သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်အာဖရိက ရုန်းကန်မှု အတုယူကြဖို့ ဒေါ်စုပန်ကြား


တောင်အာဖရိက ရုန်းကန်မှု အတုယူကြဖို့ ဒေါ်စုပန်ကြား
တောင်အာဖရိက ရုန်းကန်မှု အတုယူကြဖို့ ဒေါ်စုပန်ကြား

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တောင်အာဖရိကနိုင်ငံ ဂျိုဟန်းနက်စဘတ် တက္ကသိုလ် (University of Johannesburg) က အင်္ဂါနေ့မှာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ပေးအပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံသားတွေ လိုချင်ကြတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးကို သတ္တိရှိရှိ ကြိုးပမ်းရင် ရနိုင်တယ်လို့ သင်ကြားပေးတဲ့ တောင်အာဖရိကနိုင်ငံရဲ့ တက္ကသိုလ်ကပေးအပ်တဲ့ ဘွဲ့ကိုရတာဟာ ရဲစွမ်းသတ္တိနဲ့ မျှော်လင့်ချက်တွေရှိတဲ့ အသိုက်အဝန်းက လက်ခံမှုကို ရရှိလိုက်တာမျိုးလို့ ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားကို ဗွီဒီယို မိန့်ခွန်းပေးပို့ ပြောကြားခဲ့ပါတယ်။ အပြည့်စုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

နိုင်ငံရေး အစဉ်အလာကြီးမားတဲ့ ဂျိုဟန်းနက်စဘတ် တက္ကသိုလ်ရဲ့ လူမှုဘာသာရပ်များ ဆိုင်ရာဌာနက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေအတွက် ဂုဏ်ပြုတဲ့အနေနဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို ချီးမြှင့်ပေးအပ်ခဲ့တာပါ။

“ဂျိုဟန်းနက်စဘတ် တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို လက်ခံရရှိတာဟာ ရဲစွမ်းသတ္တိနဲ့ မျှော်လင့်ချက်တွေရှိတဲ့ အသိုက်အဝန်းတခုကနေ လက်ခံမှုကို ရရှိလိုက်တာပါပဲ။ သင်တို့ရဲ့ တက္ကသိုလ်ကြီးဟာ ကမ္ဘာတလွှားက လူ့အခွင့်အရေး လှုပ်ရှားသူတွေအတွက် ခိုင်မာတဲ့ ထောက်ပံ့မှုတွေပေးတဲ့ ကျောင်းကြီးအဖြစ် ထင်ရှားပါတယ်။ မြန်မာနိုင်ငံက ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေကလည်း သင်တို့ကျောင်ကြီးရဲ့ ပံ့ပိုးမှုအသီးအပွင့်ကို ခံစားကြရပါတယ်။”

ဘွဲ့ပေးအပ်တဲ့ အခမ်းအနားကို တက်ရောက်လာတဲ့ ထောင်နဲ့ချီတဲ့ ပရိသတ်ကို ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယို ရုပ်သံကနေ ပြောကြားခဲ့တာပါ။ တောင်အာဖရိက နိုင်ငံဟာ အသားရောင်ခွဲခြားမှု ပပျောက်ဖို့ ၁၉၄၈ ခုနှစ်ကနေ ၁၉၉၄ ခုနှစ်အထိ ၄၆ နှစ်ကြာ ရုန်းကန်ခဲ့ရတဲ့နိုင်ငံတခု ဖြစ်ပါတယ်။

“တောင်အာဖရိကက ကျမတို့ မြန်မာနိုင်ငံကို သင်ကြားပေးတာ အများကြီးပါ။ ဘယ်လို ရုန်းကန် ကြိုးစားရမယ်။ သွေးစည်း ညီညွတ်မှုဟာ ဘယ်လောက်အရေးကြီးတယ်၊ ဘယ်လို သွေးစည်း ညီညွတ်အောင် လုပ်ရမယ်ဆိုတာတွေကို သင်ပေးခဲ့သလို ဆက်ပြီး သင်ယူနိုင်မယ် လို့လည်း မျှော်လင့်ထားပါတယ်။ ကျမတို့ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားကြိုးစားမှုဟာ ကာလကြာရှည်နေပါပြီ။ ဒါပေမဲ့ တောင်အာဖရိက လောက်တော့ မကြာသေးပါဘူး။ ကျမတို့လည်း ဒီမိုကရေစီ ပန်းတိုင်ကို သိပ်မကြာခင်မှာပဲ ရောက်နိုင်ဖို့ မျှော်လင့်ပါတယ်။”

တောင်အာဖရိကနိုင်ငံရဲ့ တကယ့် ပုဂ္ဂိုလ်ကြီးတွေဖြစ်တဲ့ နယ်လ်ဆင် မန်ဒဲလားနဲ့ ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူး တို့ကို မြန်မာနိုင်ငံသားတွေက အတုယူကြရသလို မြန်မာနိုင်ငံ ဒီမိုကရေစီပန်းတိုင်ကို ရောက်တဲ့အထိ ပံ့ပိုးပေးမယ်လို့ မျှော်လင့် ထားတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“မြန်မာနိုင်ငံသားတွေဟာ ငြိမ်းချမ်းရေးကို လိုချင်တယ်။ လွတ်လပ်မှုကို ရချင်တယ်။ လုံလုံခြုံခြုံ စိတ်ချလက်ချ နေချင်တယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးကို လိုချင်ကြပါတယ်။ ဒါတွေအားလုံးကို ရဲစွမ်းသတ္တိ ရှိရှိနဲ့ ကြိုးပမ်းရင် ကျမတို့လည်း ရနိုင်တယ်ဆိုတာ တောင်အာဖရိက က သင်ပေးခဲ့တာပါ။ ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးဟာ မြန်မာနိုင်ငံသားတွေ အတွက် အားကျစေယုံတင် မကဘဲ နှစ်ပေါင်းများစွာ ကူညီ ထောက်ပံ့မှုတွေ ပေးခဲ့တာမို့ မြန်မာနိုင်ငံ ဒီမိုကရေစီရတဲ့ အထိလည်း ဆက်ပြီး ကူညီမယ်လို့ ယုံကြည်ထားသလို အမြဲလည်း အမှတ်ရနေမှာပါ။”

ဒါ့အပြင် ဒီမိုကရေစီ ရခဲ့ပြီးတဲ့နောက်မှာလည်း တောင်အာဖရိကမှာ အခုဆက်ပြီး ကြိုးစားနေရသလို ကိုယ်မျှော်မှန်းထားတဲ့ လူမှုအသိုက်အဝန်းတခုကို ရဖို့ မြန်မာနိုင်ငံသားတွေလည်း ဆက်ပြီး ကြိုးစားရဦးမယ် ဆိုတာ သိထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီလိုရဖို့ ကြိုးစားရတာဟာ ကြောက်ရွံ့စရာမဟုတ်ကြောင်း တောင်အာဖရိကက သင်ကြားပေးတယ်လို့ ဆိုပါတယ်။

“ရုန်းကန်ကြိုးစားမှု ဆိုတာဟာ ကြောက်စရာမဟုတ်ဘဲ လူတိုင်းအတွက် အကောင်းဆုံး ဖြစ်လာဖို့ စိန်ခေါ်မှု တခုဆိုတာကို တောင်အာဖရိကနိုင်ငံက ကမ္ဘာကို သင်ကြားပေးတာပါ။ အခု သင်တို့ရဲ့ တက္ကသိုလ်က ပေးတဲ့ ဂုဏ်ထူးဆောင်ဘွဲ့နဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ ရှေ့ဆက် ကြိုးပမ်းနိုင်မယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ပါတယ်။ သင်တို့ရဲ့ ရဲစွမ်းသတ္တိနဲ့ ပြည့်ဝတဲ့ အသိုက်အဝန်းထဲမှာ ကျမကို လက်ခံတာအတွက် ကျေးဇူးတင်ပါတယ်။”

ဒီဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ကိုယ်စား တက်ရောက် ယူပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုတဝမ်းကွဲ ဒေါက်တာ စိန်ဝင်းကတော့ ဒါဟာ တတိယ အကြိမ်မြောက် တောင်အာဖရိကနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုခဲ့တာ ဖြစ်ပြီး ဒီလိုနိုင်ငံမျိုးက ပေးခဲ့တဲ့အတွက် ဂုဏ်ယူသလို ဆက်ပြီး ကူညီဖို့လည်း ပြောပါတယ်။

“ဒီကနေ့ ကမ္ဘာ့နိုင်ငံတွေလိုပဲ အသားရောင်မခွဲတဲ့ နိုင်ငံဖြစ်မြောက်သွားတယ် ဆိုတာက လွယ်လွယ်နဲ့တော့ ဖြစ်တာမဟုတ်ဘူး။ ဒါတွေကို ကျတော်တို့ မျက်မြင်တွေ့တယ်။ နယ်လ်ဆင် မန်ဒဲလားကနေ တိုင်းပြည်ကို သွေးထွက်သံယို မဖြစ်ဘဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြေလည်အောင် လုပ်တယ်။ နှစ်ပေါင်း ၂၆ နှစ် ထောင်ကျပြီး နောက်ဆုံးတော့ ဒီ Apartheid (အသားရောင် ခွဲခြားမှု) ကို ကျင့်သုံးတဲ့ လူတွေရဲ့ ခေါင်းဆောင် ကိုယ်တိုင်ကနေပြီးတော့ လက်ခံလာရတာပေါ့။ သူတို့တိုင်းပြည်မှာ နိုင်ငံရေး အကျဉ်းသားတွေ ထောင်ထဲမှာ သေတာတွေရှိတယ်။ အင်မတန်မှ ခက်ခဲတဲ့နေရာကနေပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တိုင်းပြည်ကို ပြန်ပြီးတော့ အခြေကျအောင် လုပ်တာပေါ့။ မြန်မာပြည်မှာ ဒီကနေ့ အခြေအနေကတော့ လွတ်လပ်မှု မရသေးဘူး။ ဒီမိုကရေစီမရသေးဘူး။ အဲဒီတော့ ဆက်လက်ပြီး ကူညီဖို့ လိုတယ်လို့ ပြောတာပေါ့။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၇ ခုနှစ်တုန်းကလည်း အလားတူ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို တောင်အာဖရိကနိုင်ငံ နာတဲလ် တက္ကသိုလ် (University of Natal) က ပေးအပ် ချီးမြှင့်တာကို ခံခဲ့ရပါတယ်။

XS
SM
MD
LG