သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီရေး ထောက်ခံအားပေးဖို့ တောင်အာဖရိကကို ဒေါ်စုတိုက်တွန်း


ဒီမိုကရေစီရေး ထောက်ခံအားပေးဖို့ တောင်အာဖရိကကို ဒေါ်စုတိုက်တွန်း
ဒီမိုကရေစီရေး ထောက်ခံအားပေးဖို့ တောင်အာဖရိကကို ဒေါ်စုတိုက်တွန်း

မြန်မာနိုင်ငံက တိုက်ခိုက်မှုတွေကြောင့် စိုးရိမ်ပူပန်မိပေမဲ့ ဒီမိုကရေစီရေး ကြိုးပမ်းမှု အောင်မြင်အောင် လုပ်ဆောင်ကြဖို့ သန္နိဌာန် ချထားတယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ တောင်အာဖရိက အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားရေးအတွက် ပိုပြီးတော့ လုပ်ဆောင်ပေးဖို့ တိုက်တွန်းသွားပါတယ်။ တောင်အာဖရိကနိုင်ငံ Johannesburg တက္ကသိုလ်က ဟောပြောပွဲတခုမှာ ဒေါ်အောင်ဆန်းစုကြည်က အင်တာနက်ကနေ မိန့်ခွန်းပြောသွားတာ ဖြစ်ပါတယ်။ အပြည့်စုံကို မအေးသန္တာကျော်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အခြေအနေကြောင့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားရေး၊ နိုင်ငံမှာ သွေးစည်းညီညွတ်မှု ရရှိရေး ကြိုးပမ်းမှုမှာ အဟန့်အတားဖြစ်နေရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။ Johannesburg တက္ကသိုလ်မှာ တနင်္လာနေ့က ကျင်းပခဲ့တဲ့ တောင်အာဖရိကနဲ့ မြန်မာနိုင်ငံရဲ့ ဆက်ဆံရေး ဘေးကျပ်နံကျပ် အခြေအနေဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အင်တာနက်ကတဆင့် ဗွီဒီယိုနဲ့ ပြောသွားခဲ့တာဖြစ်ပါတယ်။ အဲဒီလို ခက်ခဲတဲ့အခြေအနေတွေ ရှိနေပေမဲ့ တကယ့်စစ်မှန်တဲ့ ပေါင်းစည်းမှုမျိုး ရရှိအောင် လုပ်ဆောင်သွားမှာပါလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ ဒီအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခမ်းအနားကို တက်ရောက်သူတွေ အင်တာနက်ဗွီဒီယို ဆက်သွယ်မှုကတဆင့် မေးမြန်းမှုတွေ ပြုလုပ်သွားပြီးတဲ့နောက်မှာတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အလုပ်အမှုဆောင်ဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်း သတင်းစာဆရာကြီး ဦးဝင်းတင်ကလည်း မြန်မာနိုင်ငံရေး အခြေအနေတွေကို ရှင်းပြရင်းနဲ့ မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းမှုမှာ အားဖြည့်ပါဝင်ကြဖို့ တိုက်တွန်းတဲ့မိန့်ခွန်းကို ဗွီဒီယိုကနေ ပြသခဲ့ပါတယ်။

ဒီအခမ်းအနားမှာ အဓိက ဟောပြောသူ နောက်တစ်ဦးဖြစ်တဲ့ မစ္စတာ ကီရူးနိုင်ဒူး ကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပေါ်ထွန်းရေး အတွက် တောင်အာဖရိကအစိုးရအနေနဲ့ အခုထက်ထိပိုပြီးတော့ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“တောင်အာဖရိကအစိုးရအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီပေါ်ထွန်းရေးမှာ ပိုပြီး အင်အားစိုက်ထုတ် လုပ်ဆောင်ဖို့အတွက် ကျနော်တို့ တောင်းဆိုထားပါတယ်။ ဘာလို့လဲဆိုရင် ဖိနှိပ်တဲ့မြန်မာအစိုးရနဲ့ ပတ်သက်ပြီး တောင်အာဖရိကအစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒက သတ်သတ်မှတ်မှတ် မရှိလို့ပါ။ အခုဆိုရင် မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ တွေ့လာရပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရဲ့တာဝန်ယူနိုင်ဖို့ ယှဉ်ပြိုင်တဲ့နေရာမှာ မျှမျှတတ ပါဝင်နိုင်အောင် ကျနော်တို့ ဆက်လက် ကြိုးပမ်းဖို့လိုအပ်ပါတယ်။”

