တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် ပါဝင်ကြဖို့နဲ့ အကြောက်တရားကင်းကြဖို့ ဒီကနေ့ ရှမ်းပြည်နယ် သိန္နီ လူထုကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် မြန်မာ့ ဒီမိုကရေစီအရေး အတွက် တပ်မတော်နဲ့ ပြည်သူ ပူးပေါင်းရင် မြန်မြန်ဆန်ဆန် တိုးတက်လာမယ်လို့လည်း ပြောပါတယ်။ ရှမ်းပြည်နယ်ကို ၂ ရက်ကြာ ခရီးစဉ် အဖြစ်နဲ့ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ဒုတိယမြောက်နေ့ အဖြစ်နဲ့ လားရှိုးမြို့က တက္ကသိုလ် ကျောင်းသားတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒီအကြောင်းကို မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ရှမ်းပြည်နယ် သိန္နီမြို့ကို သွားရောက်ပြီး ဒေသခံ လူထုနဲ့ တွေ့ဆုံပါတယ်။ မြန်မာ့ ဒီမိုကရေစီ အရေး အပြောင်းအလဲဟာ တပ်မတော်နဲ့ ပြည်သူ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မှ အောင်မြင်တိုးတက်မှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သိန္နီ လူထုကို အခုလို ပြောပါတယ်။
“နိုင်ငံရေး အပြောင်းအလဲတွေ တည်ငြိမ်ဖို့ဆိုတာဟာ တပ်မတော်ရဲ့ပါဝင်ပတ်သက်မှုဟာ လိုအပ်တယ်လို့ ကျမ ထင်ပါတယ်။ ကျမတို့ ပြည်သူတွေနဲ့ တပ်မတော်ဟာ ညီညီညွတ်ညွတ်နဲ့ အများအကျိုးအတွက် လုပ်သွားနိုင်ရင် ဒီနိုင်ငံဟာ အချိန်ကာလ တိုတိုအတွင်းမှာ တိုးတက်နိုင်ပါတယ်။”
တိုင်းရင်းသား သွေးစည်း ညီညွတ်မှုနဲ့ လွတ်လပ်ရေး အရယူနိုင်ခဲ့တဲ့ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးရာမှာ သိန္နီ စော်ဘွားလည်း ပါဝင်ခဲ့တဲ့အကြောင်းနဲ့ ဒေသခံ လူထုအနေနဲ့ အကြောက်တရား ကင်းကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့တယ်လို့ ရုံးအဖွဲ့ဝင် ဦးခွန်သာမြင့်က ပြောပါတယ်။
“အဓိက ကတော့ သိန္နီ ဆိုတာက အစဉ်အလာရှိပါတယ်။ ပင်လုံစာချုပ်ကို စတင်အကောင်အထည် ဖော်ကြတာမှာ သိန္နီစော်ဘွားကြီး ပါပါတယ်။ ပါတော့ ပြည်ထောင်စု စိတ်ဓာတ်ပေါ့နော်။ ပြည်ထောင်စု အခြေခံမူကို စတည်ထောင်ခဲ့တာ ပင်လုံမှာ သိန္နီရဲ့ ပါဝင်မှုက အများကြီး ရှိပါတယ်။ ပြီးတော့ သိန္နီမှာ အများစုကလည်း ရှမ်းပါ။ ခုချိန်ထိလည်း ရှမ်းတွေ အများကြီး ရှိပါတယ်။ အဲဒီဟာကိုပဲ အဓိကထား ပြောပါတယ်။ အကြောက်တရား ကိစ္စတွေ ဘာတွေလည်း ပြောပါတယ်။”
စနေနေ့က မဲဆွယ်စည်းရုံးပွဲ လုပ်ခဲ့တဲ့ လားရှိုးဒေသခံတွေကတော့ နိုင်ငံရေး စိတ်ဓာတ် တက်ကြွပြီး အကြောက်တရား ကင်းသလောက် သိန္နီ ဒေသခံတွေကတော့ အကြောက်တရား ကြီးစိုးနေပုံ ရတယ်လို့လည်း ဦးခွန်သာမြင့်က ပြောပါတယ်။
