သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်း မြန်မာတွေ အိမ်ပြန်နိုင်ရေး ဒေါ်စု ကြိုးစားမည်


ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးတွေ ထိုင်းနိုင်ငံက ကျောင်းတွေမှာ ပညာ သင်ကြား နိုင်ကြတော့မှာ ဖြစ်သလို အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ချိုးဖောက် ခံနေရတာတွေကိုလည်း အတတ်နိုင်ဆုံး ကာကွယ် စောင့်ရှောက်သွားပါမယ်လို့ ထိုင်းအစိုးအဖွဲ့၊ ဒုတိယ ဝန်ကြီးချုပ် တဦးဖြစ်သူ ချာလမ်မ် ယူဘမ်ရုန်းန် (Chalerm Yubamrung) က ဒေါ်အောင်ဆန်းစုကြည်ကို ကတိပြု ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်း ဒုတိယ ဝန်ကြီးချုပ်တို့ ထိုင်းအစိုးရအဖွဲ့ ရုံးမှာ ဒီကနေ့ နေ့လည်ပိုင်း တွေ့ဆုံ ဆွေးနွေးကြချိန် အတွင်း အဲဒီလိုကတိပေးခဲ့တာပါ။ ညနေပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မဟာချိုင်မြို့ဆီ ဒုတိယအကြိမ်မြောက် ထပ်သွားခဲ့ပါသေးတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံမှာရောက်နေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းအစိုးရအဖွဲ့၊ ဒုတိယဝန်ကြီးချုပ် ချာလမ်မ် ယူဘမ်ရုန်းန်နဲ့ တွေ့ဆုံပြီး မြန်မာ ရွှေ့ပြောင်း အလုပ်သမားအရေးနဲ့ ဒုက္ခသည် အရေးတွေကို ဆွေးနွေးခဲ့တာပါ။ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကလေးငယ်တွေ ပညာ သင်ကြားနိုင်ရေးနဲ့ သူတို့ရဲ့ အခွင့်အရေး တွေကို အတတ်နိုင်ဆုံး အကာအကွယ် ပေးပါမယ်လို့ မစ္စတာချာလမ်က ဒေါ်အောင်ဆန်းစုကြည်ကို ကတိပြု ပြောဆိုခဲ့ပါတယ်။

"ထိုင်းနိုင်ငံမှာ မွေးထားတဲ့ ရွှေ့ပြောင်း အလုပ်သမားများရဲ့ သားသမီးများ၊ သက်ဆိုင်ရာ နယ်မြေ အသီးသီးမှာ လွယ်လင့်တကူ ပညာ သင်ကြားနိုင်ရေးကိုလည်း ခွင့်ပြုမယ်လို့ ပြောလိုက်သလို၊ ကျနော်တို့ လုပ်သားများ လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေး ချိုးဖောက် ခံနေရတာတွေကိုလည်း တတ်နိုင်ဆုံး ကာကွယ်
စောင့်ရှောက်သွားမယ်လို့ ကတိပေးပါတယ်။ သူကိုယ်တိုင် ဒီကနေ့ ဒုဝန်ကြီးချုပ် ချာလမ်နဲ့ တွေ့ဆုံပြီး မနေ့က ကျနော်တို့ တင်ပြလိုက်တဲ့ဟာကို ချက်ချင်း သွားဆွေးနွေးတယ်။ ဆွေးပြီး ရတဲ့ ရလဒ်ကို သူပြောတာပါ။"


မဟာချိုင်မြို့ အခြေစိုက်၊ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ယက်ရဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်က ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သူတို့ကို ပြောပြတာကို ဗွီအိုအေကို ပြန်ပြောပြခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်း ဒုတိယ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် မေလ ၃၀ ရက်နေ့ကပဲ သွားရောက်ခဲ့တဲ့ မဟာချိုင်မြို့ဆီ နောက်တခေါက် ထပ်သွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီက နိုင်ငံသားစိစစ်ရေးရုံးမှာ ထိုင်း၊ မြန်မာ တာဝန် ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် အလုပ်သမားတွေကို ခနတာ စကား ပြောခဲ့ပါသေးတယ်။

"ဒါပေမယ့်လည်း ကျမက ကတိတွေ ပေးပြီးတော့၊ မလုပ်နိုင်တဲ့ ကတိတွေ ပေးပြီးတော့ ကျမတို့ ပြည်သူတွေကို မလှည့်ဖျားချင်ပါဘူး။ အဲဒါကြောင့်မို့လို့ ပြန်ချင်တယ်၊ အိမ်ပြန်ချင်တယ်လို့ ပြောတဲ့သူတိုင်းကို ကျမ ပြောပါရစေ၊ ကျမတို့ ပြည်သူတွေရဲ့အိမ်ဟာ ဘယ်တော့မှ ပြောင်းရွှေ့သွားမှာ မဟုတ်ပါဘူး။ အဲဒီအိမ်ဟာ ကျမတို့ ပြည်သူတွေ နေထိုက်တဲ့အိမ် ဖြစ်အောင်လို့ အမြန်ဆုံး ကြိုးစားပါ့မယ်လို့ ကျမ ပြောချင်တယ်. . . . . (လက်ခုပ်သံများ)။"

မဟာချိုင်မြို့က ရွှေ့ပြောင်း အလုပ်သမားတွေ အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုတောင်း အမှာစကားပါ။

နိုင်ငံသား စိစစ်ရေးရုံးဆီ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာရောက်သွားတဲ့အတွက် သူတို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ မကြာခင်မှာ ပြေလည်သွားမယ်လို့ ဦးအောင်ကျော်က မျှော်လင့်ထားပါတယ်။

"ဒီရုံးကို အဓိကလာတဲ့ ရည်ရွယ်ချက်က ကျနော်တို့ လုပ်သား ပြည်သူများ မနေ့က တင်ပြလိုက်တဲ့ အထဲမှာ ဒီ ပါ့စ်ပို့ (Passport) ပြုလုပ်ရေး ကိစ္စဟာ လွယ်လင့်တကူ ဖြစ်နိုင်ပါလျက်နဲ့ မလွယ်ကူပဲ အင်မတန် ခက်ခဲနေကြောင်း၊ အဆင့်တွေ အများအပြား ကျော်နေရကြောင်း၊ နောက် တရားဝင် သတ်မှတ်ထားတဲ့နှုန်းက ၆၀၀ - ၇၀၀ ဖြစ်နေတောင်၊ ၇၀၀၀ - ၈၀၀၀ ဖြစ်နေတဲ့ ကိစ္စကို စုံစမ်းပြီး ရှင်းပေးမယ်လို့ ပြောလိုက်တဲ့အတွက်ကြောင့် ကျနော်တို့အနေနဲ့ မကြာခင် ဈေးနှုန်းတွေက မှန်မှန် ကန်ကန် သက်တောင့် သက်သာနဲ့ ပြည်သူတွေ ခံစားရမယ်လို့ မျှော်လင့်ပါတယ်။ ကျနော်ထင်တယ်၊ အချိန်တော်တော် ကြာကြာ နှစ်ဖက် အာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့တဲ့ အတွက်ကြောင့် တော်တော်များများ ရလဒ်ကောင်းတွေ ရလိမ့်မယ်လို့ ကျနော် မုချ ယုံကြည်တယ်။ ဘာကြောင့်လည်းဆိုတော့ မနေ့က ကျနော်တို့ ရွေ့ပြောင်း
အလုပ်သမားရေးရာ ရုံးမှာ သူကြည့်လိုက်တဲ့ အချက်အလက် လေးတွေကို တင်ပြ ဆွေးနွေးပြီးမှ အားလုံး အခုရရှိခဲ့တယ်ဆိုရင် ဒီနေ့ကိစ္စလည်း တော်တော် အောင်မြင်တယ်လို့ ကျနော် ယုံကြည်ပါတယ်။"