တောင်အာဖရိကအခြေစိုက် မြန်မာနိုင်ငံ လွတ်မြောက်ရေးအဖွဲ့ FBC ရဲ့ အဖွဲ့ဝင် မစ္စတာ ကီရူးနိုင်ဒူး (Kiru Naidoo) ပြောသွားတာဖြစ်ပါတယ်။ တောင်အာဖရိကအစိုးရဟာ ကမ္ဘာပေါ်မှာ ဖိနှိပ်တဲ့အစိုးရတွေကို ဆန့်ကျင်သူတွေဘက်က ပြတ်ပြတ်သားသား မရပ်တည်ဘူးလို့လည်း မစ္စတာ နိုင်ဒူးက ဆိုပါတယ်။

ဒီသီတင်းပတ်တွင်း တောင်အာဖရိကမှာ ကျင်းပဖို့ရှိတဲ့ အသားအရောင် တိုက်ဖျက်ရေးမှာ ခေါင်းဆောင် ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူးရဲ့ မွေးနေ့ပွဲအတွက် တိဘက်ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမား ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားတာကို တောင်အာဖရိကအစိုးရက မပေးသေးပါဘူး။ ဒါနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က တောင်အာဖရိကအစိုးရကို ဝေဖန်သွားခဲ့ပါတယ်။ တောင်အာဖရိကအစိုးရဟာ တခြားနေရာတွေမှာ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြတာမှာ အားတက်သရော မပါဝင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က တနင်္လာနေ့က Johannesburg တက္ကသိုလ်က ဟောပြောပွဲမှာ ဝေဖန်သွားတာဖြစ်ပါတယ်။ ကိုယ့်နိုင်ငံတွင်းက ပြဿနာတွေကို အောင်အောင်မြင်မြင်နဲ့ ကျော်လွှားသွားနိုင်ကြသူတွေ အနေနဲ့ တိုက်ပွဲဝင်နေကြဆဲ သူတွေအတွက် သတိရပေးရင် သိပ်ကောင်းမှာပဲလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပါတယ်။

ဒီအခမ်းအနားကို တက်ရောက်ခဲ့တဲ့ FBC ရဲ့ ဥက္ကဋ္ဌ ဦးသိန်းဝင်းကတော့ တောင်အာဖရိကနိုင်ငံမှာ ဒီလိုမျိုး အခမ်းအနားမျိုး ပထမဦးဆုံးအကြိမ် ကျင်းပနိုင်ခဲ့တာကို ကြိုဆိုကြောင်း ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက်တွေ့လိုက်ရတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်တဲ့စိတ် လေးစားတဲ့စိတ်ကို သူတို့မျက်နှာတွေမှာ မြင်တွေ့ရပါတယ်။ ဗွီဒီယိုပိတ်ခါနီးမှာ လက်ပြကြတာပေါ့နော်။ ပြီးတော့ အခုလို အမေးအဖြေ လုပ်တာတွေကို ကြားရတာရယ်၊ ကီရူးနိုင်ဒူးရဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းအစဉ်အလာကို ပြောသွားတဲ့ကိစ္စတွေ အပေါ်မှာ သူတို့ မြန်မာနိုင်ငံကို ပိုသိလာပြီး ပိုပြီးတော့ ပါဝင်ပတ်သက်ချင်လာတယ် ဆိုတဲ့သဘောကို ကျနော်တို့ တွေ့ရပါတယ်။ ကျနော် ထင်ပါတယ်။ ဒီနေ့ လုပ်လိုက်တဲ့ပွဲဟာ ကျနော်တို့ မြန်မာနိုင်ငံ လွတ်မြောက်ရေးအတွက် ပိုပြီးတက်အားဖြစ်လာမယ့် သဘောမျိုးကို ဆောင်တယ်လို့ ကျနော် အဲဒီလိုပဲ မြင်ပါတယ်။”

တောင်အာဖရိကအခြေစိုက် မြန်မာနိုင်ငံ လွတ်မြောက်ရေးအဖွဲ့ FBC ရဲ့ ဥက္ကဋ္ဌ ဦးသိန်းဝင်း ပြောသွားတာ ဖြစ်ပါတယ်။ ဒီကနေ့ အင်္ဂါနေ့မှာတော့ Johannesburg တက္ကသိုလ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်ဆု ပေးအပ်မှာဖြစ်ပြီး သူ့ရဲ့ ကိုယ်စားအဖြစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစ်ကိုဝင်းကွဲ တော်စပ်ပြီး အဝေးရောက် မြန်မာနိုင်ငံ ညွှန့်ပေါင်းအစိုးရရဲ့ ဝန်ကြီးချုပ်ဖြစ်သူ ဒေါက်တာစိန်ဝင်းက အခမ်းအနားတက်ရောက်ပြီး ဆု လက်ခံရယူမှာဖြစ်ပါတယ်။

XS
SM
MD
LG