သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ ခေါင်းဆောင်တချို့ ရွေးကောက်ပွဲ မျှတရေး ဒေါ်စုနဲ့ဆွေးနွေး


၈၈ ခေါင်းဆောင်တချို့ ရွေးကောက်ပွဲ မျှတရေး ဒေါ်စုနဲ့ဆွေးနွေး
၈၈ ခေါင်းဆောင်တချို့ ရွေးကောက်ပွဲ မျှတရေး ဒေါ်စုနဲ့ဆွေးနွေး

မြန်မာနိုင်ငံမှာ မကြာခင်လပိုင်းတွေတွင်း ကျင်းပဖို့ရှိတဲ့ ကြားဖြတ် ရွေးကောက်ပွဲကိစ္စနဲ့အတူ အကျဉ်းထောင်တွေတွင်းမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန် လွတ်မြောက်လာရေး ကိစ္စတွေကို ဒီကနေ့မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။ ပြုပြင်ပြောင်းလဲရေးလမ်းပေါ် ရောက်နေပြီဖြစ်တဲ့ မြန်မာ့နိုင်ငံရေးကို ရဲရဲတင်းတင်း ဆက်လျှောက်နိုင်ဖို့နဲ့ လူထုရဲ့ ဆန္ဒသဘောထား အစစ်အမှန်ကို ဖော်ထုတ်နိုင်မယ့် ကြားဖြတ် ရွေးကောက်ပွဲဖြစ်ရေးတွေမှာ အပြည့်အ၀ ရပ်တည်သွားမယ်လိ့ုလည်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေက ပြောပါတယ်။ ဒီအကြောင်း အပြည့်စုံကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၂၇ ရက်၊ သောကြာနေ့ ညနေက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ကျောင်းသားတချို့ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ကြတာပါ။ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေထဲက ကိုကိုကြီး၊ ကိုဌေးကြွယ်နဲ့ ကိုမြအေးတို့ ၃ ဦးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ၂ နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီလိုဆွေးနွေးကြတဲ့အထဲမှာ ကြားဖြတ် ရွေးကောက်ပွဲကိစ္စ၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောပါတယ်။

“အဓိက ကတော့ ကျနော်တို့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ခဲ့တဲ့ သဘောထား ကြေညာချက်အပေါ်မှာ တည်ပြီးတော့ ကျနော်တို့ ပြောဖြစ်ဆိုဖြစ်ပါတယ်။ အဲဒီအထဲမှာ အဓိက ကတော့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သဘောထားရယ်၊ နောက်တစ်ခုက ထောင်ထဲမှာ ဆက်ပြီး ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ကိစ္စ၊ အနာဂတ် မြန်မာ့နိုင်ငံရေး အခင်းအကျင်းနဲ့ ပတ်သက်တဲ့ဟာတွေ၊ အဲဒါတွေကို ဆွေးနွေးဖြစ်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ အန်တီ ဝင်ဖို့ဆုံးဖြတ်တာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ထောက်ခံတာ အပေါ်မှာရော၊ ကျနော်တို့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီးတော့ တော်တော်များများမှာ ဒီကနေ့ တူညီမှုတွေ ရှိပါတယ်။ ဆွေးနွေးဖြစ်တာကတော့ အများကြီးပါပဲ။ အဲဒီတော့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်က တော်တော်လေးကို အန်တီအနေနဲ့ နိုင်ငံရေးအရ အများကြီး တွက်ချက်ပြီးတော့ ရွေးချယ်ရတာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ကလည်း ဒီအပေါ်မှာ နားလည်မှု အပြည့်နဲ့ ဒီဆုံးဖြတ်ချက်ကို ကျနော်တို့ ပူးပေါင်း ဆောင်ရွက်သွားမယ် ဆိုတဲ့အကြောင်းပေါ့လေ။ အဲဒီအပေါ်မှာ အန်တီအနေနဲ့လည်း အားရကျေနပ်မှု ရှိပါတယ်။ အဲဒီတော့ ကျနော်တို့ကလည်း ဒီ ကြားဖြတ် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အန်တီအမြင်တွေ၊ ကျနော်တို့အမြင်တွေ ဖလှယ်ကြတဲ့ဟာတွေ ရှိပါတယ်။”

အဓိက အချက်တစ်ချက်အနေနဲ့ အကျဉ်းထောင်တွေတွင်း ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသား စာရင်းတွေကို NLD ပါတီက ပြုစုထားတဲ့ စာရင်းနဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေအဖွဲ့က ပြုစုထားတဲ့ စာရင်း အရေအတွက်တွေကို ညှိနှိုင်းပြီး အားလုံးလွတ်မြောက်ရေး အတွက် ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

