သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ပုဂံဘုရားဖူး ခရီးထွက်


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပုဂံဟိုတယ်သို့ ရောက်ရှိလာရာ ကြိုဆိုသူများနှင့် တွေ့ရစဉ်။ ဇူလိုင် ၄၊ ၂၀၁၁။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပုဂံဟိုတယ်သို့ ရောက်ရှိလာရာ ကြိုဆိုသူများနှင့် တွေ့ရစဉ်။ ဇူလိုင် ၄၊ ၂၀၁၁။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာခဲ့ပြီးနောက် ပထမဦးဆုံးအကြိမ် နယ်ခရီးစဉ် အဖြစ်နဲ့ တနင်္လာနေ့ကနေ သောကြာနေ့အထိ ပုဂံ၊ ညောင်ဦးကို သွားရောက်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်ခရီးစဉ်တွေအတွင်း အသက်အန္တရာယ် ရှိမှာကို ကမ္ဘာ့ခေါင်းဆောင်တွေက ပူပန်ကြသလိုပဲ ပြည်တွင်းမှာလည်း စိုးရိမ်နေကြပါတယ်။ ဒါပေမဲ့ နိုင်ငံသားတဦး အနေနဲ့ လွတ်လပ်စွာ သွားလာခွင့်တွေ ရှိရမှာ ဖြစ်သလို နိုင်ငံသားတိုင်းရဲ့ လုံခြုံရေးဟာလည်း အုပ်ချုပ်သူ အစိုးရမှာ တာဝန်ရှိတယ်လို့ သတ်မှတ်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုခရီးစဉ် အခြေအနေနဲ့ ပတ်သက်ပြီး ဘန်ကောက်ရုံးကနေ ဆက်သွယ် မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာခဲ့ပြီးနောက် ၇ လနီးပါး ရန်ကုန်မှာပဲ နိုင်ငံရေးနဲ့ လူမှုရေး ဖွံ့ဖြိုးမှုဆိုင်ရာ ကိစ္စရပ်တွေကို ဆောင်ရွက်နေရာက အခု ပုဂံ၊ ညောင်ဦးကို သွားရောက်ခဲ့တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးဝင်းထိန်က ပြောပါတယ်။

“ပုဂံ၊ ညောင်ဦး ရောက်နေပါပြီ။ မနက်ခင်း ၈ နာရီ ၁၀ မိနစ်လောက်ကတည်းက ရောက်နေပါတယ်။ အခုဟာ နိုင်ငံရေး လှုပ်ရှားမှုနဲ့ မပတ်သက်ဘူး၊ စည်းရုံးရေးနဲ့လည်း မပတ်သက်ဘူး။ နှစ်ပေါင်း ၂၂ နှစ်ကြာ ကာလပတ်လုံး သူ့သားတွေကို လျစ်လျူရှုထားတာကို ပြန်ပြီးတော့ ထေတဲ့အနေနဲ့ သားငယ်ကို အချိန်ပေးပြီး ပုဂံကို ဘုရားဖူးသွားတာ။ သွားတဲ့အခါမှာ အဲဒီ မြို့နယ်တွေမှာရှိတဲ့ NLD တွေကို ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးကိစ္စတွေ မဆွေးနွေးပါနဲ့၊ လာမပြောပါနဲ့ ဆိုပြီးတော့ ကျနော်တို့ တားထားတယ်။”

သားငယ်ဖြစ်သူ ကိုထိန်လင်းကတော့ တနင်္ဂနွေနေ့ မနက်ကတည်းက NLD လူငယ်တချို့နဲ့အတူ ရန်ကုန်က ထွက်ခွာခဲ့ပြီး နေပြည်တော်ဘက်ကနေ ပုဂံကို ကားနဲ့ သွားရောက်ခဲ့ပါတယ်။ ဒီ ပုဂံ၊ ညောင်ဦး ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည် အဓိက ဘုရား ၂ ဆူကို ဖူးတို့အတွက် ရည်ရွယ်ထားတယ်လို့လည်း ဦးဝင်းထိန်က ပြောပါတယ်။