ထိုင်းနိုင်ငံတွင်းမှာ မြန်မာအလုပ်သမား စုစုပေါင်း နှစ်သန်းလောက် ရှိပေမဲ့ အဲဒီထဲက ၈၀၀,၀၀၀ ပဲ တရားဝင် မှတ်ပုံ တင်ထားကြတယ်လို့ ထိုင်း ဒုတိယ ဝန်ကြီးချုပ်က ဆိုပြီး မြန်မာ အစိုးရအနေနဲ့ အလုပ်သမားတွေ အားလုံးအတွက် နိုင်ငံသား စိစစ်ပေးဖို့ လိုမယ် လို့ ပြောပါတယ်။ ထိုင်းအလုပ်ရှင်တွေ အနေနဲ့ အလုပ်သမားတွေကို ဂရုတစိုက် စောင့်ရှောက်ရေး သေချာအောင် လုပ်ပေးပါ လို့လည်း ဒေါ်အောင်ဆန်းစုကြည်က မစ္စတာချာလမ်မ်ကို ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့လည်ပိုင်းတုန်းကတော့ ၂၀၁၂ ခုနှစ်၊ အရှေ့ အာရှဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဖိုရမ်နဲ့ ဆက်စပ်ပြုလုပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အသွင်ပြောင်းခြင်းအတွက် အရှေ့အာရှ ပုံစံများဆိုတဲ့ ဆွေးနွေးပွဲ အပါအဝင် ဆွေးနွေးပွဲတချို့ကို တက်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် သီးခြား ဆွေးနွေးပွဲလေးတခု အတွင်းမှာလည်း မြန်မာနိုင်ငံက ပညာရေး အခြေအနေကို ပြောဆိုခဲ့ပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲမှာ ပါဝင်တဲ့ ICT Agenda Council ရဲ့ ဥက္ကဋ္ဌ ရာဂျိဗ် ဆင်းဂ်-မိုလားရက်စ် (Rejeev Singh-Molares) က အခုလို ပြန်ပြောပြပါတယ်။

“ပညာရေးဟာ မြန်မာနိုင်ငံမှာ အဓိက စိန်ခေါ်မှုတခုဖြစ်တယ်လို့ သူက အလေးအနက်ထား ပြောပါတယ်။ အထူးသဖြင့် မူလတန်းနဲ့ အသက်အငယ်ဆုံး အရွယ်တွေမှာ ပညာရေး ချို့တဲ့နေတာကိုလည်း ပြောပါတယ်။ အလယ်တန်းဆင့် ပညာရေးရဲ့ အရေးကြီးပုံတွေ၊ အဆင့်မြင့်ဘွဲ့တွေ ရယူနိုင်ဖို့အကြောင်းတွေ ပြောခဲ့သလို မူလတန်းအဆင့် ပညာရေးကို အာရုံစိုက်ဖို့ သူက အလေးထား ပြောသွားပါတယ်။” လို့ ရာဂျိးဗ် ဆင်းဂ်-မိုလားရက်စ်က ပြန်ပြောပြတာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၁ ရက်၊ သောကြာနေ့မှာ ဆက်ပြီးကျင်းပမယ့် ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာတော့ မနက်ပိုင်းမှာ ဖိုရမ်ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ကလော့စ် ရှဝတ်ဘ် (Klaus Schwab) နဲ့ တဦးချင်း မေးမြန်းခန်း၊ ပြီးတဲ့နောက် အရှေ့အာရှ ဒေသ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ အကြောင်း ဆွေးနွေးပွဲတွေကို တက်ရောက်ပါလိမ့်မယ်။ ဒါ့အပြင် သတင်းစာရှင်းလင်းပွဲ တခုလည်း လုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

XS
SM
MD
LG