သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ပါတီစည်းရုံးရေး နယ်ခရီး စမည်


ဒေါ်စု ပါတီစည်းရုံးရေး နယ်ခရီး စမည်
ဒေါ်စု ပါတီစည်းရုံးရေး နယ်ခရီး စမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီစည်းရုံးရေး နယ်လှည့် ခရီးစဉ်တွေကို မကြာခင် စတင်တော့မှာ ဖြစ်ပါတယ်။ လာမယ့် တနင်္ဂနွေနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ တနင်္သာရီတိုင်းထဲက ထားဝယ်မြို့ကို အရင်ဆုံးသွားမှာ ဖြစ်ပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲကျင်းပမယ့် တိုင်းနဲ့ ပြည်နယ်အားလုံးဆီကို ဒေါ်အောင်ဆန်းစုကြည် သွားမယ့် အစီအစဉ်အကြောင်း ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြထားပါတယ်။

NLD ပါတီက တရားဝင် နိုင်ငံရေး လှုပ်ရှားမှုတွေကို ပြန်လည် လုပ်ခွင့်ရပြီးနောက်မှာ ပါတီစည်းရုံးရေးဆင်းတဲ့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နယ်လှည့်ခရီးထွက်မှာ ဖြစ်ပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာတော့ တနင်္သာရီတိုင်းထဲက ထားဝယ်မြို့ဆီကို နေ့ချင်းပြန် ခရီးစဉ်အဖြစ် အရင်ဆုံးသွားမှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၄ ရက်နဲ့ ၅ ရက်နေ့ကျရင် မန္တလေးမြို့ကို တစ်ညအိပ်သွားဖို့ ရှိသလို ဖေဖော်ဝါရီလ ၇ ရက်နေ့ကျရင်တော့ ဧရာဝတီတိုင်းထဲက ပုသိမ်မြို့ဆီကို နေ့ချင်းပြန်သွားဖို့ အစီအစဉ်ရှိပါတယ်။ နယ်လှည့် စည်းရုံးရေး ခရီးစဉ်တွေပြန်စမယ့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘာကြောင့် ခုလိုမြို့တွေဆီကို ရွေးချယ်တာပါလဲလို့ NLD ပါတီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကို မေးကြည့်ပါတယ်။

“အဲဒီလိုမဟုတ်ဘူး။ ရွေးကောက်ပွဲ ကျင်းပရမယ့် တိုင်းနဲ့ပြည်နယ် အားလုံးကိုသွားမှာ။ ဘာကြောင့် ရွေးသလဲဆိုတာကိုတော့ အန်ကယ် မပြောတတ်ဘူး။ ပထမ လေယာဉ်ခရီးနဲ့ သွားနိုင်တဲ့နေရာကို ရွေးတယ်လို့ထင်ပါတယ်။”

ကြားဖြတ် ရွေးကောက်ပွဲလုပ်ဖို့ ရှိနေတဲ့ နေရာတွေဆီကို သွားမှာဖြစ်ပေမယ့် ဒီခရီးစဉ်ကို မဲဆွယ် စည်းရုံးရေးဆင်းတဲ့ ခရီးစဉ်လို့ ပြောလို့ မရသေးဘူးလို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ပါတီ စည်းရုံးရေး ဆင်းတာပါ။ မဲဆွယ် မပါဘူး။ ပါတီစည်းရုံးရေး ဆင်းတာပါ။ မဲဆွယ် စည်းရုံးတယ်လို့ ပြောလို့မရဘူး။ ဥပဒေအရကို ပြောပိုင်ခွင့် မရှိဘူးထင်းတယ်။ မဲဆွယ် စည်းရုံးရေးက စိစစ်ပြီး နောက်ပိုင်းမှာသာ လုပ်ခွင့်ရှိတာ။”

ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် အရင်ဆုံး ထားဝယ်မြို့ကို ရောက်လာတဲ့အခါမှာ ပါတီဝင်တွေနဲ့သာမက ဒေသခံပြည်သူတွေနဲ့ပါ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ လောင်းလုံမြို့နယ်ကနေ NLD ပါတီအတွက် ကိုယ်စားလှယ်လောင်း ဝင်အရွေးခံမယ့် ဦးအောင်စိုးက ခုလို ပြောပြပါတယ်။

“ကျနော်တို့ ထားဝယ် မြို့နယ်ရုံး၊ တနင်္သာရီတိုင်းရုံး ပေါ့။ အဲဒီရုံးမှာ ကျနော်တို့ ထားဝယ်ဒေသဖြစ်တဲ့ ထားဝယ်၊ လောင်းလုံမြို့နယ်က စည်းရုံးရေးအဖွဲ့တွေနဲ့ ပထမ တွေ့ဖို့ ကျနော်တို့ စီစဉ်ထားပါတယ်။ အဲဒီကနေမှ ကျနော်တို့ လောင်းလုံမြို့နယ်၊ အခု ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်မယ့် လောင်းလုံမြို့နယ် မဲဆန္ဒနယ်ကို ဝင်မှာဖြစ်ပါတယ်။ ဒါ ကျနော်တို့ အကြမ်းဖျဉ်း အစီအစဉ် ဆွဲထားတာပါ။ အဲဒီကနေမှတဆင့် ကျနော်တို့က လောင်းလုံမြို့နယ်ရဲ့ ပြည်သူလူထု အများဆုံးရှိတဲ့ နေရာတစ်နေရာအောက်က ကျေးရွာအုပ်စု တစ်ခုကို သွားဖို့ အစီအစဉ် ရှိပါတယ်။ အဲဒီကနေပြီးမှ မောင်းမကန်ပေါ့။ မောင်းမကန် ကလည်း လောင်းလုံမြို့နယ်ထဲမှာ မဲဆန္ဒနယ်တစ်ခုပါ။ အဲဒီ မောင်းမကန်မှာ ကျနော်တို့ ပြည်သူလူထုနဲ့ တွေ့ဖို့ အစီအစဉ် ရှိပါတယ်။ လောင်းလုံမြို့နယ်ထဲမှာ ပြည်သူလူထုနဲ့တွေ့ဖို့ ကျနော်တို့ သုံးနေရာလောက် စီစဉ်ထားပါတယ်။ အန်တီ လေယာဉ်ရတဲ့အချိန်နဲ့ ပြန်မယ့်အချိန် ကြားထဲမှာ ကျနော်တို့ အတတ်နိုင်ဆုံးနည်းနဲ့ လောင်းလုံမြို့နယ် တွင်းမှာ တွေ့ဖို့ စီစဉ်ထားပါတယ်။ ပြီးတော့မှ ကျနော်တို့က အပြန်ခရီးမှာ ထားဝယ်မြို့နယ်တစ်ခုခုကို ဆင်းဖို့အတွက် ထားဝယ်မြို့နယ်အတွင်းမှာလည်း နေရာတစ်ခု စီစဉ်ထားပါတယ်။ ပြီးမှ ပြန်ပြီး အနားယူပြီး လေယာဉ်ကို ပို့မယ်လို့ စီစဉ်ထားပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်က သူ ခရီးရှည်ထွက်ခဲ့ရင် တနင်္သာရီတိုင်းဘက်ကို ဦးစားပေးထွက်မယ်လို့ ပြောခဲ့ဖူးတာကြောင့် ခုလို ထားဝယ်မြို့ကို အရင်လာတာ ဖြစ်ပါလိမ့်မယ်လို့ NLD ပါတီရဲ့ တနင်္သာရီတိုင်း အတွင်းရေးမှူးလည်းဖြစ်တဲ့ ဦးအောင်စိုးက ပြောပါတယ်။ ခုလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်လှည့် စည်းရုံးရေး ခရီးစဉ်တွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာကို အသိပေး အကြောင်းကြားမှာဖြစ်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကိုတော့ NLD ကပဲ တာဝန်ယူမယ်လို့ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

အခုခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက် လာပြီးနောက်မှာ ပထမဆုံး ပါတီအတွက် နယ်ဝေးသွားပြီး စည်းရုံးတဲ့ ခရီးစဉ်လို့ ပြောလို့ရပါလိမ့်မယ်။ NLD ပါတီက နောင်လာကျင်းပမယ့် ရွေးကောက်ပွဲတွေ ဝင်နိုင်ဖို့ ပါတီကို ပြန်လည် မှတ်ပုံတင်ခဲ့ပြီးနောက်မှာ ပါတီရုံးတွေ၊ ပါတီစည်းရုံးရေး အဖွဲ့ရုံးတွေကို ဖွင့်လှစ်နေသလို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ရန်ကုန်တိုင်းထဲက ပါတီရုံးဖွင့်ပွဲတချို့မှာ ပါတီအတွက် စည်းရုံး ဟောပြောမှုတွေကို လုပ်ခဲ့ပါတယ်။

XS
SM
MD
LG