သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးအတွက် လူ့အခွင့်အရေး အဓိကကျ


တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးအတွက် လူ့အခွင့်အရေး အဓိကကျ
တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးအတွက် လူ့အခွင့်အရေး အဓိကကျ

မြန်မာနိုင်ငံဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်တဲ့ နိုင်ငံတခု ဖြစ်တာကြောင့် မိမိတို့အားလုံး တညီတညွတ်တည်း ရှိစေဖို့ လူ့အခွင့်အရေးဟာ ကြီးမားတဲ့ ညီညွတ်ရေး အကြောင်းတရား တခု ဖြစ်ပါတယ်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒါ့အပြင် ဒီမိုကရေစီဟာ တဦးတယောက် တဖွဲ့ တပါတီတည်းကို အကျိုးရှိစေတာ မဟုတ်ဘဲ စစ်ဘက် အရပ်ဘက် အားလုံးအတွက် အကျိုးရှိတဲ့စနစ် ဖြစ်ပါတယ်လို့လည်း ပြောပါတယ်။ လစ်သူယေးနီးယားနိုင်ငံ၊ ဗီးလ်နပ်စ်မြို့တော်မှာ ကျင်းပမယ့် ဒီမိုကရေစီနိုင်ငံများ အသိုက်အဝန်းရဲ့ ဝန်ကြီးအဆင့် အစည်းအဝေးကို ဗွီဒီယိုနဲ့ ပေးပို့တဲ့ မိန့်ခွန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောထားတာပါ။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ဒီမိုကရေစီဆိုတာ အစိုးရစနစ် တရပ်သာ မဟုတ်ဘဲ လူသားရဲ့ ဂုဏ်သိက္ခာကို မပျက်မယွင်းအောင် ထိန်းသိမ်း စောင့်ရှောက်ပေးတဲ့ နည်းလမ်းတခု ဖြစ်ပါတယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီမိုကရေစီကို လူ့အခွင့်အရေးနဲ့ ခွဲခြားလို့ မရနိုင်ဘဲ တကမ္ဘာလုံးက လူပေါင်းများစွာနဲ့ နိုင်ငံပေါင်းများစွာမှာလိုပဲ အခြေခံ လူ့အခွင့်အရေးတွေဟာ မြန်မာနိုင်ငံမှာလည်း အင်မတန် အရေးကြီးပါတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်ကြတဲ့ နိုင်ငံတခု ဖြစ်တာကြောင့် မိမိတို့အားလုံး ညီညွတ်စေဖို့ တစုံတခု လိုအပ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပြီး လူ့အခွင့်အရေးရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို မီးမောင်းထိုး ပြောဆိုခဲ့ပါတယ်။

“လူ့အခွင့်အရေးဟာ ကြီးမားတဲ့ ညီညွတ်ရေး အကြောင်းတရားတခု ဖြစ်ပါတယ်။ အားကောင်းပြီး တည်ငြိမ်တဲ့ မြန်မာနိုင်ငံ ဖြစ်စေဖို့အတွက် ဘယ်လို အာဏာရှင်အစိုးရ အမျိုးအစားထက်မဆို လူ့အခွင့်အရေးပေါ်မှာ အခြေခံတဲ့ ဒီမိုကရေစီ တန်ဖိုးတွေက ပိုပြီး လုပ်ဆောင်နိုင်ပါတယ်။”

ဒီအချက်ကြောင့် မိမိတို့ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ဖို့အတွက် ကမ္ဘာကြီးက ဝိုင်းပြီးကူညီဖို့ ဒေါ်အောင်ဆန်းစုကြည်က ပန်ကြားခဲ့ပါတယ်။ အဓိက လုပ်ရမှာက မိမိတို့ကိုယ်တိုင် ဖြစ်တယ်ဆိုတာ သိပေမဲ့ မိမိတို့ မခံစားရတဲ့ အခွင့်အရေးတွေကို ခံစားခွင့် ရနေတဲ့ ရေခြားမြေခြားက မိတ်ဆွေတွေဟာ မိမိတို့ရဲ့ တိုးတက်မှု၊ မိမိတို့ရဲ့ အောင်မြင်မှုအတွက် အများကြီး လုပ်ဆောင်ပေးနိုင်ပါတယ်လို့ ဆိုပါတယ်။ အောင်မြင်မှုရမယ်ဆိုတာ မိမိတို့ သံသယ မရှိပေမဲ့ မြန်မြန်ရလေ မိမိတို့ အားလုံးအတွက် ပိုကောင်းလေ ဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“အားလုံးအတွက်လို့ ကျမပြောတဲ့နေရာမှာ ဒီမိုကရေစီရဖို့ ရုန်းကန် တိုက်ပွဲဝင်နေတဲ့ ကျမတို့အတွက်တင် ဆိုလိုတာ မဟုတ်ဘဲ စစ်အစိုးရလည်း ပါဝင်ပါတယ်။ ဒီမိုကရေစီဟာ အရပ်သားတွေအတွက်သာမက စစ်တပ်အတွက်၊ နိုင်ငံရေးပါတီတွေ အတွက်သာမက စစ်ဘက်အတွက်လည်း ကောင်းမွန်တဲ့စနစ် ဖြစ်ပါတယ်ဆိုတာ ကျမတို့ ယုံကြည်ပါတယ်။”

