သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒု-ပင်လုံညီလာခံ စင်ပြိုင် အာဏာ ယူဖို့မဟုတ်၊ စည်းလုံးရေးသာ ဦးတည်ဟု ဒေါ်စုဆို


ဒု-ပင်လုံညီလာခံ စင်ပြိုင် အာဏာ ယူဖို့မဟုတ်၊ စည်းလုံးရေးသာ ဦးတည်ဟု ဒေါ်စုဆို
ဒု-ပင်လုံညီလာခံ စင်ပြိုင် အာဏာ ယူဖို့မဟုတ်၊ စည်းလုံးရေးသာ ဦးတည်ဟု ဒေါ်စုဆို

ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ယူဖို့ ပြင်ဆင်တာဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်း တဖြည်းဖြည်း ကွယ်ပျောက်လာနေတဲ့ ပင်လုံစိတ်ဓာတ်ကို ပြန်လည်စုစည်း ထူထောင်ဖို့အတွက်သာ ဖြစ်ပြီး လက်ရှိ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ မကြာခင် ပေါ်ပေါက်လာမယ့် လွှတ်တော်အသစ် စတာတွေကို စင်ပြိုင်လုပ်ဖို့ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မနေ့က ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ ခေါင်းဆောင်တွေနဲ့ NLD ရုံးချုပ်မှာ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒီငြိမ်းလို့ခေါ်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီ ခေါင်းဆောင်တချို့တို့ မနေ့က မနက်ပိုင်း ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။

၂၁ ရာစု ပင်လုံညီလာခံလို့ ခေါ်တဲ့ ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေး ခေါင်းဆောင်တွေက ဘာကြောင့် ပြင်ဆင်နေကြသလဲလို့ ဒီငြိမ်းပါတီ ခေါင်းဆောင်တွေက မေးတဲ့အခါ ဒီကိစ္စ အကောင်အထည် ဖော်တာဟာ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ စင်ပြိုင်ဖြစ်အောင် လုပ်ဆောင်တာ မဟုတ်ဘဲ ပင်လုံစိတ်ဓာတ်ကို ပြန်လည်စုစည်းဖို့အတွက် ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားခဲ့တဲ့အကြောင်း ဒီငြိမ်းပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးမျိုးညွန့်က ပြောပါတယ်။

“၂၁ ရာစု ပင်လုံညီလာခံ၊ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုရည်ရွယ်ချက်နဲ့ ဆောင်ရွက်မယ်၊ ဘယ်လို ဆောင်ရွက်မယ်ဆိုတာ ကျနော်တို့ကို ရှင်းပြပါလို့ ပြောလိုက်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်က ဒါနဲ့ပတ်သက်လို့တော့ အငြင်းပွားစရာတွေလည်း ရှိနေတယ်၊ ပြီးတော့ တချို့ကလည်း စိတ်ပူတယ်လို့ ပြောကြပါတယ်တဲ့။ ဘာစိတ်ပူတာလဲလို့ ဆိုတော့ ဒီလိုများ ဆောင်ရွက်လိုက်ရင်ဖြင့် အခုပေါ်ပေါက်လာမယ့် လွှတ်တော်တွေနဲ့ စင်ပြိုင်လွှတ်တော်တွေ၊ အခုပေါ်ပေါက်လာမယ့် အာဏာပိုင် အစိုးရနဲ့ ယှဉ်မယ့် စင်ပြိုင် အာဏာထူထောင်မှုတွေ၊ အဲဒီလိုတွေ ပေါ်ပေါက်လာရင်ဖြင့် အန္တရာယ်ရှိမယ်လို့ ဆိုကြပါတယ်တဲ့။