“လူထုရဲ့ အခြေအနေ စိတ်ဝင်စားမှုက လားရှိုးမြို့တဝိုက်ကတော့ ကောင်းပါတယ်။ ဒါပေမဲ့ သန္နီနယ်က နှစ်ပေါင်းများစွာ ဖိနှိပ်ခံရတာပေါ့နော်။ လူတွေက အကြောက်တရားတော့ တော်တော် ကြီးစိုးပါတယ်။ သန္နီမှာ NLD ဆို ရုံးတောင် မဖွင့်နိုင်သေးပါဘူး။ ဆိုင်းဘုတ်တောင် မတင်နိုင်သေးပါဘူး။ မတင်နိုင်တော့ ကျနော်တို့ တိုးရတာလည်း ခက်ပါတယ်။ နောက်ပြီးတော့ အခုမှ ပြန်ပြီး တည်ရမယ်ဆိုတော့ ကျေးရွာလေးတွေက လူတွေ အသိနည်းပါတယ်။ အစ်မ လာမယ်ဆိုတာတောင် အစ်မ အပြန်ခရီးကျမှ ပိုများပါတယ်။ အဲဒီကျမှ တဆင့်ကြားနဲ့ လာကြတာပေါ့။ လုပ်နိုင်ကိုင်နိုင်တာလည်း နည်းပါတယ်။ မြို့ပေါ်က ပရိသတ်ကတော့ သိန္နီမြို့ပေါ်က ပရိသတ်ကတော့ နားထောင်ကြ၊ တက်ကြွကြတယ်ပေါ့။ သြဘာပေးကြပေါ့။ ဒါပေမဲ့ ရွာတွေမှာတော့ အကြောက်တရား တော်တော် လွှမ်းနေသေးတဲ့သဘော ရှိပါတယ်။ တော်တော်လုပ်ရဦးမှာပေါ့။”
သိန္နီမြို့နယ် ကိုယ်စားပြု အမျိုးသား လွှတ်တော် အမတ်နေရာအတွက် ဝင်ရောက် အရွေးခံမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ် ဦးစိုင်းမြင့်မောင် ကိုလည်း လူထုနဲ့ မိတ်ဆက်ခဲ့ပါတယ်။ အကျဉ်းကျနေဆဲ ဖြစ်တဲ့ သိန္နီ NLD ဥက္ကဋ္ဌ ဦးစိုင်းအောင်လှ မိသားစုကိုလည်း ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံခဲ့ပြီး လားရှိုးက နည်းပညာ တက္ကသိုလ်နဲ့ လားရှိုး တက္ကသိုလ်က ကျောင်းသားတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
“ဒီနေ့မနက် ကျနော်တို့ လားရှိုးကနေ မနက် ၈ နာရီလောက် လားရှိုးနဲ့ ၃၂ မိုင်ဝေးတဲ့ သိန္နီကို သွားပါတယ်။ သိန္နီက ကျောင်းဆိုင်ကျောင်း ဆိုတာ သိန္နီက အထင်ကရ ဘုန်းကြီးကျောင်းပါပဲ။ အဲဒီမှာ ကျောင်းထိုင် ဆရာတော်ကြီးနဲ့ သံဃာ့မဟာနာယကအဖွဲ့ ဆရာတော်ကြီး နောက်ထပ် လေးပါးကို လှူဖွယ်ပစ္စည်းတွေနဲ့ ဆပ်ကပ်ပါတယ်။ ဆပ်ကပ်ပြီးတော့ ပြန်အထွက်မှာ မြို့လူထုရဲ့ တောင်းဆိုချက်အရ ဘုန်းကြီးကျောင်းအ၀ ကားလမ်းပေါ်မှာပဲ မြို့လူထုကို ၁၅ မိနစ်လောက် ကြာပါတယ်။ မြို့လူထုကို စကားပြောတယ်။ ပြောပြီးတော့ သိန္နီ NLD ဥက္ကဋ္ဌပေါ့၊ အခု ထောင်ထဲရောက်နေပါတယ်။ ဦးစိုင်းအောင်လှ ဆိုတာ၊ သူ့နေအိမ်ကိုသွားပြီးတော့ သူ့မိသားစုကို အားပေးစကားပြောပြီးတော့ ကျနော်တို့ နေ့လယ်ကပဲ လားရှိုးကို ပြန်ပါတယ်။ လားရှိုးမှာ အခု ထမင်းစားပြီးတော့ လားရှိုး နည်းပညာ တက္ကသိုလ်နဲ့ လားရှိုးတက္ကသိုလ်က ကျောင်းသားတွေက လာ ကန်တော့တာတို့၊ ဂါရဝပြုတာတို့၊ နှုတ်ဆက်တာတို့၊ အဲဒါတွေနဲ့ တွေ့ပါတယ်။ တွေ့ပြီးတော့ လေယာဉ်ကွင်းကို သွားဖို့စောင့်နေပါတယ်။ ရန်ကုန်ကို ပြန်မှာပါ။”
ရှမ်းပြည်နယ်က လားရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ မိုင်းရယ်နဲ့ တန့်ယန်း မြို့နယ်တွေမှာ ကြားဖြတ်ရွေးကောက်ပွဲ အတွက် အမျိုးသား လွှတ်တော် အမတ်နေရာ ၅ နေရာ လစ်လပ်နေတာမှာ NLD က ၅ နေရာလုံးမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ရှိနေတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ လားရှိုးနဲ့ သိန္နီ မြို့တွေကိုပဲ မဲဆွယ်ပွဲ သွားရောက်တာ ဖြစ်ပြီး ကျန်တဲ့ မြို့နယ်တွေကိုတော့ သွားဖို့ မရှိပါဘူး။ ဒီကနေ့ တနင်္ဂနွေနေ့ ညနေပိုင်းမှာပဲ ရှမ်းပြည်နယ် ခရီးစဉ်ကို အဆုံးသတ်ပြီး ရန်ကုန်ကို ပြန်ဖို့ ရှိနေပါတယ်။