လုပ်ပိုင်ခွင့် သူတို့မှာ မရှိပါဘူး။ ဒါကြောင့်လည်း အခု ၆ ကြိမ်မြောက် အကြံပြုတဲ့အထိ မြန်မာအစိုးရဘက်က အပြုသဘော တုံ့ပြန်ပါ့မလား စဉ်းစားစရာပါ။ ဒါကြောင့်လည်း မစ္စတာကင်တာနားကတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ အခုလို လူ့အခွင့်အရေး ကိစ္စတွေမှာ ကုလသမဂ္ဂက အရေးယူ ကိုင်တွယ်နိုင်တဲ့အထိ လုပ်ပိုင်ခွင့်တွေ ရှိလာဖို့ လိုမယ်လို့ ယူဆပါတယ်။

“အလုပ်အဖွဲ့ရဲ့ လုပ်ပိုင်ခွင့်၊ ဆောင်ရွက်ခွင့်ထဲမှာ အရေးယူ ကိုင်တွယ်တာမျိုး မရှိပါဘူး။ ဒါကြောင့်လည်း အစိုးရဘက်က အလုပ်အဖွဲ့ရဲ့ အခုလို အကြံပြုချက်ကို လိုက်လျောမှု မရှိပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တနိုင်ငံ ဖြစ်ပါတယ်။ မြန်မာအစိုးရ အနေနဲ့ နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာဖို့ လိုပါတယ်။

“ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ လူ့အခွင့်အရေးကို လေးစား လိုက်နာလာအောင် ဘယ်လို ဖျောင်းဖျပြောမလဲဆိုတာ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ သူတို့လုပ်ပိုင်ခွင့်တွေ ခိုင်မာလာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ဆုံးဖြတ်သင့်ပါတယ်။ ဒါကြောင့် ဘာမှ အရေးယူနိုင်တဲ့ လုပ်ပိုင်ခွင့် မရှိရင်တော့ အလုပ်အဖွဲ့ရဲ့ အကြံပြုချက်တွေကို အစိုးရတွေက လေးစားလိုက်နာမှာ မဟုတ်ပါဘူး။”

နိုင်ငံတကာမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆောင်ရွက်နေတဲ့ ဂျဲရက်ဒ် ဂျန်ဆာကတော့ သူတို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့အတွက် အခုလို ကုလသမဂ္ဂဘက်က နည်းလမ်းတွေ အပါအဝင် ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းတွေအားလုံး အသုံးပြုသွားမယ်လို့ ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး၊ မြန်မာနိုင်ငံတွင်း အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရရှိရေးအတွက် နိုင်ငံတကာက အလေးထားလာဖို့ ဖြစ်နိုင်သမျှ နည်းအားလုံးနဲ့ ကြိုးပမ်းသွားမှာပါ။”

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အဖြစ်နဲ့ပဲ CSW ကမ္ဘာ့ ခရစ်ယာန်ဘာသာ သွေးစည်းညီညွတ်ရေး အဖွဲ့ကလည်း မြန်မာနိုင်ငံတွင်းက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကုလသမဂ္ဂ အနေနဲ့ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုပါတယ်။ ဒါ့အပြင် မြန်မာစစ်အစိုးရကို နိုင်ငံတကာက လက်နက်ရောင်းချမှု ပိတ်ပင်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

တချိန်တည်းမှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီ အာနန် (Kofi Annan)၊ တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလား (Nelson Mandela)၊ အမေရိကန် သမ္မတဟောင်း ဂျင်မီ ကာတာ (Jimmy Carter) အစရှိတဲ့ ကမ္ဘာ့ ဝါရင့်ခေါင်းဆောင်ဟောင်းတွေကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မြန်မာ့အိမ်နီးချင်း နိုင်ငံတွေကို မြန်မာအစိုးရကို ဝိုင်းဝန်းဖိအားပေးဖို့ တိုက်တွန်းသွားပါတယ်။

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နစ္စဘာ့ဂ် (Johannesburg) မှာလုပ်တဲ့ အဲဒီ ကမ္ဘာ့ ဝါရင့်ခေါင်းဆောင်ဟောင်းတွေ အစည်းအဝေးမှာတော့ ဒေါ်အောင်ဆန်းစုကြည် နေရာအဖြစ် ခုံလွတ်တခုထားပြီး ဒေါ်အောင်ဆန်းစုကြည်ကို အမှတ်တရ ဂုဏ်ပြုခဲ့ကြပါတယ်။

XS
SM
MD
LG