သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့ အစိုးရဝန်ကြီး တွေ့ဆုံမှု ထူးခြားတဲ့ရလဒ် ရှိနိုင်ဟု NLD မျှော်လင့်


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ၂၀၀၈ ခုနှစ်က တွေ့ဆုံဆွေးနွေးနေစဉ်။ ဇန်နဝါရီ ၁၁၊ ၂၀၀၈။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ၂၀၀၈ ခုနှစ်က တွေ့ဆုံဆွေးနွေးနေစဉ်။ ဇန်နဝါရီ ၁၁၊ ၂၀၀၈။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အလုပ်သမား ဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ဟာ မနက်ဖြန် ဇူလိုင်လ ၂၅ ရက် တနင်္လာနေ့ နေ့လယ် ၁ နာရီမှာ ရန်ကုန်မြို့က စိမ်းလဲ့ကန်သာ ဧည့်ဂေဟာမှာ တွေ့ဆုံ ဆွေးနွေးကြပါမယ်။ ဒါဟာ အစိုးရသစ် လက်ထက်မှာ ပထမဆုံးအကြိမ် တွေ့ဆုံတာ ဖြစ်သလို အရင် စစ်အစိုးရ လက်ထက်ကလို အဖြေမရခဲ့တဲ့ တွေ့ဆုံမှုမျိုး မဟုတ်ဘဲ ထူးခြားတဲ့ ရလဒ်ထွက်တဲ့ တွေ့ဆုံမှုမျိုးဖြစ်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဘက်က မျှော်လင့်ထားတယ်လို့ NLD ပါတီက ပြောပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မနက်ဖြန် တနင်္လာနေ့ နေ့လယ်မှာ ရန်ကုန် စိမ်းလဲ့ကန်သာ ဧည့်ဂေဟာမှာ ဝန်ကြီး ဦးအောင်ကြည်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ဆွေးနွေးမှုတွေလုပ်ဖို့ ပြည်ထဲရေး ဝန်ကြီးဌာနက ဒီကနေ့ NLD ပါတီကို လာရောက် အကြောင်းကြားခဲ့တာပါ။ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ မပါဘဲ ဒေါ်အောင်ဆန်းစုကြည် တဦးတည်းနဲ့ပဲ တွေ့ဆုံမယ်လို့လည်း ဖိတ်ထားပါတယ်။

အရပ်သားအစိုးရ တက်လာအပြီး ၃ လကျော်အကြာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တဦး တွေ့တာဟာ ဒါ ပထမဦးဆုံးအကြိမ် ဖြစ်ပေမဲ့ အရင် စစ်အစိုးရလက်ထက် ၂၀၀၇ ခုနှစ်ကစပြီး ဦးအောင်ကြည်ကို ဆက်ဆံရေးဝန်ကြီး အဖြစ် ခန့်အပ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ၉ ကြိမ်လောက် တွေ့ခဲ့ဖူးပါတယ်။ ဒီလို တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိခဲ့ပေမဲ့ မြန်မာ့နိုင်ငံရေး ပြဿနာတွေအတွက် ပြေလည်ပြီး အောင်မြင်တဲ့ ဆွေးနွေးမှုတွေတော့ မဖြစ်ခဲ့ပါဘူး။ ဒါကြောင့် မနက်ဖြန်မှာ တွေ့ကြမယ့် ၂ ဘက် ဆွေးနွေးမှုတွေအတွင်း ဘယ်လိုအကြောင်းအရာတွေကို ဆွေးနွေး ပြောဆိုမယ်ဆိုတာ အတိအကျ မသိရသေးပေမဲ့ ဒီတွေ့ဆုံမှုတွေကနေ ထူးခြားတဲ့ ရလဒ်ရဖို့ မျှော်လင့်ထားတယ်လို့ NLD ပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော်တို့ အရင်တုန်းက တွေ့ခဲ့ဖူးပါတယ်၊ အချိန် တော်တော်များများ။ တွေ့လာတဲ့ အဖြေရလဒ် ဘာမှ မရခဲ့ဘူးလို့ပြောရင် ရပါတယ်။ သို့သော် အခု အစိုးရအဖွဲ့ကလည်း အပြောင်းအလဲ ရှိသွားပြီ။ ဘာပဲပြောပြော ပြည်သူ့လွှတ်တော်ကလည်း ရှိနေတယ်။ ဒီလို အခြေအနေမှာ အရင်လိုမဟုတ်ဘဲ ထူးခြားတဲ့ တွေ့ဆုံမှုဖြစ်ဖို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။ ထိထိရောက်ရောက် အပြောင်းအလဲတွေ လုပ်နိုင်ဖို့၊ အဖွဲ့ချုပ်ရဲ့ ရပ်တည်မှုနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးခွင့်ရရင် ဆွေးနွေးမှာပါ။”

နိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပြင်သာ ပြောင်းသာစွာနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်မယ်လို့ အခု အစိုးရသစ်ကို ကမ်းလှမ်းထားတာ ဖြစ်သလို ဒီဆွေးနွေးမှုတွေဟာ NLD ပါတီ အတွက်ရော အာဏာပိုင်တွေအတွက်ပါ ကောင်းစားဖို့ ဦးတည်ဆွေးနွေးတာမျိုး မဖြစ်သင့်ဘဲ လူထုကောင်းစားရေး အတွက်သာ ဖြစ်ရမယ် ဆိုတာနဲ့အတူ နိုင်ငံရေး အကျဉ်းသားတွေ အမြန်လွှတ်ပေးပြီး နိုင်ငံရေး အဓိပ္ပာယ် ပြည့်ဝတဲ့ ပတ်ဝန်းကျင် အခြေအနေကောင်းတွေ ဖန်တီးနိုင်ဖို့အတွက် အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးလိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က စာရေး အကြောင်းကြား တောင်းဆိုထားတာတွေလည်း ရှိပါတယ်။

“သိသာ ထင်ရှားတဲ့၊ မြင်သာတဲ့ ပြုပြင်ပြောင်းလဲမှုဆိုတာ၊ နိုင်ငံရေးအကျဉ်းသား ဆိုတာ ဒီမိုကရေစီနိုင်ငံမှာ မရှိဘူးဗျ။ အဲတော့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ သတင်းရယူခွင့်၊ တရားဥပဒေ စိုးမိုးရေး တိတိကျကျဖြစ်ဖို့၊ တရားရုံးတွေရဲ့ လွတ်လပ်မှု၊ ဒါတွေက အဓိကကျတဲ့ အပြောင်းအလဲတွေပါ။ ဒီကဏ္ဍတွေ ကဏ္ဍတွေမှာ အပြောင်းအလဲတွေ၊ တိုးတက်မှုတွေ ဒီကနေ စမယ်လို့ ကျနော်တော့ မျှော်လင့်ပါတယ်။”

NLD ပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာအစိုးရဟာ ၂၀၁၄ ခုနှစ်မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနိုင်ဖို့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ အစစ်အမှန်ဖြစ်ဖို့၊ တခါ သမ္မတရဲ့ ပထမဆုံး မိန့်ခွန်းထဲက ကတိစကားတွေကို အမြန်ဆုံး အကောင်အထည် ဖော်ဖို့အတွက် မြန်မာအစိုးရကို နိုင်ငံတကာက ဖိအားပေး တောင်းဆိုနေတာတွေ ရှိပါတယ်။ ဒါ့ကြောင့် ဒီတွေ့ဆုံ ဆွေးနွေးမှုတွေဟာ နိုင်ငံတကာကို ချပြဖို့ ဟန်ပြမျိုး မဖြစ်သင့်ဘဲ တိုးတက်တဲ့ နောက်ဆက်တွဲ အခြေအနေတွေကိုပါ ကြည့်ပြီးတော့ နိုင်ငံတကာက သုံးသပ်လေ့လာဖို့ လိုတယ်လို့ ပြည်တွင်း သတင်းအယ်ဒီတာ တဦးက ဆိုပါတယ်။

“လောလောဆယ် အာဆီယံဥက္ကဋ္ဌ ဖြစ်ရေးအတွက်လည်း မြန်မာအစိုးရသစ်က ကြိုးစားနေပါတယ်။ အဲဒီလို ကြိုးစားနေတဲ့ အခါမှာ အာဆီယံနိုင်ငံတွေ အပါအဝင် အာဆီယံရဲ့ မိတ်ဆွေနိုင်ငံ၊ အထူးသဖြင့် အမေရိကန်နိုင်ငံရဲ့ အနေအထားကတော့ လက်ရှိ မြန်မာ့နိုင်ငံရေး အနေအထားအရ ဥက္ကဋ္ဌဖြစ်ဖို့ကို သူတို့က သဘောတူနိုင်မယ့် အနေအထား မရှိပါဘူး။

“ဒီတော့ အဲဒီလို အာဆီယံ ဥက္ကဋ္ဌ ဖြစ်နိုင်ဖို့ဆိုရင် အစိုးရဘက်က ပြုပြင်ပြောင်းလဲရေးတွေ လုပ်ရပါလိမ့်မယ်။ အဲဒီလို ပြုပြင်ပြောင်းလဲရေးတွေ လုပ်တဲ့အခါမှာ အရေးအကြီးဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ဖြစ်တယ်၊ တွေ့ဆုံ ဆွေးနွေးရေးတွေ လုပ်ဖို့ဖြစ်တယ်။ အဲဒီလို လုပ်လို့ရှိရင် မြန်မာအစိုးရအတွက် အခွင့်အလမ်းကောင်းတွေ ပေါ်ပေါက်လာနိုင်ပါတယ်။

“နိုင်ငံရေး အခွင့်အလမ်းကောင်းတွေတင် မဟုတ်ဘူး၊ Sanctions တွေ ချမှတ်ထားတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့လည်း အခုလို တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းကတဆင့် Sanctions တွေအတွက်လည်း အခွင့်အလမ်းကောင်းတွေ ပေါ်လာနိုင်တယ်လို့ အဲဒီလို မြင်ပါတယ်။”

အခုလို မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့မယ် ဆိုတာဟာ ထူးခြားတဲ့ ဖြစ်စဉ်လို့ သုံးသပ်တာတွေ ရှိသလို NLD ပါတီကို တရားမဝင်ဘူးလို့ အစိုးရဘက်က ပြောတာတွေ၊ တခါ အစိုးရ သတင်းစာတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ဝေဖန် ရေးသားတာမျိုးတွေကို တွေ့ရတာမို့ အခု အစိုးရဘက်က ခြေလှမ်းတွေကို သတိထား စောင့်ကြည့်ရမယ်လို့လည်း သုံးသပ်သူတွေ ရှိနေပါတယ်။

XS
SM
MD
LG