နေအိမ်အကျယ်ချုပ်ကနေ မနေ့က ပြန်လည် လွတ်မြောက်လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေ ထောင်နဲ့ချီ သွားရောက်တွေ့ဆုံ နှုတ်ဆက်ခဲ့ကြသလို နိုင်ငံတကာက နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင်တွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ မြန်မာ့အရေးလှုပ်ရှားသူတွေ အားလုံးကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ အပေါ် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းဖို့မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ပေးရုံနဲ့ မလုံလောက်ဘဲ အဓိပ္ပါယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို လုပ်ဖို့လည်း လိုအပ်တယ်လို့ မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေ ကလည်း ပြောပါတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုအပေါ် နိုင်ငံတကာ ခေါင်းဆောင်တွေရဲ့ အသံတွေနဲ့ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်တချို့ရဲ့ သုံးသပ်ချက်တွေကို မခင်ဖြူထွေးက စုစည်းတင်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာတဲ့အပေါ် မြန်မာနိုင်ငံသားတွေနဲ့အတူ မြန်မာ့အိမ်နီးချင်း နိုင်ငံတချို့ အပါအဝင် နိုင်ငံတကာကလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြတာပါ။ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ မှာ စုဝေးရောက်ရှိနေကြတဲ့ နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင်တွေကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု အတွက် အထူးဝမ်းမြောက်ကြောင်း မနေ့က ပြောဆိုခဲ့ကြပါတယ်။ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးက ရွေးကောက်ပွဲ ပြီးသွားတဲ့နောက်ပိုင်း မရေရာမှုတွေနဲ့ လမ်းစပျောက်နေကြတဲ့ မြန်မာပြည်သူတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ မျှော်လင့်ချက်တွေကို တဖန် ပြန်ပေးနိုင်မယ့်သူ ဖြစ်တယ်၊ မြန်မာနိုင်ငံသားတွေ အတွက်တင်သာမကဘဲ လူတိုင်းကို စိတ်ဓါတ်ခွန်အား ပေးစွမ်းနိုင်တဲ့ ကမ္ဘာ့ပြယုဂ်တခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
တောင်အာဖရိက သမ္မတဟောင်း နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် Frederik Willem de Klerk ကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး နှစ်ပေါင်းများစွာ တောင်းဆိုလာခဲ့ရပြီးတဲ့နောက် အခုလို ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာတဲ့အပေါ်မှာ ဝမ်းမြောက် ကြိုဆိုကြောင်းနဲ့ အခုလွတ်မြောက်မှုဟာ ရေရှည် လွတ်မြောက်မှုဖြစ်ဖို့နဲ့ အရင်အကြိမ်တွေတုန်းကလို ပြန်မဖြစ်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။
နိုဘဲလ်ဆုရှင် နောက်တဦးဖြစ်တဲ့ အမေရိကန် သမ္မတ အိုဘားမားကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အတွက်တော့ သူရဲကောင်းတယောက်ပါလို့ ဆိုပြီး မြန်မာနိုင်ငံနဲ့ ကမ္ဘာတဝှမ်း အခြေခံ လူ့အခွင့်အရေးတွေ ရဖို့ တိုက်ပွဲဝင်နေကြသူတွေ အားလုံးအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ မျှော်လင့်ချက်ခွန်အားတွေ ပေးစွမ်းနိုင်သူဖြစ်တယ်လို့ မနေ့က ထုတ်ပြန်တဲ့ အိမ်ဖြူတော်က သမ္မတရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထား ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့အတွက် ဝမ်းမြောက်ဝမ်းသာရပေမဲ့ ခုချိန်ထိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေ အားလုံးဟာ စစ်အစိုးရရဲ့ စနစ်တကျ နုတ်ပိတ်တာ၊ အကျဉ်းချတာကို ခံနေရဆဖြစ်ပြီး မြန်မာနိုင်ငံ အပြောင်းအလဲကို ဖော်ဆောင်နိုင်မယ့် နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာလည်း ပါဝင်ခွင့်မရပဲ ဖြစ်နေတယ်လို့ဆိုပြီး မြန်မာစစ်အစိုးရ အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ကိုလည်း သမ္မတ အိုဘားမားရဲ့ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။
အလားတူပဲ မြန်မာနိုင်ငံရေးကို ဖြေရှင်းတဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်းကို လွတ်ပေးယုံနဲ့ လုံလောက်မှာမဟုတ်ဘဲ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကိုပါ လွတ်ပေးပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာအောင်လည်း မြန်မာစစ်အစိုးရအနေနဲ့ လုပ်ရလိမ့်မယ်လို့ ပြည်ပရောက် အမျိုးသား ညွှန့်ပေါင်းအစိုးရအဖွဲ့ (NCGUB) ဝန်ကြီးချုပ် ဒေါက်တာ စိန်ဝင်းက ပြောပါတယ်။
“ကျနော်တို့အနေနဲ့ကတော့ ဝမ်းသာပါတယ်။ သို့သော်လည်းပဲ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော် မြန်မာပြည်မှာ ဒီကနေ့ ရှိတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာလည်း အင်မတန်မှ တရားမမျှတဲ့ ရွေးကောက်ပွဲဆိုတာ မြန်မာပြည်ရဲ့ စံချိန်ရော၊ ကမ္ဘာ့စံချိန်တောင်မှ ဝင်နိုင်ပါတယ်။ အဲဒီလို အခြေအနေမျိုးပေါ့နော်။ နိုင်ငံရေးအရပဲကြည့်ကြည့်၊ လူမှုရေးအရပဲကြည့်ကြည့် အခြေအနေတွေက ဆိုးနေတယ်။ အဲဒီအချိန်မှာ ကျနော်တို့ အနေနဲ့ တောင်းဆိုချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ယုံတင်မကဘူးပေါ့နော်။ အဓိပ္ပါယ်ရှိတဲ့ စကားပြောပွဲကို စဖို့လိုပြီလို့ ကျနော် ပြောလိုပါတယ်။”
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အတွက် အလွန့်အလွန်ကို ဝမ်းမြောက်ရပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်အတွက် နိုင်ငံတကာ ရှေ့နေတယောက်အဖြစ် ဆောင်ရွက်နေတဲ့ Jared Genser ကလည်း ပြောပါတယ်။
“ကျနော် အရမ်းကိုပဲ ဝမ်းသာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ပေါင်း ၂၁ နှစ်အတွင်း ၁၅ နှစ်လောက်က နေအိမ်အကျယ်ချုပ်နဲ့ နေနေရတာပါ။ ၂၀၀၃ ခုနှစ် မေလကစလို့ ပြီးခဲ့တဲ့ ၇ နှစ်လုံးလုံး ဆက်တိုက် အကျဉ်းချခံရတာပါ။ ခုလို ပြန်လည် လွတ်မြောက်လာတယ်ဆိုတော့ သူ့အတွက်ရော မိသားစုအတွက်ပါ တကယ့်ကို ဝမ်းမြောက်စရာ နေ့တနေ့ပါ။ ကျနော်လည်း တကယ်ပဲ ဝမ်းသာတာပါ။ ဒါပေမဲ့ ကျနော်တို့ ပြန်သတိရဖို့ အရေးကြီးတာတခုက အရင်က ဒေါ်အောင်ဆန်းစုကြည် ၃ ကြိမ်တိုင်တိုင် အကျယ်ချုပ်က လွတ်မြောက်ဖူးပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တွေတုန်းက မြန်မာစစ်အစိုးရဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးတာမျိုး၊ စေ့စပ်ညှိနှိုင်းတာမျိုး မရှိခဲ့သလို ဘာမှမဖြစ်ခဲ့ပါဘူး။ ဒါ့ကြောင့် လုပ်စရာတွေ အများကြီး ကျန်နေသေးလို အခုတကြိမ် ပြန်လွတ်မှုဟာ မိုင်ထောင်ရှည် ခရီးရဲ့ အစ ပထမခြေလှမ်းပဲ ဖြစ်ပါလိမ့်မယ်။”
ပြည်တွင်းပြည်ပ ဖိအားတွေကြောင့် ဒေါ်အောင်ဆန်းစုကြည် အခုလိုပြန်လည် လွတ်မြောက်လာတာ ဖြစ်လို့ ဒီလိုဖိအားတွေကို မြန်မာစစ်အစိုးရဘက်က တွေ့ဆုံဆွေးနွေးမှုတွေ လုပ်လာတဲ့အထိ ဆက်ပြီး ပေးသွားဖို့ လိုအပ်တယ်လို့လည်း ရှေ့နေ Jared Genser ကပြောပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ ပြင်သစ်သမ္မတ ဆာကိုဇီ တို့ကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အပေါ် ဝမ်းသာပေမဲ့ သူ့ရဲ့ လွတ်လပ်မှုနဲ့ အခွင့်အရေးတွေကို ပိတ်ပင်ကန့်သတ်မှုတွေ မြန်မာစစ်အစိုးရဘက်က ထပ်ပြီး လုပ်မလုပ်ဆိုတာကိုတော့ သတိကြီးကြီး စောင့်ကြည့်သွားမယ်လို့ ဆိုကြပါတယ်။ အလားတူပဲ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန်၊ ဂျာမနီဝန်ကြီးချုပ် အဲန်ဂလာမာကဲလ် နဲ့ ဥရောပသမဂ္ဂက ဥရောပကော်မရှင်ဥက္ကဌ Jose Manuel Barroso၊ ကနေဒါ ဝန်ကြီးချုပ် Stephen Harper တို့ကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုအတွက် ကြိုဆိုလိုက်သလို မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကိုပါ ချက်ချင်း လွှတ်ပေးပြီး အတိုက်အခံ နိုင်ငံရေးအင်အားစုတွေနဲ့ တိုင်းရင်းသားအဖွဲ့တွေ ပါဝင်တဲ့ အဓိပ္ပါယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လုပ်သွားဖို့ကိုလည်း သူတို့က တောင်းဆိုလိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီ ကလင်တန်ကလည်း မြန်မာစစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွေထဲက ဖယ်ရှားဖို့ ဘယ်လိုပဲ ကြိုးစား ကြိုးစား ပြည်သူတွေအပေါ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သန္နိဌာန်ကတော့ ပျက်ပြယ်သွားမှာ မဟုတ်ဘူးလို့ ဆိုပြီး အခုတကြိမ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်ပေးမှုမှာလည်း ချွင်းချက်တွေမပါဘဲ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားခွင့်တွေ အာမခံပေးဖို့ မနေ့က ကြေညာချက်တစောင် ထုတ်ပြန်ပြီး မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။ ငြိမ်းချမ်းပြီး သာယာ၀ ပြောတဲ့ ဒီမိုကရေစီ အနာဂတ်တခု ဖန်တီးနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေ ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတရပ် အမြန်ဆုံးစတင်ပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးကို အကောင်အထည်ဖော်ဖို့ ကိုလည်း မစ္စစ် ကလင်တန်က တိုက်တွန်းထားပါတယ်။ အလားတူပဲ အမေရိကန် ရီပါပလစ်ကန်ပါတီက အထက်လွှတ်တော်အမတ် ခေါင်းဆောင် Mitch McConnell ကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုဟာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် ပထမခြေလှမ်း ဖြစ်သင့်ကြောင်းနဲ့ သူမရဲ့ လွတ်လပ်စွာ သွားလာ လှုပ်ရှားခွင့်၊ ပြောဆိုခွင့်တွေကို မြန်မာစစ်အစိုးရက ခွင့်ပြုမပြု အဓိက မေးစရာရှိနေသေးတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား ကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုအပေါ် ဝမ်းမြောက်ကြောင်း အခုလို ပြောခဲ့ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာကို ကြိုဆိုပါတယ်။ အခုလွှတ်ပေးတာလည်း နောက်ကွယ်က ချုပ်ချယ်တာမျိုး မရှိဘူးလို့ မျှော်လင့်ပါတယ်။ သူမကို ချုပ်နှောင်ထားတာဟာ လူ့အခွင့်အရေး ချိုးဖောက်တာမိုလို့ နိုင်ငံတကာက တောင်းဆိုတဲ့အတိုင်း လွှတ်ပေးမယ်လို့လည်း မျှော်လင့်ခဲ့တာပါ။ အခုလိုမျိုး ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးတာကို ကြိုဆိုပါတယ်။ အခြား နိုင်ငံရေး အကျဉ်းသားတွေကိုလည်း ပြန်လွှတ်ပေးဖို့ ထပ်မံတောင်းဆိုပါတယ်။”
အလားတူပဲ မြန်မာ့အိမ်နီးချင်း ဒေသတွင်းနိုင်ငံတွေဖြစ်ကြတဲ့ ထိုင်း၊ မလေးရှားနဲ့ အိန္ဒိယနိုင်ငံတွေကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုအပေါ် ကြိုဆိုခဲ့ကြပါတယ်။ အခုလို လွတ်မြောက်လာမှုကနေ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည် သင့်မြတ်ရေး ကြိုးပမ်းမှုတွေအတွက် သိသိသာသာ အကျိုးပြုလိမ့်မယ် အခိုင်အမာယုံကြည်ကြောင်း မနေ့က ထုတ်ပြန်တဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Somanahalli Mallaiah Krishna ကလည်း မြန်မာနိုင်ငံမှာ နိုင်ငံရေးအင်အားစု အားလုံး ပါဝင်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဖို့ အိန္ဒိယနိုင်ငံက အမြဲတမ်း တိုက်တွန်းနေတာဖြစ်သလို အခုလို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုအတွက် ကြိုဆိုပါတယ်လို့ ဆိုပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုအတွက် အိန္ဒိယအစိုးရက ကြိုဆိုပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အစပျိုးမှုဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုကနေ ပိုပြီးတော့ ပြည့်စုံတဲ့ ချဉ်းကပ်မှုမျိုးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာလိမ့်မယ်လို့လည်း ကျနော်တို့ ယုံကြည်ပါတယ်။”
အခုလို ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာမှုအပေါ် မြန်မာ့ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် အနောက်နိုင်ငံတွေက ခေါင်းဆောင်တွေ၊ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ အားလုံးက ဝမ်းမြောက်ဝမ်းသာ တုံ့ပြန်ခဲ့ကြပေမဲ့ မြန်မာနိုင်ငံရဲ့ အနီးကပ် အိမ်နီးချင်း တရုတ်နိုင်ငံကတော့ တစုံတရာ ထုတ်ဖော်ပြောဆိုလာခြင်း မရှိသေးပါဘူး။
ကမ္ဘာကျော် တေးဂီတအဖွဲ့ U2 ကတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုအတွက် ဝမ်းသာပေမဲ့ သူမရဲ့ လုံခြုံရေးအတွက်တော့ စိုးရိမ်တုန်းပဲလို့ မနေ့က ပြောဆိုသွားပါတယ်။