“အဲတော့ ကျနော်ကပြောတယ်၊ ကျနော်တို့လည်း အဲဒီစိုးရိမ်ချက် ရှိပါတယ်။ ဒါကြောင့် မေးတာပါလို့ ဆိုတော့ အဲဒါ ရှင်းပြချင်ပါတယ်တဲ့။ အဲဒီလို မဟုတ်ပါဘူးတဲ့။ ကျမတို့က စင်ပြိုင်လွှတ်တော်တို့၊ စင်ပြိုင် အာဏာထူထောင်ဖို့အတွက် ဒါကို ဆောင်ရွက်တာ မဟုတ်ပါဘူးတဲ့။ လွတ်လပ်ရေး ရပြီးတဲ့ နောက်ပိုင်းမှာ အကြောင်းကြောင်းကြောင့် ပင်လုံစိတ်ဓာတ်ဟာ တဖြည်းဖြည်းနဲ့ လျော့နည်း ပျက်ပြားလာခဲ့တာ အထင်အရှားပါပဲတဲ့၊ မြန်မာပြည်မှာ။ အဲဒါကြောင့် ပင်လုံစိတ်ဓာတ်ကို ပြန်ပြီးတော့ စုစည်း ထူထောင်ဖို့ လိုတယ်။ ဒါကြောင့် ပင်လုံစိတ်ဓာတ် ပြန်လည် စုစည်း ထူထောင်ရေး ဆိုတာကို ဆောင်ရွက်ချင်တာပါတဲ့။”

ဒုတိယ ပင်လုံညီလာခံ ခေါ်တယ် ဆိုတာမှာလည်း အရင်ခေတ်ကလို ညီလာခံကြီးတွေခေါ်၊ လူချင်း တွေ့ဆုံကြတာမျိုး မဟုတ်ဘဲ တိုးတက် ပြောင်းလဲလာတဲ့ ခေတ်ပေါ်နည်းပညာတွေကို အသုံးချပြီး လုပ်ဆောင်တာမျိုးလည်း ဖြစ်ကောင်းဖြစ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်လို့ ဆိုပါတယ်။

“အဲဒီလို ဆောင်ရွက်တဲ့ နေရာမှာလည်း ညီလာခံကြီးတွေမျိုး လုပ်တာလည်း ဖြစ်ချင်ဖြစ်မယ်။ သို့သော် ဒီလိုမျိုးထက် အခုခေတ်မှာတော့ လူတွေတွေ့မှ၊ အစည်းအဝေးကြီး လုပ်မှ၊ ဒီလိုမဟုတ်ပါဘူးတဲ့။ လူတွေဟာ အင်တာနက်ပေါ်မှာလည်း တွေ့နိုင်တယ်။ အကြောင်းကြောင်းတွေနဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေ အများကြီး၊ အခု ခေတ်မီ ဆက်သွယ်ရေး လမ်းကြောင်းတွေ ပွင့်နေတဲ့ အခါကြတော့ ကျမတို့ ရည်ရွယ်တာကတော့ ခုန စင်ပြိုင်လွှတ်တော်၊ စင်ပြိုင်အာဏာ ထူထောင်ရေး မဟုတ်ဘူးတဲ့၊ ပျက်ပြားနေတဲ့ ပင်လုံစိတ်ဓာတ်ကို ပြန်ပြီးတော့ စုစည်းနိုင်ဖို့ လိုပါတယ်။

“အဲဒီလို လိုအပ်တာ၊ ဒါကို စုစည်းနိုင်တဲ့ အခါကြမှ အခု နယ်စပ်ဒေသတွေမှာ ပြန်ပြီးတော့ ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ အပါအဝင် ပြည်တွင်းစစ်ကိစ္စ၊ ပြီးတော့ အမျိုးသားစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စ၊ ပြည်ထောင်စု တခုလုံး တိုးတက်ရေး ကိစ္စတွေ၊ ဒီဟာတွေကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်လို့ ယုံကြည်ပါတယ်တဲ့။ အဲဒီယုံကြည်ချက်နဲ့ ကျမတို့ လုပ်တာပါတဲ့။ အဲဒါကြောင့် စိုးရိမ်ကြမယ် ဆိုရင်တော့ မစိုးရိမ်ပါနဲ့လို့ ကျမ ရှင်းပြချင်ပါတယ်တဲ့။”

