သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းပြည်ထူထောင်ရေး အမျိုးသားနေ့မှာ ဒေါ်စုတိုက်တွန်း


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နတ်မောက်ပြည်သူလူထုကို မိန့်ခွန်းပြောကြားနေစဉ်။ (ဒီဇင်ဘာလ ၈ ရက်၊ ၂၀၁၂)။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နတ်မောက်ပြည်သူလူထုကို မိန့်ခွန်းပြောကြားနေစဉ်။ (ဒီဇင်ဘာလ ၈ ရက်၊ ၂၀၁၂)။
မြန်မာနိုင်ငံမှာ ပညာရေးစနစ်ဟာ အားနည်းလွန်းပြီး လူငယ်တွေ ပညာတတ်ဖြစ်အောင် အလုပ်အကိုင်ရအောင် ဖန်တီးပေးဖို့ လိုအပ်တယ်လို့ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် စနေနေ့မှာ ကျရောက်ခဲ့တဲ့ (၉၂) ကြိမ်မြောက် အမျိုးသားနေ့မှာ နတ်မောက်ပြည်သူတွေကို ပြောကြားတဲ့ မိန့်ခွန်းအတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ၂ ရက်ကြာသွားရောက်တဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မကွေးတိုင်း ခရီးစဉ်အတွင်း ဒီဇင်ဘာလ ၈ ရက်နေ့ကတော့ ဖခင်ဖြစ်သူ လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇာတိမြေဖြစ်တဲ့ နတ်မောက်မြို့ကို သွားရောက်လည်ပတ်ခဲ့ပါတယ်။

လွတ်လပ်ရေးရပြီး ၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည် ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ဟာ ၂ နှစ်သမီး အရွယ်ပဲ ရှိသေးတာဖြစ်ပါတယ်။
အခုလို ဒေါ်အောင်ဆန်းစုကြည် နတ်မောက်မြို့ကို လာရောက်မယ်ဆိုတဲ့ အတွက်ကြောင့် နတ်မောက်မြို့မှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ် ဘောလုံးကွင်းမှာ ထောင်ပေါင်းများစွာသော ပြည်သူတွေ သူ့ကို ကြိုဆိုဖို့ စောင့်ဆိုင်းနေခဲ့ကြတာပါ။

ကြိုဆိုနေကြတဲ့ နတ်မောက်လူထုကို နှုတ်ဆက်ရင်း ဒေါ်အောင်ဆန်းစုကြည်က စံပြဖြစ်အောင် နေသွားပြဖို့ လိုတယ်လို့ တိုက်တွန်းခဲ့ပါတယ်။

“ကျမတို့ရဲ့ ဆွေမျိုးတွေဟာ မြင့်မြတ်တဲ့ ဆွေမျိုးတွေ၊ မြင့်မြတ်တဲ့ ပြည်သူတွေ ဖြစ်စေချင်ပါတယ်။ နတ်မောက်ရဲ့ အစဉ်အလာကို ထိန်းသွားတဲ့ ပြည်သူတွေ ဖြစ်စေချင်ပါတယ်။ နတ်မောက် ဆိုတာ တကယ်တော့ မြို့သေးသေးလေးပါ။ ဒါပေမဲ့ ဒီမြို့လေး သေးသေးလေးကို တတိုင်းပြည်လုံးက သိတဲ့ အကြောင်းရင်းကတော့ ဖေဖေ့ရဲ့မွေးရပ်မြေ မိုလို့ ဖြစ်ပါတယ်။ မြို့တမြို့ကနေပြီးတော့ စိတ်ထားမြင့်မြတ်တဲ့ လူ တယောက် ထုတ်နိုင်ရင်တောင်မှ ဘယ်လောက် ကျော်ကြားသွားသလဲ၊ ဘယ်လောက် တန်ဖိုးကြီးသွားသလဲ၊ ကျမတို့ မြို့သူမြို့သားတွေ အားလုံးဟာ အင်မတန်မှ စိတ်ထားမြင့်ပြီးတော့ တိုင်းပြည်ရဲ့ အကျိုး ထမ်းဆောင်တဲ့သူတွေ ဖြစ်မယ်ဆိုရင် နတ်မောက်ဟာ ကမ္ဘာ့အလယ်မှာ လျှမ်းလျှမ်းတောက် ဖြစ်မှာပါ။ ဒါကြောင့် ဒီအချိန်မှာ ကျမတို့ နတ်မောက်မြို့သူ မြို့သားတွေက ဒီနိုင်ငံရဲ့ စံပြ နိုင်ငံသူနိုင်ငံသားတွေ အနေနဲ့ နေသွားပြစေချင်ပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ပညာရေးစနစ် မြှင့်တင်ဖို့က အရေးကြီးဆုံးကိစ္စ ဖြစ်သလို၊ လူငယ်တွေကိုလည်း အသက်မွေး ဝမ်းကျောင်းပညာ သင်ပေးဖို့ လိုအပ်တယ်လို့လည်း ပြောကြား ခဲ့ပါတယ်။

