သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု မြိတ်ခရီး အခက်အခဲကြုံ


ဒီကနေ့ တနင်္သာရီတိုင်း မြိတ်မြို့ကို ရွေးကောက်ပွဲစည်းရုံးရေး အဖြစ်သွားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာ အခက်အခဲတွေ ကြုံနေရပါတယ်။ မြိတ်ကျွန်းစုတွေဆီကို သွားဖို့ စီစဉ်ထားပေမဲ့ အမြန်ရေယာဉ် ငှားမရတဲ့အတွက် စီစဉ်ထားတဲ့ ခရီးစဉ်တွေကို ဒီကနေ့ မသွားနိုင်ခဲ့ဘူးလို့ NLD က ပြောပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် မြိတ်မြို့ကိုရောက်နေတဲ့ နောက်ဆုံး အခြေအနေကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္လာရီတိုင်း မြိတ်မြို့နယ်တွေထဲက ကျွန်းစုတွေဆီ ခရီးသွားနေတာမို့ ဒီခရီးရဲ့အခြေအနေတွေ သိဖို့ တညနေလုံး တယ်လီဖုန်းဆက်သွယ်နေပေမဲ့ ဖုန်းခေါ်မရဖြစ်နေတာပါ။ ဒါပေမဲ့ အခု နောက်ဆုံးအသံမလွှင့်ခင် မိနစ်ပိုင်းအတွင်း တယ်လီဖုန်းရတဲ့အခါမှာတော့ အခု သူတို့သွားနေတဲ့ မြိတ်ခရီးစဉ်မှာ အဆင်မပြေ ဖြစ်နေတာတွေ ရှိနေတယ်ဆိုတာ သိရတာပါ။ အဓိကကတော့ ကျွန်းစုတွေဆီကို သွားဖို့ တစ်နာရီကို အနည်းဆုံး ၂၅ မိုင်လောက်မောင်းနိုင်တဲ့ အမြန်ရေယာဉ်ကို ငှားပေမဲ့ ငှားမရတာကြောင့် ရတဲ့ ယာဉ်နဲ့ သွားနေရတာ ဖြစ်ပါတယ်။ ဒါကြောင့်မိုလို့ ခရီးမပေါက်နိုင်ဘဲ စခန်းသစ်ဆိုတဲ့ ရွာတစ်ခုမှာပဲ ဒေါ်အောင်ဆန်းစုကြည်က လူထုကို စကားပြောတာ လုပ်နိုင်ခဲ့ပြီး ကျန်တဲ့နေရာတွေကို ဆက်သွားဖို့ အဆင်မပြေတော့လို့ အခု မြိတ်မြို့ကို လှည့်ပြန်လာနေရတယ်လို့ ဒီခရီးစဉ်မှာ အတူလိုက်ပါသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေးအရာရှိ ဦးခွန်သာမြင့်က ပြောပါတယ်။

“ကျနော်တို့ စီစဉ်ထားတာ မဖြစ်ပါဘူး။ ကျနော်တို့က အစောကြီးကတည်းက တွက်ပါတယ်။ သွားရမယ့်ခရီးနဲ့ ပြန်ရမယ့်ခရီးနဲ့ ဟိုမှာ စကားပြောမယ့်အချိန်နဲ့။ အဲဒီတော့ ကျနော်တို့ သွားလို့ရနိုင်မယ့်ရေယာဉ်ကို ရှာပါတယ်။ တွေ့ပါတယ်။ ငှားမယ့်သူကလည်း ငှားမယ်ပြောလိုက်၊ မငှားဘူးပြောလိုက်နဲ့ နောက်ဆုံးကျတော့ တေ့ပြီးတော့မှ ကျနော်တို့ကို ကပ်ဖြုတ်ပါတယ်။ အဲဒီတော့ ရှိတာနဲ့ စခန်းတစ်ခုကို သွားပါတယ်၊ စခန်းသစ်ဆိုတာ။ ဒါတောင်မှ ကန်ပေါ် ဆိုတာ နောက်ထပ် မိုင် ၃၀ လောက်သွားရမယ့် လမ်းတစ်ခုကို ကျနော်တို့ ဖြတ်ပြီးတော့ ပြန်လှည့်လာတာပါ။ အခုထက်ထိ ကျနော်တို့ မြိတ်ကို ပြန်မရောက်သေးပါဘူး။”

ဒါ့အပြင် ရေယာဉ် သောင်တင်တာတွေလည်း ကြုံခဲ့ရတယ်လို့ ပြောပါတယ်။ အခု ည ၉ နာရီနီးပါးထိ မြိတ်မြို့ကို ပြန်မရောက်သေးပေမဲ့ နောက်တစ်နာရီနီးပါးအကြာ မြိတ်မြို့ထဲကို ပြန်ရောက်ဖို့ရှိတယ်လိ့ု ဦးခွန်သာမြင့်က ပြောပါတယ်။ အခု တနင်္သာရီတိုင်းကို ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး သွားဖို့ စ စီစဉ်ကတည်းက မြိတ်မြို့မှာ အမြန်ရေယာဉ် ငှားမရတဲ့ ပြဿနာရှိနေတာပါ။ ရေယာဉ်ပိုင်ရှင်တွေကို သွယ်ဝိုက်တဲ့နည်းတွေနဲ့ ခြိမ်းခြောက်မှုတွေ ရှိနေတာကြောင့် NLD ပါတီကို ရေယာဉ်မငှားရဲကြတာ ဖြစ်တယ်လို့လည်း NLD ပါတီက ပြောပါတယ်။

XS
SM
MD
LG