ဒီငြိမ်းပါတီက ပြောခွင့်ရပုဂ္ဂိုလ် ဦးမျိုးညွန့် ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီ ဒုတိယ ပင်လုံညီလာခံ ခေါ်ဖို့အတွက် ကြိုးပမ်း လုပ်ဆောင်မှုတွေဟာ အပေါစား နိုင်ငံရေးစတန့်ထွင်တာ ဆိုပြီး မနေ့ကထုတ်တဲ့ စစ်အစိုးရ သတင်းစာတွေမှာ ဝေဖန် ရေးသားထားပါတယ်။

မနေ့က တွေ့ဆုံဆွေးနွေးပွဲမှာ နိုင်ငံရေးအရ မဟုတ်တောင် လူမှုရေးမှာ တူညီတဲ့ လုပ်ငန်းတွေ အတူလက်တွဲ လုပ်ကြဖို့၊ ဒီမိုကရေစီစနစ်မှာ Civil Society လို့ခေါ်တဲ့ လူမှုအထောက်အကူပြု အဖွဲ့အစည်းတွေ အားကောင်းမှသာ ခိုင်မာတဲ့ ဒီမိုကရေစီ စနစ်တခု ဖြစ်နိုင်မယ် ဆိုတာတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်တို့က ဒီငြိမ်းပါတီ ခေါင်းဆောင်တွေကို ရှင်းလင်း တင်ပြခဲ့တယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆရာ ဦးဝင်းတင်တို့က နိုင်ငံရေးရော၊ လူမှုရေးရောပေါ့ဗျာ၊ အတူလက်တွဲပြီး ပြည်သူလူထု အကျိုးအတွက် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီးတော့ ကွန်ယက်လုပ်ငန်းကို စီစဉ်တာ ဖြစ်တဲ့အကြောင်း ပြောပါတယ်။ နိုင်ငံရေးလုပ်ငန်းမှာ မတူရင်တောင်မှ လူထုအခြေပြု လူမှုရေး လုပ်ငန်းတွေမှာ၊ တူရာတူရာ လုပ်ငန်းတွေမှာ ပြည်သူလူထု အကျိုးငှာ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ခြင်းဟာ ဒီမိုကရေစီအတွက် အထောက်အကူဖြစ်မှာ ဖြစ်တဲ့အကြောင်း၊ ပြည်သူလူထုတွေ လက်တွေ့ အကျိုးခံစားရမှာ ဖြစ်တဲ့အကြောင်း၊ ဒီမိုကရေစီမှာ Civil Society လို့ခေါ်တဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေ ခိုင်မာ အားကောင်းလာမှသာလျှင် ဒီမိုကရေစီဟာ ခိုင်မာပြီလို့ ပြောနိုင်မှာ ဖြစ်တဲ့အကြောင်း၊ အဲဒါတွေကို ရှင်းပြပြီး အကျေအလည် ဆွေးနွေးကြပါတယ်။ ဆရာ ဦးဝင်းတင်တို့ကလည်း ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြပါတယ်။”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီငြိမ်းပါတီရဲ့ မဟာမိတ် ဖွဲ့စည်းမှုဆိုင်ရာ အဆင့်ဆင့် သတ်မှတ်ချက်တွေအရ NLD ဟာ အပြန်အလှန် ယုံကြည်မှု တည်ဆောက်စရာ မလိုအပ်တော့တဲ့ ပါတီတခု ဖြစ်တာကြောင့် ပူးပေါင်းလုပ်ဆောင်မှုတွေကို စတင် လုပ်ဆောင်နိုင်ပြီလို့ ပြန်လည် ဆွေးနွေးခဲ့တဲ့အကြောင်း ဦးမျိုးညွန့်က ပြောပါတယ်။

ဒီငြိမ်းပါတီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမှာ အမတ်နေရာ ၉ နေရာအတွက် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပေမဲ့ တနေရာမှ အနိုင်ရခဲ့ခြင်း မရှိပါဘူး။

XS
SM
MD
LG