“ကျမတို့နိုင်ငံရဲ့ ပညာရေး စနစ်ဟာ မကောင်းပါဘူး။ ဒါကို အားလုံး သိပြီးသားလို့ ကျမ ထင်ပါတယ်။ ဒီလို မကောင်းတဲ့ ပညာရေးစနစ်ကို ကျမတို့ ပြုပြင်ယူရမယ်။ ကျမတို့ ပညာရေးစနစ်က ဘွဲ့သာပေးပြီးတော့ အလုပ်မပေးနိုင်တဲ့ ပညာရေး ဖြစ်နေတယ်။ ကျမ လမ်းတလျှောက်မှာလာတိုင်း အဲဒီလိုပဲ ပိုစတာလေးတွေ ထောင်ပြီးတော့ အလုပ်မဲ့ဘွဲ့ရတွေ ကူညီပါ ဆိုတဲ့ဟာ ခဏခဏ ကျမ တွေ့ရပါတယ်။ အဲဒီတော့ အလုပ်မဲ့ဘွဲ့ရ ဆိုတာ နိုင်ငံရဲ့ ပညာရေးစနစ် မကောင်းတာကိုလည်း ပြတယ်၊ နိုင်ငံရဲ့ စီးပွားရေးစနစ် မကောင်းတာကိုလည်း ပြနေပါတယ်။ ကျမတို့က လူငယ်တွေကို အသက်မွေးဝမ်းကျောင်း ပညာ သင်ကြားပေးဖို့ အင်မတန်မှ လိုလားပါတယ်။ အဲဒီလို အသက်မွေးဝမ်းကျောင်း ပညာတွေ သင်ပေးလိုက်မှ ကျမတို့ အလုပ်မဲ့လူငယ်တွေဟာ အလုပ်ရသွားမှာပါ။”

ဒါ့အပြင် ပြည်သူတွေအနေနဲ့ နိုင်ငံရေးပါတီတွေ ပြောသမျှစကားတိုင်းကို ယုံကြည်မနေဘဲ NLD အပါအဝင် နိုင်ငံရေးပါတီတွေကို အပြုသဘောဆောင် ထောက်ပြဖို့ကိုလည်း နတ်မောက် လူထုကို ပြောကြားတဲ့ မိန့်ခွန်းအတွင်း ထည့်သွင်း ပြောဆိုခဲ့ပါသေးတယ်။

“ဒီမိုကရေစီနည်းကျ နိုင်ငံရေးပါတီတခု ထောင်တယ်ဆိုတာဟာ အာဏာရရေးဟာ အဓိက မဟုတ်ပါဘူး။ အာဏာရရေးဟာ အရေးကြီးတယ်၊ ကျမ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ ကျမတို့ အာဏာရမှ ကျမတို့ လိုချင်တဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်မှာ။ ဒါကြောင့်မို့ ကျမတို့က အာဏာလိုချင်လား ဆိုရင် လိုချင်တယ်လို့ပဲ ပြောမှာပါ။”

အခု ဒေါ်အောင်ဆန်းစုကြည် လာရောက်တဲ့ ဒီခရီးစဉ်ဟာဆိုရင် လွန်ခဲ့တဲ့ ၂ နှစ်၊ ၂၀၁၀ နိုဝင်ဘာလ မှာ နေအိမ်အကျယ် ထိန်းသိမ်းခံထားရာ ကနေ ပြန်လည် လွတ်မြောက်လာပြီးကတည်းက ပထမဆုံးအကြိမ် နတ်မောက်မြို့ကို လာရောက်ခဲ့တဲ့ ခရီးစဉ်လည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ တက်လာမယ့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပခဲ့ပြီး ၂ ရက်အကြာမှာပဲ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အခု သွားရောက်တဲ့ သူ့ရဲ့ မကွေးတိုင်းခရီးစဉ်အတွင်း အခုလို လူထုနဲ့ တွေ့ဆုံတာအပြင်၊ တောင်တွင်းကြီး မြို့နယ် ပြည်သူ့ဆေးရုံကြီး ကို ငွေလှူဒါန်းတာနဲ့ တောင်တွင်းကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ဖွင့်လှစ်တာတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။
XS
SM
MD
LG