“သွားမှာ သိတာကတော့ ဘာသာရေးနဲ့လည်း ပတ်သက်တယ်၊ ပြီးတော့ တိုင်းရင်းသားတွေနဲ့လည်း ပတ်သက်တဲ့ဟာ၊ ရည်ရွယ်ထားတာ ဘုရား ၂ ဆူပဲ ဖူးမယ်လို့ ရည်ရွယ်တယ်။ တခုက မနူဟာ၊ အနော်ရထာမင်း လက်ထက်တုန်းက သုံ့ပန်းဖြစ်ခဲ့တဲ့ မနူဟာဘုရားပေါ့။ နောက်တခုက ကျန်စစ်သား တည်ခဲ့တဲ့ အာနန္ဒာဘုရား။ ပုဂံခေတ် ပုဂံရာဇဝင်မှာဆို ကျန်စစ်သားက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဦးစားပေး လုပ်ခဲ့တဲ့ ဘုရင်ကိုး။ ဒီဘုရား ၂ ဆူကိုတော့ ဦးစားပေးပြီးတော့ သွားကန်တော့မယ်ဆိုတာ ကျနော်တို့ သိရပါတယ်။”

နိုင်ငံရေးမပါဘဲ ဘုရားဖူးသက်သက် သွားရောက်တာ ဖြစ်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် စိုးရိမ်ရတယ်လို့လည်း ပြောပါတယ်။

“ကျနော်တို့ ဒီကနေ လူငယ် ၁၁ ယောက် ပါသွားတယ်။ မန္တလေးတိုင်းကလည်း လူငယ် ၂၀ ပါမယ်။ နောက်ပြီးတော့ ဟိုတယ်အနား တဝိုက်မှာရှိတဲ့ လုံခြုံရေးလည်း ရှိတယ်။ အဲဒီ လုံခြုံရေးက လူ လေးငါးဆယ်လောက်က နေ့ကင်း ညကင်း၊ နေ့ကင်း ညကင်းဆိုတာ ဘာလက်နက်မှ မပါဘူးနော်။ ကျနော်တို့လည်း စိတ်ပူတာပေါ့။”

နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာခဲ့ပြီးတဲ့နောက် ပထမဆုံး ခရီးထွက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် NLD ကသာမက ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ကလည်း စိတ်ပူတာမို့ သူတို့အစီအစဉ်နဲ့ သူတို့ လိုက်ပါသွားကြပြီး အဖွဲ့သားတဦးဖြစ်တဲ့ ကိုတိုးကျော်လှိုင်က ပုဂံ၊ ညောင်ဦးက လုံခြုံရေး အနေအထားကို အခုလို ပြောပြပါတယ်။

“လုံခြုံရေး အခြေအနေကတော့ အခုထိ အေးအေးချမ်းချမ်း ရှိတာကို တွေ့ရပါတယ်။ အန်တီက မနက် ၈ နာရီ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်မှာ လေယာဉ်ဆိုက်ပါတယ်။ နောက် လမ်းမှာလည်း အေးအေးချမ်းချမ်း ကြိုဆိုကြတာမျိုး ရှိပါတယ်။ ပြီးတော့ အစိုးရဘက်ကလည်း ယူနီဖောင်း မဟုတ်ဘဲ အရပ်ဝတ်တွေနဲ့ ရဲအရာရှိတွေကနေပြီးတော့ အများကြီး လိုက်ပြီး ကူညီ ဆောင်ရွက်ပေးတာမျိုးတွေလည်း တွေ့ရပါတယ်။ ဟိုတယ်ကလည်း အားလုံးကို ပျူပျူငှာငှာပါပဲ။ အစစ အရာရာ လိုလေသေး မရှိအောင်လည်း ဟိုတယ်က ပြင်ဆင်ပေးပါတယ်။ လုံခြုံရေးကိစ္စအတွက် ဟိုတယ်နဲ့ ညှိနှိုင်းပြီးတော့ လုပ်ချင်တဲ့ ပုံသဏ္ဌာန်တွေ ပြောပြတဲ့ အခါမှာလည်း ဟိုတယ်ကနေပြီး အပြည့်အ၀ လိုက်ပါ ပူးပေါင်း ဆောင်ရွက်ပေးတာမျိုးတွေ အများကြီး ရှိပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံသားတဦး အနေနဲ့ ပြည်တွင်းမှာ ခရီးထွက်ခွင့် ရှိသလို လွတ်လပ်စွာ သွားလာခွင့်လည်း ရှိပြီး နိုင်ငံသားတဦးရဲ့ လုံခြုံရေးဟာ အုပ်ချုပ်သူ အစိုးရမှာ တာဝန်ရှိတယ်လို့ ဝါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ပြောပါတယ်။

“လွတ်လပ်စွာ သွားလာခွင့် ရှိရမှာပေါ့။ ဒီမိုကရေစီနိုင်ငံ သူတို့ ထူထောင်ထားပြီး ရွေးကောက်ပွဲလုပ်တယ်၊ ဘာလုပ်တယ်ဆိုတော့၊ အန္တရာယ်ရှိတာ မရှိတာကို၊ အမှန်ကတော့ သွားရမှာပဲလေ။ သို့သော်လည်း သတိထားသင့်တာက ညကို မသွားဘဲ နေ့ကိုပဲ သွားသင့်တယ်လို့ ဒီလိုပဲ တိုက်တွန်းချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဂရုမစိုက်ဘူးဆိုပြီး ညကြီးသွားရင် ရန်သူဆိုတာ မမြင်နိုင်ဘူးလေ။ ညတော့ ရှောင်ဖို့ကောင်းတယ်။

“အရင်တခါ ကြံစည်တုန်းကလည်း ညကြီး ၈ နာရီမို့၊ ရွှေဘိုခရိုင် ဒီပဲယင်းမှာ ဖြစ်ခဲ့တာလည်း။ နေ့လယ်ဘက်ပဲ မနက် ၅ နာရီက ညနေ ၅ နာရီလောက်ပဲ မော်တော်ကားနဲ့ သွားဖို့ကောင်းတယ်လို့ ဒီလိုပဲ တွက်ပါတယ်။ အစိုးရ အနေနဲ့လည်း တကယ်လို့ ဖြစ်ရင် လုံး၀ တာဝန်က ကြီးသွားပြီ။ ပုဂံမြို့ဆိုတာ တကမ္ဘာလုံးက ဧည့်သည်တွေလာပြီး ကြည့်ရှုတဲ့ နေရာဒေသလေ။ အဲတော့ တစုံတခုဖြစ်ရင် အန္တရာယ်ပြုတာတွေ သူတို့က လုံး၀ တာဝန်ယူရမှာပဲ။”

ဒေါ်အောင်ဆန်းစုကြည် နယ်ကို အခုလို ခရီးစထွက်လာတာမို့ နယ်က ဒေသခံတွေက ဝမ်းမြောက်နေကြသလို သူတို့ဒေသတွေကို လာရောက်ဖို့ပါ စောင့်မျှော်နေကြပေမဲ့ အခုလို ဘုရားဖူး မဟုတ်ဘဲ နိုင်ငံရေးကိစ္စနဲ့ လာမယ် ဆိုရင်တော့ လုံခြုံရေးကို စိတ်ပူနေကြတယ်လို့ မုံရွာဒေသခံ တဦးက ပြောပါတယ်။

“လူတွေကတော့ မျှော်နေကြတာပေါ့။ ခါတိုင်းတော့ နည်းနည်း လှုပ်လှုပ်ရှားရှား ရှိတယ်လေ၊ ကြံ့ဖွံ့နဲ့ လုံခြုံရေး တပ်ဖွဲ့တွေက။ အခုတော့ အဲဒီဟာ ဘာမှ လှုပ်လှုပ်ရှားရှား အသံတော့ မကြားသေးဘူးဗျ။ ငြိမ်နေတဲ့ သဘောပေါ့။ အရင်ကတော့ လှုပ်လှုပ်ရှားရှား ရှိတယ်ပေါ့။ အစိုးရဘက်ကရော၊ ဒေါ်စုတို့ဘက်ကရော။ အခုတော့ ဘာမှ လှုပ်လှုပ်ရှားရှား မရှိပါဘူး။ ဒီဘက်က ရှိထားတာ ဒီပဲယင်း အရေးအခင်း ရှိထားတာကိုး။ သေချာပေါက် ပြောလို့တော့ မရဘူး။ နည်းနည်း ဂရုစိုက်မှ၊ အာရုံထားမှပေါ့။ အဲဒီပုံစံမျိုး မဝင်ဘူးလို့ မပြောနိုင်ဘူးလေ။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်အတွက် အန္တရာယ် ကျရောက်မှာကို စိုးရိမ်ကြောင်း စနေနေ့ကမှ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကယ်ဗင် ရပ်ဒ် (Kevin Rudd) က ထုတ်ဖော် ပြောကြားခဲ့သလို ရှေ့လာမယ့် နယ်စည်းရုံးရေး ခရီးစဉ်တွေအတွင်း ဒေါ်အောင်ဆန်းစုကြည်အဖို့ လုံခြုံမှု ဘယ်လောက်ရှိတယ် ဆိုတာဟာ မြန်မာအစိုးရသစ်ကို စမ်းသပ်တာမျိုး ဖြစ်ပြီး လက်ရှိ အာဏာပိုင်တွေမှာ လုံး၀ တာဝန်ရှိတယ်လို့ တနင်္လာနေ့ မနက်ပိုင်းမှာ သြစတြေးလျ အသံလွှင့်ဌာနတွေကို ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG