သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျန်းမာရေး မကောင်းတဲ့ကြားက စစ်ကိုင်းလူထုနဲ့ ဒေါ်စုတွေ့


NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲ လာရောက် အားပေး နားထောင်ကြတဲ့ စစ်ကိုင်းမြို့ က လူထု။ (မတ်လ ၄၊ ၂၀၁၂)
NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲ လာရောက် အားပေး နားထောင်ကြတဲ့ စစ်ကိုင်းမြို့ က လူထု။ (မတ်လ ၄၊ ၂၀၁၂)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေး မကောင်းတဲ့ ကြားကပဲ ဒီကနေ့ တနင်္ဂနွေနေ့မှာ စစ်ကိုင်းမြို့ကို သွားရောက်ပြီးတော့ လူထုနဲ့တွေ့ဆုံ ဟောပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်းကိုမလာခင် တစ်ရက်မှာပဲ ဝန်ထမ်းတွေကို ရုံးပိတ်ရက် တနင်္ဂနွေနေ့မှာ ရုံးတက်ရမယ်ဆိုပြီး အာဏာပိုင်တွေက အကြောင်းကြားတာတွေလည်း ရှိခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စစ်ကိုင်းခရီးစဉ် အခြေအနေနဲ့ပတ်သက်ပြီး ဗွီအိုအေ ဝိုင်းတော်သား ကိုရန်နိုင်က ဆက်သွယ် မေးမြန်းတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ ဦးခွန်သာမြင့်က အခုလိုစပြောပါတယ်။

“ဒီနေ့မနက်ကတော့ ကျနော်တို့ ပထမ စီစဉ်ထားတာကတော့ မနက် ၅ နာရီခွဲ ထွက်ဖို့ပေါ့။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေက ပိုပြီး အနားယူလိုက်ရင် ပိုကောင်းလာစရာ အခြေအနေ ရှိလို့ ကျနော်တို့ ၇ နာရီကျော်မှပဲ တည်းတဲ့နေရာကနေ ထွက်ဖြစ်ပါတယ်။ ပထမဦးဆုံး ကျနော် မန္တလေး၊ ဝါဆို ဆရာတော်ကို ကန်တော့ပြီးတော့ ဂါရဝပြုတယ်ပေါ့။ အဲဒါပြီးတော့ ကျနော်တို့ လှူဘွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းပြီးတော့ မန္တလေးတောင်မြို့ပေါ့၊ အမရပူရ မဟာဂန္ဓာရုံတိုက်ကို သွားပြီးတော့ အဲဒီက ဆရာတော်ဘုရားကိုလည်း ကန်တော့ပါတယ်။ သင်္ကန်နဲ့ လှူဖွယ်ပစ္စည်းတွေကို လှူတယ်ပေါ့။ လှူပြီးမှ ကျနော်တို့က စစ်ကိုင်းကို ဆက်ထွက်တာပေါ့။ စစ်ကိုင်းကို ဆက်ထွက်တော့ လမ်းမှာတော့ လူက အရမ်းများတာ။ တော်တော် မောင်းရပါတယ်။ ခန့်မှန်းတာထက်တော့ ၂ နာရီလောက် နောက်ကျပြီးမှ စစ်ကိုင်းကို ရောက်ပါတယ်။ စစ်ကိုင်းမှာလည်း ပရိသတ်က တော်တော်များပါတယ်။ စစ်ကိုင်းကို ၁၁ နာရီကျော်လောက် ရောက်သွားပါတယ်။ ကြိုတဲ့ပရိသတ်ကလည်း များပါတယ်။ ကွင်းထဲက ပရိသတ်ကလည်း များပါတယ်။ အဲဒီပရိသတ်ကို အစ်မက ဟောပြောပြီး ပြန်လာပါတယ်။ ဒီနေ့ ညနေပိုင်း ဘုရားကြီးသွားဖို့ အစီအစဉ်ကိုတော့ ဆရာဝန်က မနက်ဖြန်ကလည်း ထွက်ရမယ့် ခရီးက တော်တော်ပြင်းမှာ မိုလို့ အနားယူပါဆိုတော့ အစ်မ ဆက်နားပါတယ်။ ကျနော်တို့ပဲ သွားပြီးတော့ ဘုရားမှာ ရွှေချတာတို့ ဘာတို့ လုပ်ပါမယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေ အခု ဘယ်လိုရှိပါလဲ။ -

“အများကြီး ကောင်းသွားပါပြီ။ ပုံမှန် အခြေအနေတမျှ ပြန်ကောင်းသွားပါတယ်။”

ဒေါ်အောင်ဆန်စုကြည်က ဘယ်လို ဖြစ်သွားတာလဲခင်ဗျ။ -

“ပထမတော့ မနေ့က လေယာဉ်ပျံမစီးခင် သောက်နေကျဆေး သောက်ဖို့ နောက်ကျသွားတာပေါ့။ နောက်ကျသွားတော့ လေယာဉ်ပျံပေါ်ကျတော့ မူးတာပေါ့။ မူးတော့ အန်တယ်။ အန်ပြီးတော့ မန္တလေး ရောက်တော့လည်း လူတွေက အရမ်းများတယ်။ အပေါ်ကနေ မတ်တက်ရပ်ပြီးတော့ လက်ပြတာပေါ့။ ကြိုဆို နှုတ်ဆက်တာပေါ့။ အဲဒီအချိန်မှာ မော်တော်ဆိုင်ကယ်တွေကလည်း ဘေးမှာ သောင်းနဲ့ချီတယ်။ ဘယ်နှစ်သောင်းလဲတောင် ကျနော်လည်း မပြောတတ်ဘူး။ အဲဒီကထွက်တဲ့ အငွေ့တွေကလည်း တော်တော်ဆိုးပါတယ်။ အဲဒီတော့ မူးလာတာပေါ့။ မူးလာပြီး အန်တယ်ပေါ့။ နောက်ပြီးတော့ ရာသီဥတုလေးက ပထမတော့ အုံ့အုံ့လေးဆိုတော့ ကောင်းနေတယ်။ နောက်တော့ မိုးရွာတော့ မိုးပါမိတာ အအေးမိတာလည်း ပါတယ်။ မနက်ကထတော့ အားမရှိတာလည်း ပါတာပေါ့။ အဲဒါနဲ့ ဖြစ်သွားတာပါ။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ ဦးခွန်သာမြင့် ပြောသွားတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကိုင်းမြို့က ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာရှိတဲ့ သဲသောင်ပြင်ပေါ်မှာ လူထုကို ဟောပြောစည်းရုံးခဲ့တာဖြစ်ပြီး၊ ဒါဟာ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် စစ်ကိုင်းမြို့မှာ လူထုကို ဟောပြောတာ ဖြစ်တယ်လို့လည်း စစ်ကိုင်းမြို့ခံတစ်ဦးက ပြောပါတယ်။ တဘက်မှာလည်း ဒေါ်အောင်ဆန်းစုကြည် စစ်ကိုင်းမြို့ကို လာမယ်ဆိုတာကြောင့် အာဏာပိုင်တွေက အစိုးရဝန်ထမ်းတွေကို ဒီကနေ့ တနင်္ဂနွေနေ့မှာ ရုံးတက်ခိုင်းတာတွေလည်း ရှိခဲ့တယ်လို့ သူက ပြောပါတယ်။ ပြည်သူတွေ သောင်းနဲ့ချီပြီး တက်ရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုဟောပြောပွဲကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ အဆိုပါမြို့ခံက စစ်ကိုင်းမြို့က အခြေအနေတွေကို အခုလို ပြောပါတယ်။

“ဒီနေ့ အခြေအနေ အားလုံး ကောင်းပါတယ်ခင်ဗျာ။ ကျနော်တို့ ၁၀ နာရီခွဲလောက်ကနေ ၁၁ နာရီလောက်အထိ အမေစု ဟောပြောပွဲ လုပ်သွားပါတယ်။ ၁၀ ခွဲလောက်မှာ ရောက်ပါတယ်ခင်ဗျ။ ၁၁ လောက်မှာ ပြီးသွားတယ်။ လူဦးရေကတော့ သုံးသောင်းကျော် လေးသောင်းလောက် လာတယ်ဗျ။”

အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်က စစ်ကိုင်းမှာ သူ အဓိက ဘာကိုထားပြီး ပြောသွားလဲခင်ဗျ။ -

“အဓိက ဘာကိုပြောသွားသလဲဆိုတော့ သူက အဲဒီ လွှတ်တော်ထဲ ရောက်လို့ရှိရင် သူ အတတ်နိုင်ဆုံး ကြိုးစားမယ်ပေါ့ဗျာ။ လွှတ်တော်ထဲကနေပြီးတော့ ၂၅ ရာခိုင်နှုန်းက တပ်မတော်၊ ဒီတပ်မတော်ကလည်း ပြည်သူလူထုက မွေးဖွားတာပေါ့။ ဒါ လုံး၀ လွှတ်တော်ထဲကို စည်းရုံးပြီးလို့ရှိရင် နိုင်ငံတော်မှာ သူ အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်။ အဓိက ကျတာက ပြည်သူလူထုကတော့ မဲတစ်ပြားရဲ့ တန်ဖိုးကို လေးလေးနက်နက် စဉ်းစားပြီးတော့ ထည့်ဖို့ပေါ့။”

ဒီနေ့ ကျနော်တို့ ကြားတာက ဝန်ထမ်းတွေကို တနင်္ဂနွေနေ့ ရုံးပိတ်ရက် ဖြစ်ပေမဲ့လည်း ရုံးတက်ခိုင်းတာတွေ ရှိတယ်လို့ ကြားပါတယ်။ အဲဒါ ဟုတ်ပါသလား။ -

“အဲဒါ ဒီနေ့နေ့လယ်လောက်က ကျနော် လက်ဖက်ရည်ဆိုင် ထွက်တော့၊ သူငယ်ချင်းက ရုံးဝန်ထမ်းကိုး၊ သူက တို့လည်းကွာတဲ့ မနက်ဖြန် ရုံးပိတ်ရက်ကြီးကို ရုံးလာခိုင်းနေတယ်ပေါ့။”

ရုံးကိုလာခိုင်းတယ်ဆိုတာ ဘယ်သူက လာခိုင်းတာလဲ။ ဘာအတွက် လာခိုင်းတယ်လို့ ပြောတာလဲ။ -

“သူတို့အထက်အရာရှိက လာခိုင်းတယ်လို့ ပြောတာပဲ။ အဲဒီလို ဘာကြောင့်လဲ အကြောင်းကိုတော့ သူက မပြောဘူး။”

ဒီနေ့ စစ်ကိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် လာပြီးတော့ ဟောပြောတယ်ဆိုတော့ အဲဒီထဲမှာရော ဝန်ထမ်းတွေ ပါတာကို သိရပါသလား။ -

“တွေ့ပါတယ်ခင်ဗျ။ ကျနော်နဲ့အတူတူ လက်ဖက်ရည် သောက်နေကျ သူငယ်ချင်း ဝန်ထမ်းတွေလည်း အဲဒီမှာ တွေ့တယ်ဗျ။ အများကြီးတွေ့တယ်။”

စစ်ကိုင်းဒေသခံတစ်ဦး ပြောပြသွားတာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုအခါမှာ မန္တလေးမြို့ကို ပြန်ရောက်နေပြီး အနားယူနေတယ်လို့ သိရပါတယ်။

စစ်ကိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး အရွေးခံမယ့် ကိုယ်စားလှယ်လောင်းကတော့ ဦးခင်မောင်သိန်းဖြစ်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပြင် ကြံ့ခိုင်ဖွံဖြိုးရေးပါတီ နဲ့ တခြား ပါတီတွေကလည်း လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လုပ်နေကြတာ ဖြစ်ပါတယ်။

မနက်ဖြန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ တံတားဦး၊ နွားထိုးကြီး၊ မိတ္ထီလာ၊ နေပြည်တော် မြို့တွေကို သွားရောက်ပြီး လူထုစည်းရုံး ဟောပြောတာတွေ ဆက်လုပ်သွားမှာ ဖြစ်တယ်လို့ ဦးခွန်သာမြင့်က ပြောပါတယ်။ နေပြည်တော်မြို့နယ် ၄ မြို့နယ်မှာ လူထုကို ဟောပြောဖို့အတွက် စီစဉ်ထားတဲ့နေရာတွေထဲမှာ ၂ နေရာပဲ နဂိုလျှောက်ထားတဲ့နေရာကို ရခဲ့ပြီး ကျန်တဲ့ ၂ နေရာမှာတော့ သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က ချပေးတဲ့နေရာတွေမှာပဲ လုပ်သွားရမယ်လို့ သိရပါတယ်။

XS
SM
MD
LG