သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည် ငြိမ်းချမ်းသာယာရေး ဝိုင်းဝန်း ကူညီဖို့ ဒေါ်စု ပန်ကြား


Rotary Global Peace Foundation အဖွဲ့ရဲ့ ငြိမ်းချမ်းရေးဆု လက်ခံရယူနေတဲ့ ဒေါ်အောင်ဆန်းစုကြည်။ (ဇန်နဝါရီလ ၂၇ ရက်၊ ၂၀၁၃)။
Rotary Global Peace Foundation အဖွဲ့ရဲ့ ငြိမ်းချမ်းရေးဆု လက်ခံရယူနေတဲ့ ဒေါ်အောင်ဆန်းစုကြည်။ (ဇန်နဝါရီလ ၂၇ ရက်၊ ၂၀၁၃)။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ကြွယ်ဝချမ်းသာရေး အတွက် ဝိုင်းဝန်းကူညီပံ့ပိုးပေးကြဖို့ ဟာဝိုင်ယီကျွန်း ဟိုနိုလူလူမှာ ဒီကနေ့ ကျင်းပတဲ့ Rotary Global Peace Foundation အဖွဲ့ကြီးရဲ့ ညီလာခံမှာ ငြိမ်းချမ်းရေးဆုကို လက်ခံရယူတဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းပြောဆိုပါတယ်။ မြန်မာပြည်ရဲ့အခြေအနေအပေါ် အလွန်အကျွံ အကောင်းမြင်တာမျိုး မဖြစ်ဖို့လိုသလို အကောင်းဘက်ကို ဦးတည်တဲ့ ဖြစ်လာနိုင်ခြေ အနေအထား တွေကိုလည်း ပစ်ပယ်မထားဖို့ လိုမယ်လို့ ညီလာခံ တက်ရောက်သူတွေကို ပန်ကြားသွားခဲ့တာပါ။ အပြည့်စုံကို ဟိုနိုလူလူကနေ ကိုသိန်းထိုက်ဦး သတင်းပေးပို့ထားပါတယ်။

မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ ချမ်းသာကြွယ်ဝမှု ရှေ့ မျှော်မှန်းချက်တွေအကြောင်း ပြောကြား ရင်း ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်ရဲ့ လက်ရှိ အခြေအနေတွေကို ၄၅ မိနစ်ကြာ မိန့်ခွန်းမှာ အသေးစိတ် ရှင်းလင်းသွားခဲ့ပါတယ်။ ဟိုနိုလူလူ အခြေစိုက် Rotary Global Peace Foundation အဖွဲ့ကြီးဟာ ကမ္ဘာတဝှမ်း အဖွဲ့ဝင် တစ်သန်းနှစ်သိန်းရှိပြီး နိုင်ငံတကာကို လူသားချင်းစာနာမှု အကူအညီတွေ ပေးနေတဲ့အဖွဲ့ကြီးလည်း ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းမှာ အဖွဲ့ခွဲပေါင်း သုံးထောင်လောက် ရှိပါတယ်။

“မြန်မာနိုင်ငံကို အကူအညီပေးမယ်ဆိုရင် ရောဂါတိုက်ဖျက်ရေးနဲ့ ကုသရေး၊ ရေရရှိရေးနဲ့ မိလ္လာဆောက်လုပ်ရေး အကူအညီ၊ အခြေခံပညာရေးနဲ့ စာတတ်မြောက်ရေးကိစ္စ၊ ယဉ်ကျေးမှုနားလည်ရေးနဲ့ ပဋိပက္ခ ဖြေရှင်းရေး၊ လူတွေ အချင်းချင်း ဆက်သွယ်ရေး အတတ်ပညာနဲ့ သဘာ၀၀န်းကျင် ထိန်းသိမ်းရေး ကိစ္စတွေမှာ ပါဝင်ကူညီနိုင်မှာ ဖြစ်တယ်။” - လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာပြည်ဟာ ကမ္ဘာမှာ ကျန်းမာရေး စောင့်ရှောက်မှု အဆိုးရွားဆုံး နိုင်ငံတွေထဲက တိုင်းပြည် တခု ဖြစ်နေပြီး အရှေ့တောင်အာရှမှာ မွေးကင်းစ ကလေးငယ်သေဆုံးမှုနှုန်း အများဆုံးနိုင်ငံထဲက တခုဖြစ်တဲ့အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ၊ ပညာရေးကဏ္ဍ အကူအညီ လိုအပ်နေတဲ့ အနေအထားတွေနဲ့ ပြုပြင် ပြောင်းလဲဖို့ လိုအပ်နေတဲ့ အခြေအနေတွေကို မိန့်ခွန်းမှာ အသေးစိတ် ထည့်သွင်း ပြောဆိုပါတယ်။

“စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး လိုအပ်ချက်တွေအပြင် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တိုင်းရင်းသား လူမျိုးစုတွေအကြား မယုံကြည်မှု၊ အမုန်းတရားနဲ့ စိုးရိမ်မှုတွေ ကင်းစင်ပြီး သင့်မြတ်ရေးနဲ့ လက်တွဲနေထိုင်တဲ့ နိုင်ငံတခု ဖြစ်ဖို့လိုတဲ့အကြောင်း။” - ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထဲမှာ ထည့်သွင်းပြောသွားပါတယ်။

မြန်မာပြည်မှာ ကျင့်ဝတ်သိက္ခာနဲ့ညီတဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင်ပြီး မြန်မာပြည်သူတွေကို ကူညီပံ့ပိုးပေးဖို့လည်း Rotary Global Peace Foundation အဖွဲ့ကြီးက အဖွဲ့ဝင်တွေကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။

“ပြန်လည်သင့်မြတ်ရေးနဲ့ ရှေ့ဆက်သွားရမယ့်နိုင်ငံမှာ စစ်တပ်ကို ပြည်သူတွေက သူတို့ကို ကာကွယ်စောင့်ရှောက်တဲ့ အဖွဲ့အစည်းတခုအဖြစ် မြင်လာပြီး အရင်ကလို ဖိနှိပ်သူတွေအဖြစ် မမြင်တော့တဲ့ အပြောင်းအလဲတွေ ပေါ်လာဖို့လည်း လိုအပ်တယ်။” - လို့ ဆိုပါတယ်။ မြန်မာပြည် အနာဂတ်ရှေ့ရေး မျှော်မှန်းချက်တွေကို အကောင်အထည် ဖော်ရာမှာ မြန်မာပြည်သူတွေနဲ့အတူ လက်တွဲပြီး ရည်မှန်းချက်တွေ အောင်မြင်အောင် ဝိုင်းဝန်းကူညီပေးဖို့ Rotary Global Peace Foundation အဖွဲ့က အဖွဲ့ဝင်တွေကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။
XS
SM
MD
LG