“အဲဒါကတော့ အန်တီတို့အနေနဲ့ စုဆောင်းထားတဲ့စာရင်းနဲ့ ကျနော်တို့မှာရှိတဲ့ စုဆောင်းထားတဲ့စာရင်းနဲ့ ညှိနှိုင်းပြီးတော့ တိုက်ဆိုင်သွားဖို့ပေါ့လေ။ အဲဒါလည်း ကျနော်တို့ ပြောဖြစ်ပါတယ်။ ကျနော်တို့က နဂိုကတည်းက ရင်းနှီးမှု၊ လေးစားမှုအခံ ရှိပြီးသားဖြစ်တဲ့အတွက်ကြောင့် နောက်ပိုင်းမှာလည်း အခါအားလျော်စွာ တွေ့ဆုံဆွေးနွေးတာတွေ ကျနော်တို့ ဆက် လုပ်သွားမှာပါ။ အခု လောလောဆယ်တော့ အန်တီအနေနဲ့လည်း အရမ်း အလုပ်များပါတယ်။ သွားနေတဲ့ ခရီးတွေရော၊ ပါတီကိစ္စတွေရော။ အဲဒီတော့ အန်တီ အားတဲ့အချိန်ထဲကနေပြီးတော့ ကျနော်တို့က နွေးနွေးထွေးထွေး ဆွေးနွေးဖြစ်ကြတာပါ။”

၈၈ ကျောင်းသား ခေါင်းဆောင်တချို့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အခုတွေ့ဆုံမှုအတွင်းမှာ ဆွေးနွေးကြတဲ့ အကြောင်းအရာ အပြည့်အစုံကိုတော့ လတ်တလောမှာ ထုတ်ပြန်ဖို့ မရှိသေးဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ ပြုပြင်မှုလမ်းစပေါ် ရောက်နေပြီဖြစ်တဲ့ မြန်မာ့နိုင်ငံရေး အရှိန်ကို တစုံတရာကြောင့် ရပ်တန့်သွားတာမျိုး မဖြစ်အောင် အားပေးကူညီသွားမှာ ဖြစ်သလို ဧပြီလ ၁ ရက်နေ့မှာလုပ်မယ့် ကြားဖြတ် ရွေးကောက်ပွဲတွေ ဟာလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ပွဲတစ်ခုဖြစ်ဖို ပံ့ပိုးသွားမယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့ကတော့ လူထုကြား နိုင်ငံရေးနိုးကြားမှု မြင့်တက်လာအောင်နဲ့ ရွေးကောက်ပွဲ နည်းလမ်းဟာ လူထုအနေနဲ့ ကိုယ့်ရဲ့ဆန္ဒသဘောထားကို လွတ်လွတ်လပ်လပ် ဖော်ထုတ်နိုင်တဲ့ အခွင့်အလမ်းတစ်ခုအဖြစ်နဲ့ အဲဒါကို မိမိရရ အသုံးချဖို့ ကိစ္စတွေကိုတော့ ဆက်ပြီးတော့ ဖိအားပေးတာတွေ၊ ဟောပြောတာတွေ တတ်နိုင်သလောက် လုပ်သွားမှာပါ။ နိုင်ငံရေးက ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းပေါ်ကိုတော့ ရောက်နေပြီ။ အဲဒီအပေါ်မှာ ကျနော်တို့ ရဲရဲတင်းတင်း ထောက်ပြဖို့ပါပဲ။ ဘယ်လို အကြောင်းကြောင့်မှ နောက်ပြန် လှည့်သွားတာမျိုး၊ တန့်သွားတာမျိုး မဖြစ်အောင် တစ်ယောက်နဲ့တစ်ယောက် ကြားမှာ စိုးရိမ်ထိတ်လန့်မှုတွေ၊ မယုံကြည်မှုတွေ မဖြစ်အောင် ကျနော်တို့ ဆက် ကြိုးစားသွားမှာပါ။”

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ဖြစ်ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီတစ်ကြိမ်တွေ့ဆုံတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်နေ့က တစ်ကြိမ် ညစာ အတူစားရင်း တွေ့ဆုံခဲ့ကြပါတယ်။ ဒါ့အပြင် ဇန်နဝါရီလ ၂၁ ရက်၊ စနေနေ့ကလည်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ လက်ရှိမှာ နိုင်ငံရေးပါတီ ထူထောင်မှာ မဟုတ်သေးသလို ကြားဖြတ်ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည် ဝင်ပြိုင်မှာကို သဘောတူလက်ခံပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မြန်မာ့နိုင်ငံရေး ဖြစ်ထွန်းမှုတွေထဲမှာ ဝန်းရံသွားမယ်လို့ ၈၈ ကျောင်းသားတွေက သူတို့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာ ထုတ်ဖော် ပြောဆိုထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG