သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ဥရောပ ၅ နိုင်ငံခရီးစဉ် NLD သတင်းထုတ်ပြန်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပခရီးစဉ်ကို လာမယ့်ဇွန်လ ၁၃ ရက်နေ့မှာ စတင်မှာ ဖြစ်ပြီးတော့ ဆွစ်ဇာလန်၊ နော်ဝေ၊ ဗြိတိန်၊ အိုင်ယာလန်နဲ့ ပြင်သစ်နိုင်ငံတွေကို ရောက်ရှိမှာဖြစ်ပါတယ်။ ရန်ကုန်မြို့ကနေ ထွက်ခွာလာမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမခရီးတထောက် အဖြစ် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ကို ဇွန်လ ၁၃ ရက်နေ့မှာ ရောက်ရှိလာပြီးတော့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ညီလာခံမှာ မိန့်ခွန်းမှာ ပြောကြားမှာဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွစ်(စ်) နိုင်ငံခြားရေးဝန်ကြီး Didier Burkhalter နဲ့လည်း တွေ့ဆုံဆွေးနွေးမှာ ဖြစ်တယ်လို့ ဆွစ်(စ်) နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၈ ရက်နေ့က ကြေညာပါတယ်။ ဇွန်လ ၁၅ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွစ်(စ်)ပါလီမန်ကို သွားရေက်မှာဖြစ်ပြီးတော့ အဲဒီန့မှာပဲ နော်ဝေနိုင်ငံ အော်စလိုမြို့တော်ကို ခရီးဆက်မှာဖြစ်ပါတယ်။

ဇွန်လ ၁၆ ရက်နေ့ မနက်ပိုင်းမှာ အော်စလိုမြို့တော်ခန်းမှာ ကျင်းပမယ့် ၁၉၉၁ ခုနှစ်အတွက် နိုဘဲလ်ဆု ငြိမ်းချမ်းရေးဆုနှင်းအပ်ပွဲကို ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဘယ်လ်ဆုကို လက်ခံရယူပြီး နေ့လယ်ပိုင်းမှာ အော်စလိုဆိပ်ကမ်းက ငြိမ်းချမ်းရေး စင်တာမှာ နိုင်ငံတကာ ဧည့်သည်တွေ၊ မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ညနေပိုင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အော်စလိုမြို့တော်ခန်းမရှေ့မှာ လူထုကို မိန့်ခွန်းစကား ပြောကြားမှာ ဖြစ်ပါတယ်။ နောက်တနေ့ ဇွန်လ ၁၇ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ပိုင်းမှာ နော်ဝေနိုင်ငံခြားရေးဝန်ကြီး အပါအဝင် အစိုးရအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး နော်ဝေးနိုင်ငံ ဒုတိယမြို့တော် ဘာဂင်မြို့သို့ သွားရောက်ပြီးတော့၊ သူ့ကို နိုင်ငံတကာက ချီးမြှင့်တဲ့ ဆုတွေထဲက ပထမဆုံး ချီးမြှင့်ခံရတဲ့ ရပ်ဖ်တို လူ့အခွင့်အရေးဆုကို လက်ခံရယူမှာ ဖြစ်ပါတယ်။

ဇွန် ၁၈ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နော်ဝေကနေ အိုင်ယာလန်နိုင်ငံ Dublin မြို့တော်ကို ခရီးဆက်မှာ ဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ Dublin မြို့တော်မှာ ညနေပိုင်းကျင်းပမယ့် ဂုဏ်ပြုအခမ်းအနားမှာ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် Amnesty International အဖွဲ့က ချီးမြှင့်တဲ့ Ambassador of Conscience “ယုံကြည်ချက် ခိုင်မာပြတ်သားမှု သံတမန်” ဆုကို လက်ခံရယူမှာဖြစ်ပါတယ်။ အဲဒီပွဲကို Board Gais Energy ဇာတ်ရုံ ခန်းမကြီးမှာ ကျင်းပမှာဖြစ်ပြီး အဆိုတော်ဘိုနိုက ဒေါ်အောင်ဆန်းစုကြည်ကို AI အဖွဲ့ ကိုယ်စား ဆုပေးအပ်မှာ ဖြစ်ပါတယ်။ အဲဒီနောက် ဆုပေးပွဲနဲ့ ကမ္ဘာကျော် U2 တေးဂီတအဖွဲ့နဲ့ အဆိုတော် Bono တို့ရဲ့ ဂုဏ်ပြုဂီတ ဖျော်ဖြေပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ ဖြစ်ပါတယ်။

ဇွန် ၁၈ ရက်နေ့ ညမှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ Dublin မြို့တော်ကနေ London မြို့တော်ကို ခရီးဆက်မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံမှာ ဇွန်လ ၂၆ ရက်နေ့ထိ နေထိုင်စဉ်အတွင်း ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် (၆၇) နှစ်မြောက် မွေးနေ့ကို မိသားစုနဲ့အတူ ဆင်နွဲှမှာ ဖြစ်ပါတယ်။

ဇွန်လ ၂၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ Oxford တက္ကသိုလ်က ချီးမြှင့်မယ့် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို လက်ခံရယူမှာ ဖြစ်ပါတယ်။ ဇွန်လ ၂၁ ရက်နေ့မှာ၊ ဗြိတိသျှပါလီမန်ရဲ့ အထက်အောက်လွှတ်တော်နှစ်ရပ်ပေါင်းမှာ မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။ ဇွန်လ ၂၆ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်သမ္မတ ဖရန်ဆွာအော်လန်း(ဒ်)ရဲ့ ဖိတ်ကြားချက်နဲ့ London မြို့တော်ကနေ Paris မြို့တော်ကို သွားရောက်မှာ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံကနေ ဇွန်လ ၂၉ ရက်နေ့မှာ ပြန်လည် ထွက်ခွာလာမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်မြို့ကို ဇွန်လ ၃၀ ရက်နေ့မှာ ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။

XS
SM
MD
LG