ဒီမိုကရေစီနိုင်ငံများ အသိုက်အဝန်း ဝန်ကြီးအဆင့် အစည်းအဝေးဆီကို ပေးပို့တဲ့ မိန့်ခွန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောထားတာ ဖြစ်ပါတယ်။

ဇွန်လ ၃၀ ရက်၊ ကြာသပတေးနေ့တုန်းကတော့ အစည်းအဝေးတက်ဖို့ လစ်သူယေးနီးယားနိုင်ငံကို ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) နဲ့ လစ်သူယေးနီးယား နိုင်ငံခြားရေးဝန်ကြီး အော်ဒရိုနီးယပ်စ် အာဇူဘာလစ်စ် (Audronius Azubalis) တို့ဟာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး တင်ပြ ပြောဆိုချက်တွေကို နားထောင်ခဲ့ကြပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့က မခင်ဥမ္မာလည်း တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်တာတွေကို တင်ပြ တောင်းဆိုခဲ့ပါတယ်။ ရွေးကောက်ပွဲပြီး ကာလမှာ မြန်မာစစ်တပ်က လူမျိုးစု တိုင်းရင်းသား လက်နက်ကိုင်တွေကို တိုက်ခိုက်နေတဲ့ အခြေအနေနဲ့ ပြည်ထဲရေး ဝန်ကြီးဌာနက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို သတိပေး ခြိမ်းခြောက်စာ ပေးပို့ခဲ့တဲ့ ကိစ္စတွေကို အဓိက ပြောခဲ့တယ်လို့ မခင်ဥမ္မာက ဗွီအိုအေကို ပြောပါတယ်။

“အမေရိကားအနေနဲ့ နယ်စပ်ဖြတ်ပြီးတော့မှ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေနဲ့ ဒီမိုကရေစီ မြှင့်တင်ရေးအတွက် ဒီမိုကရေစီ လှုပ်ရှားနေတဲ့ သူတွေကို သူတို့ဘက်ကနေ ထောက်ပံ့မှုတွေ ပိုပြီးပေးဖို့၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းဖို့အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်တခု ဖွဲ့ဖြစ်ဖို့ အတွက်ကို သူတို့အနေနဲ့ အဓိကထားပြီး လုပ်ဆောင်ပေးဖို့၊ တရုတ်နဲ့ ထိုင်းနိုင်ငံကနေပြီးတော့ စစ်ကြောင့် ထွက်ပြေးလာရတဲ့ မြန်မာနိုင်ငံက ဒုက္ခသည် ပြည်သူတွေကို ပြန်ပို့တာမျိုးတွေ မလုပ်ဘဲ ကာကွယ် စောင့်ရှောက်မှုနဲ့ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေ ပေးဖို့၊ ပြီးတော့ စစ်အုပ်စုအပေါ်မှာ ဆက်ပြီးတော့ ဖိအားပေးမှုတွေ လုပ်ဖို့ ဆိုပြီးတော့ ကျမတို့ သူတို့ကို အဲဒီမှာပဲ တခါတည်း တင်ပြ တောင်းဆိုခဲ့တယ်။”

ဒီမိုကရေစီနိုင်ငံများ အသိုက်အဝန်းကို ၂၀၀၀ ပြည့်နှစ်၊ ဇွန်လက စတင် ထူထောင်ခဲ့တာဖြစ်ပြီး လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲတွေ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ပညာရေး တန်းတူညီမျှ ရရှိခွင့်၊ တရားဥပဒေ စိုးမိုးရေးနဲ့ ငြိမ်းချမ်းစွာ စုဝေးမှုဆိုင်ရာ လွတ်လပ်ခွင့်တွေ အပါအဝင် အခြေခံ ဒီမိုကရေစီ သဘောတရားတွေနဲ့ ကျင့်ထုံးတွေကို လေးစား လိုက်နာကြမယ်လို့ သဘောတူတဲ့ ဒီမိုကရေစီ နိုင်ငံတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

အခု ဝန်ကြီးအဆင့် အစည်းအဝေးကို ၂၀၀၉-၂၀၁၁ အလှည့်ကျဥက္ကဋ္ဌ လစ်သူယေးနီးယားနိုင်ငံက လက်ခံကျင်းပတာဖြစ်ပြီး နောက် အလှည့်ကျ ဥက္ကဋ္ဌကတော့ မွန်ဂိုလီးယားနိုင်ငံ ဖြစ်ပါတယ်။

XS
SM
MD
LG