သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တွေ့ဆုံဆွေးနွေးဖို့ ဒေါ်စု လမ်းဖွင့်ထားဆဲ


မြန်မာစစ်အစိုးရကို တရားစွဲဖို့ ဆောင်ရွက်နေတာဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး တွေ့ဆုံဆွေးနွေးဖို့ လမ်းကြောင်းကို ပိတ်တဲ့သဘော မဟုတ်ဘူးလို့ နေအိမ်မှာ အကျဉ်းချခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ရှေ့နေ ဦးဉာဏ်ဝင်းနဲ့ ဒေါ်အောင်ဆန်းကြည်တို့ ဒီကနေ့ တွေ့ဆုံခွင့်ရတုန်း အခုလို ပြောဆိုလိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဘက်က မြန်မာစစ်အစိုးရကို နောက်တကြိမ် တရားထပ်စွဲဖို့လည်း ပြင်ဆင်နေပါတယ်။ အပြည့်အစုံကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

တိုင်းပြည်နဲ့ လူမျိုးအတွက် ထမ်းဆောင်ရမယ့် တာဝန်ဝတ္တရားတွေကို ကျေပွန်အောင် မဆောင်ရွက်တာကြောင့် မြန်မာစစ်အစိုးရကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ပြီးခဲ့တဲ့ ဧပြီလတုန်းက တရားစွဲခဲ့ပေမဲ့ ဒီစွဲဆိုမှုကို တရားရုံးက ငြင်းပယ်ခဲ့ပါတယ်။ ဒီလိုငြင်းပယ်တာဟာ ဥပဒေအရ လုပ်ခွင့်မရှိဘူး ဆိုတဲ့အကြောင်းနဲ့ နောက်တကြိမ် တရားစွဲဖို့ ပြင်ဆင်နေကြတာပါ။ ဒီလိုဆောင်ရွက်တာဟာ စစ်အစိုးရနဲ့ NLD တို့အကြား အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်မလာအောင် ပိတ်ဆို့တဲ့သဘော မဟုတ်ဘူး ဆိုတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့ ပြောဆိုခဲ့ကြတယ်လို့ ဦးဉာဏ်ဝင်းက ပြန်ရှင်းပြပါတယ်။

“ဇွန်လ ၂၁ ရက် ရက်စွဲနဲ့ နအဖကို တရားစွဲဆိုမယ် ဆိုတဲ့အကြောင်း နို့တစ်စာကို ကျနော်တို့ ပို့ထားပါတယ်။ အဲဒီနို့တစ်စာထဲမှာ ဒီလိုတရားစွဲဖို့ ဆောင်ရွက်နေတာဟာ အမျိုးသား ရင်ကြားစေ့ရေးအတွက် ဒိုင်ယာလော့ဂ် (Dialogue) ကို ပိတ်တာမဟုတ်ဘူး။ အမြဲတမ်း အမျိုးသား ရင်ကြားစေ့ရေးအတွက်၊ ဒိုင်ယာလော့ဂ်အတွက် အဆင်သင့် ရှိပါတယ် ဆိုတာလည်း ကျနော်တို့ ဖော်ပြပါတယ်။”

နိုင်ငံ့ဝန်ထမ်းဟာ ဥပဒေပြဋ္ဌာန်းချက်အရ လုပ်ရမယ့် တာဝန်ကို မလုပ်ဘဲ ပျက်ကွက်နေလို့ နိုင်ငံတော် တရားရုံးကတဆင့် ဆောင်ရွက်ပေးဖို့ အမိန့်ချနိုင်အောင် နစ်နာတဲ့သူက လျှောက်ထားတဲ့ သီးခြားသက်သာခွင့် အက်ဥပဒေပုဒ်မ ၄၅ နဲ့ ၅၄ တို့အရ တရားစွဲဆိုရေး NLD ဘက်က လုပ်ဆောင်နေတာပါ။ စစ်အစိုးရကို နောက်ထပ် တရားစွဲဆိုမှု တခုကလည်း NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ တရားဝင် အနိုင်ရလို့ တည်ရှိနေကြသူတွေ ဖြစ်တယ်၊ တရားဥပဒေအရ သူတို့ဟာ ဆက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ အဖြစ် ရပ်တည်ပိုင်ခွင့် ရှိတဲ့အကြောင်း NLD လွှတ်တော်ကိုယ်စားလှယ် ၂၆ ဦးက ပုဒ်မ ၄၂ နဲ့ စွဲဆိုကြတဲ့ အမှုပါ။

“ပထမတခါ စွဲပြီးပြီ၊ အဲဒီ စွဲတာကို သူတို့ တရားရုံးက ငြင်းတယ်။ အဲဒီငြင်းတာကို ကျနော်တို့ နေပြည်တော်ကို စာရေးပြီးတော့ ဒီလို ငြင်းခွင့်မရှိဘူးဆိုတာ တင်ပြထားတယ်။ အဲဒီတင်ပြချက်က Response မလာသေးဘူး။ သို့သော် နောက်တခု ဒီအလားတူ စွဲဖို့ကို လိုအပ်တဲ့ နို့တစ်ကို ကျနော်တို့ အခုပေးနေတာ ဖြစ်တယ်။ ကျနော်တို့ ပိုပြီးတော့ နည်းစနစ်ကျအောင် ဆောင်ရွက်နေတာပါ။ ဥပဒေလမ်းကြောင်းအရ ဆိုရင် ဒီအမှုကို ကြားနာရမှာ။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတဦးလည်းဖြစ်ပြီး NLD ရဲ့ ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

ဦးဉာဏ်ဝင်းနဲ့ ရှေ့နေ ဦးကြည်ဝင်းတို့ ၂ ဦး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ဒီကနေ့ နေ့လယ် ၂ နာရီကနေ ၄ နာရီအထိ သွားခွင့်ရခဲ့ပါတယ်။ အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတဲ့အမှု အထူးအယူခံ လျှောက်လွှာ တင်နိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

XS
SM
MD
LG