သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုသားငယ် ပြည်ဝင်ခွင့်ဗီဇာ ရပြီ


ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကင်မ်အဲရစ်စ် ခေါ် ကိုထိန်လင်း။ နိုဝင်ဘာ ၈၊ ၂၀၁၀။
ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကင်မ်အဲရစ်စ် ခေါ် ကိုထိန်လင်း။ နိုဝင်ဘာ ၈၊ ၂၀၁၀။

နိုဝင်ဘာလ ၁၃ ရက်နေ့က နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာခဲ့တဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဖို့အတွက် သားငယ် ကင်မ် အဲရစ်စ် (Kim Aris) ခေါ် ကိုထိန်လင်းကို မြန်မာအာဏာပိုင်တွေက ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ် သားငယ် ကိုထိန်လင်းဟာ မိခင်ဖြစ်သူနဲ့ တွေ့ဆုံနိုင်ဖို့အတွက် ထိုင်းနိုင်ငံက မြန်မာသံရုံးမှာ ကြိုးပမ်းနေတာ ၂ ပတ်ကျော်ကြာပြီ ဖြစ်ပါတယ်။ အခု လေယာဉ်ပျံလက်မှတ် ရရချင်း လာရောက်မှာဖြစ်ကြောင်း၊ ၇ နှစ်ဆက်တိုက် နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မိခင်ဖြစ်သူကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး အကြောင်းကြားခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ဒီနေ့ နေ့ခင်းမှာ ဒေါ်အောင်ဆန်စုကြည်ရဲ့ သားငယ် ကင်မ် ဆီကနေ ဒေါ်အောင်ဆန်းစုကြည် အိမ်ကို ဖုန်းဆက်ပြီးတော့၊ ကျနော်တို့နဲ့တော့ မတွေ့ဘူးနော် နေ့ခင်း သူဆက်တော့၊ ဗီဇာရပြီဆိုတာ သိရတယ်။ ညနေပိုင်းကျတော့ ဗီဇာအတွက် Air Ticket ယူတယ်၊ Air Ticket နဲ့တခါ သံရုံးပြန်သွားရတယ်ပေါ့၊ သူ့ Procedure အတိုင်း။

“ကျနော်သိသလောက် ဗီဇာရတာ သေချာတယ်။ ရန်ကုန်ကို ရောက်ဖို့ကတော့ ကျနော်တို့ အခုထိ Flight နံပါတ်တွေ ဘာတွေ မသိရသေးဘူး၊ ခန့်မှန်းချေက မနက်ဖြန် မနက်ပိုင်း ဖြစ်လိမ့်မယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က သူ အရမ်းဝမ်းသာပါတယ်တဲ့။ မတွေ့ရတာ ကြာပြီဖြစ်တဲ့ သားငယ်နဲ့ တွေ့ရမှာ။ ဒီလို ဗီဇာထုတ်ပေးတာကိုလည်း ကျေးဇူးတင်ပါတယ်လို့ အဲဒီလို ပြောပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက သားငယ်ဖြစ်သူ ၃ ပတ်ကြာ လာရောက်ခွင့်ရစဉ် နောက်ဆုံးတွေ့ဆုံခွင့် ရခဲ့တာ ဖြစ်ပါတယ်။ မကျန်းမာတဲ့ ခင်ပွန်းဖြစ်သူ မိုက်ကယ် အဲရစ်စ် (Michael Aris) ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်တွေ့ဆုံဖို့ ပြည်ဝင်ခွင့်ဗီဇာ တောင်းခဲ့တုန်းကတော့ အာဏာပိုင်တွေက ပယ်ချခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ် မကျန်းမာတဲ့ မိခင်ဖြစ်သူကို ပြုစုဖို့အတွက် မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး နောက်ပိုင်း နှစ်ပေါင်း ၂၁ နှစ်အတွင်း ၁၅ နှစ်ကြာ နေအိမ်အကျယ်ချုပ် ဘဝနဲ့ ထိန်းသိမ်းခံနေခဲ့ရတာ ဖြစ်ပါတယ်။

အခု သားငယ်ဖြစ်သူ ကိုထိန်လင်းကို လေယာဉ်ကွင်းမှာ သွားရောက် ကြိုဆိုနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က စီစဉ်နေတယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

XS
SM
MD
LG