သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်အရေး ဒေါ်စု စိုးရိမ်


နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ဆူပူမှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်ရကြောင်း အလေးအနက် ပြောဆိုလိုက်ပါတယ်။ နော်ဝေနိုင်ငံခြားရေးဝန်ကြီး ယူနွတ်စ် ဂါ စတော (Jonas Gahr Store) နဲ့ တွေ့ဆုံစဉ်မှာ အခုလို ပြောလိုက်တာပါ။ ဒါ့အပြင်လည်း တိုင်းရင်းသားဒေသတွေက ပဋိပက္ခတွေ ပြေလည်ရေးအတွက် ကြိုးပမ်းတဲ့နေရာမှာ နော်ဝေနိုင်ငံရဲ့ ထောက်ခံပံ့ပိုးမှု အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ပြောဆိုခဲ့ပါတယ်။ ဒီလို ပြောခဲ့တာတွေနဲ့ပတ်သက်လို့ နော်ဝေမှာရောက်နေတဲ့ ဗွီအိုအေ အယ်ဒီတာ ဒေါ်ခင်စိုးဝင်းက နိုင်ငံခြားရေးဝန်ကြီးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာ မေးမြန်းခွင့်ရလိုက်ပါတယ်။

နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ဥရောပခရီးစဉ် ၅ ရက်မြောက်နေ့ ဒီကနေ့ တနင်္ဂနွေနေ့မှာ နော်ဝေနိုင်ငံခြားရေးဝန်ကြီး ယူနွတ်စ် ဂါ စတော တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားရေးဝန်ကြီးဌာန အဝင်ဝအရောက် ကားပေါ်က ဆင်းဆင်းလာချင်းဆိုသလိုပဲ ကျမ နှုတ်ဆက်ခွင့် ရခဲ့ပြီး အစည်းအဝေးပြီးတော့ ကားပေါ်ပြန်မတက်ခင်မှာလည်း မေးခွန်းတခု အခုလို မေးနိုင်ခဲ့ပါတယ်။

မမ နေကောင်းပါလား မမ။

“ကောင်းပါတယ်။”

မမ ဒီနေ့ ဘာတွေများ ထွေထွေထူးထူး ပြောဖြစ်ပါလဲ မမ။

“ကျမတို့ မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့ကိစ္စတွေပါ။”

လတ်တလော ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် ဆူပူမှုတွေနဲ့ပတ်သက်လို့ ဆွေးနွေးဖြစ်တဲ့အကြောင်းကို ဝန်ကြီး စတော က ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“အခုဖြစ်ပွားနေတဲ့ အကြမ်းဖက် ဆူပူမှုတွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က စိုးရိမ်မကင်း ဖြစ်ရကြောင်း အလေးအနက် ပြောဆိုပါတယ်တဲ့။ သူကလည်း အလားတူ စိုးရိမ်တဲ့အကြောင်း၊ ဒါကြောင့် ဘာတွေ လုပ်ပေးနိုင်မလဲ ဆိုတာတွေကို ပြေပြေလည်လည် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ နောက် တိုင်းရင်းသား ဒေသတွေက အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်တွေ ဆက်ပြီး လုပ်ဆောင်ရမယ့်အကြောင်း၊ ပြည်ပကနေ ဒီလုပ်ငန်းစဉ်တွေကို ပံ့ပိုးပေးတာ၊ ဖိအားပေးတာလောက်ပဲ လုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်တဲ့။ တကယ်တမ်း လက်တွေ့ အလေးအနက်ထားပြီး အကောင်အထည်ဖော်ရမှာက မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အတွေအကြား နှစ်ဘက်စလုံးက တာဝန်ယူရမှာ ဖြစ်တယ်လို့ ထောက်ပြ ဆွေးနွေးခဲ့တဲ့အကြောင်း၊” ပြောဆိုသွားပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံနဲ့ နော်ဝေလို ဥရောပခရီးစဉ်တွေမှာ နိုင်ငံအကြီးအကဲတယောက်လို သဘောထားပြီး ကြိုဆိုနှုတ်ဆက်ကြတာတွေနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ ဆက်ဆံရေး ကသိကအောက် ဖြစ်နိုင်မလား ဆိုတာနဲ့ ပတ်သက်လို့ ဝန်ကြီး စတော့ က အခုလို ဖြေပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို နိုဘဲ ဆုရှင်တယောက်အနေနဲ့ နော်ဝေနိုင်ငံက လက်ခံကြိုဆိုနေတာ ဖြစ်ပါတယ်၊ သူဟာ လွန်ခဲ့တဲ့ ၂၁ နှစ်လောက်ကတည်းက ဒီလိုပဲ လက်ခံကြိုဆိုသင့်ခဲ့တာပါ။” - လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ဒီလိုမျိုး နိုဘဲလဆုရှင်တယောက် ပေါ်ထွန်းလာတာကို ဂုဏ်ယူရမှာပါတဲ့။ မြန်မာပြည်သူလူထု အတွက်လည်း ဂုဏ်ယူလို့ကောင်းတဲ့ အမှာစကား ပါးလိုက်တာဖြစ်တယ်လို့ ဝန်ကြီး စတော့ က ပြောဆိုသွားတာပါ။

တချိန်တည်းမှာပဲ နော်ဝေနိုင်ငံခြားရေးဝန်ကြီးက ကျမတို့နဲ့ တွေ့ဆုံ မေးမြန်းပြီးပြီးချင်း ဆိုသလိုပဲ မြန်မာအစိုးရ ကိုယ်စားလှယ် အဖွဲ့တဖွဲ့လည်း နော်ေ၀ နိုင်ငံခြားရေးဝန်ကြီးဌာနကို ဆိုက်ရောက်လာပါတယ်။ အဲဒီအဖွဲ့ကို ဦးဆောင်လာတဲ့ မြန်မာအစိုးရ ပြည်ထောင်စု စက်မှု (၂) ဝန်ကြီး ဦးစိုးသိန်းကလည်း နော်ဝေ၊ အော်စလို ဖိုရမ် နှီးနှောဖလှယ်ပွဲမှာ မြန်မာ့ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဆွေးနွေးဖြစ်ကြတယ်လို့ ဗွီအိုအေကို ပြောပြပါတယ်။ ထိုင်းနဲ့ ဥရောပနိုင်ငံတွေက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခေါင်းဆောင် အဆင့်အတန်းထားပြီး ကြိုဆို နှုတ်ဆက်ကြတာတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရရဲ့ သဘောထားကို ဝန်ကြီး ဦးစိုးသိန်းက အခုလို ပြောပါတယ်။

“အားလုံး တိုင်းပြည်အတွက် လုပ်ကြတာပဲလေ။ အားလုံး တိုင်းပြည်အတွက် ကိုယ့်လမ်းနဲ့ကိုယ် move လုပ်တာပဲ။ အားလုံး မေတ္တာပွားရမှာပေါ့။ ဒါ ကောင်းတဲ့အလုပ်ပဲလေ။ မဟုတ်ဘူးလား။ ဒီလိုပဲ နိုင်ငံတကာမှာ ကျနော်တို့ နိုင်ငံကို သိကြ၊ အလေးထားကြ၊ ကူညီကြ၊ ပံ့ပိုးကြ၊ အကြံပြုကြ၊ ဒီလိုပဲ သွားရမှာပေါ့။ ဒါက ရှေ့သွားရမယ့်အလုပ်တွေပဲ။”

ဒီနေ့ တနင်္ဂနွေနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အော်စလိုမြို့ကနေ ဘာဂန်မြို့ကို ခရီးထွက်ခွာမှာ ဖြစ်ပါတယ်။ ဘာဂန်မြို့မှာ သူ့ကို ပထမဆုံး ဆုပေးခဲ့တဲ့ ရက်ဖ်တို ဖောင်ဒေးရှင်းကဆုကို လက်ခံရယူမှာ ဖြစ်ပါတယ်။ အဲဒီနောက် ဘာဂန်မြို့မှာရှိတဲ့ မြန်မာ မိသားစုအသိုင်းအဝိုင်းကို နှုတ်ဆက်တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း နော်ဝေနိုင်ငံကနေ သတင်းပေးပို့ခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် ဇွန်လ ၁၈ ရက်နေ့ မနက်ပိုင်းမှာတော့ နော်ဝေလွှတ်တော်ကိုသွားပြီး လွှတ်တော် ဥက္ကဋ္ဌနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ မနက်ပိုင်းမှာပဲ မြန်မာအစိုးရ စက်မှုဝန်ကြီး ဦးစိုးသိန်းလည်း တက်ရောက်မှာဖြစ်တဲ့ အော်စလို ဖိုရမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်ပြီး နေ့လယ်ပိုင်းမှာတော့ အိုင်ယာလန်နိုင်ငံ ဒက်ဘလင်မြို့ကို ခရီးဆက်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG