သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု နယ်ဘုရားဖူးခရီး လူထုနဲ့ထိတွေ့


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပုပ္ပါးခရီးစဉ်အတွင်း ဒေသခံများနှင့် တွေ့ဆုံ နှုတ်ဆက်နေစဉ်။ ဇူလိုင် ၆၊ ၂၀၁၁။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပုပ္ပါးခရီးစဉ်အတွင်း ဒေသခံများနှင့် တွေ့ဆုံ နှုတ်ဆက်နေစဉ်။ ဇူလိုင် ၆၊ ၂၀၁၁။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာခဲ့ပြီးနောက် ပထမဆုံးအဖြစ် နယ်ဘုရားဖူးခရီး ထွက်လာခဲ့တဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မှာတော့ ပုဂံ၊ ညောင်ဦးကနေ ပုပ္ပါးကို သွားရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး လတ်တလော အခြေအနေကို ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္လာနေ့မှာ ပုဂံ၊ ညောင်ဦးကို ဘုရားဖူးခရီး စပြီး ထွက်လာခဲ့တာပါ။ ပုဂံ၊ ညောင်ဦး အနီးပတ်ဝန်းကျင် တဝိုက်မှာ နေထိုင်ကြတဲ့ ဒေသခံတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင်တဲ့အတွက် လာရောက် စောင့်မျှော်နေခဲ့ကြတယ်လို့ ကျောက်ပန်းတောင်းဘက်ကနေ လာရောက်ခဲ့သူ တဦးက ပြောပါတယ်။

“ပုဂံရောက်ရောက်ချင်းတော့ သူက ဟိုတယ်ကိုပဲ တန်းသွားတာ၊ နောက်က သတင်းထောက်တွေနဲ့ ပရိသတ်တွေကတော့ လိုက်တယ်။ သူတို့က အပြင်ကစောင့်ပေါ့၊ အထဲတော့ ဝင်ပြီး တွေ့ခွင့်မရဘူးဗျ။ နောက်နေ့မနက် ၈ နာရီကျမှ ဘုရားဖူးထွက်တာ။ ပုဂံ၊ ညောင်ဦးမှာ ဘုရားစုံ ဖူးတယ်ပေါ့။ အဲဒီအချိန်မှာတော့ ပရိသတ်က နောက်က တော်တော်လေး များလာတယ်။ လူထုပါ လိုက်လာတာပေါ့။ ဒီနေ့မနက်တော့ ပုပ္ပါးကိုသွားတယ် ပြောတယ်။ ပုပ္ပါးတောင်ကလပ်ပေါ့။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ် ကိုထိန်လင်းတို့ဟာ အင်္ဂါနေ့မှာ ပုဂံဘုရားတွေကို ဖူးမြော်ခဲ့ကြပြီး ဗုဒ္ဓဟူးနေ့မှာတော့ ပုပ္ပါးတောင် အမျိုးသားဥယျာဉ်ဘက်ကို သွားရောက်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာ အတူလိုက်ပါသွားတဲ့ ဦးခွန်သာမြင့်က ပြောပါတယ်။

“မနက်က ၉ နာရီလောက်မှ ကျနော်တို့ ဟိုတယ်က ထွက်ပါတယ်။ ပုပ္ပါးကို သွားပါတယ်။ ကျနော်တို့ အဖွဲ့ချုပ် ကျောက်ပန်းတောင်းမြို့နယ် အဖွဲ့ဝင် တယောက်ရဲ့ ခြံလေးကို ခဏ ဝင်ကြည့်ပါတယ်။ ပုပ္ပါးတောင် အမျိုးသားဥယျာဉ်ရဲ့ ပြခန်းလေးပေါ့၊ သူတို့လုပ်ထားတာ ရှိတယ်၊ အဲဒါကို သွားကြည့်တယ်။ ဝန်ထမ်းတွေက လိုက်ပြပါတယ်။ အဲဒီမှာ ပရဆေး စိုက်ခင်းတွေ လိုက်ကြည့်တယ်။ သိချင်တာလေး မေးပေါ့၊ အဲဒါပါပဲ။ ပြီးတော့ ပြန်လာတယ်။ ပုဂံမှာ လမ်းဘေး ထမင်းဆိုင်မှာပဲ ထမင်းစားပါတယ်။”

ပုပ္ပါးမှာရှိတဲ့ လမ်းဘေး ထမင်းဆိုင်မှာ ထမင်းစားတဲ့အခါ ခရီးသွားနဲ့ ဒေသခံ ပြည်သူတွေ ဝိုင်းပြီး နှုတ်ဆက်ခွင့် ရခဲ့ကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ပုဂံ သရပါတံခါးရဲ့ လမ်းဘေးက စားသောက်ဆိုင်လေးမှာ ဒေါ်အောင်ဆန်းစုကြည် စားနေတာ လူထုတွေ ဝိုင်းအုံနေလို့။ လူတွေအများကြီးပဲ အင်္ကျီလက်မှတ်ထိုးခိုင်း၊ ရင်ဘတ် လက်မှတ်ထိုးခိုင်းနဲ့ အကုန်လုံး လက်မှတ်ထိုးခိုင်းနေတာ။”

အခုခရီးစဉ်ဟာ နိုင်ငံရေးမပါ၊ ကိုယ်ရေးကိုယ်တာသက်သက် ခရီးစဉ်ဖြစ်ပြီး လမ်းခရီးတလျှောက်မှာ အနှောင့်အယှက် မရှိ ခရီးသွားလာနိုင်ခဲ့တယ်လို့လည်း ဦးခွန်သာမြင့်က ပြောပါတယ်။

“လာတဲ့ ရည်ရွယ်ချက်ကိုက နေ့စဉ် လှုပ်ရှားနေရတဲ့ နိုင်ငံရေး ပတ်ဝန်းကျင်ကြီးကနေ သားကလည်း ခဏဆွဲထုတ်ပြီး သူနဲ့အတူတူ နေချင်တယ်ဆိုတော့ လိုက်လျောပြီး လာတဲ့သဘောပါပဲ။ ကိုယ်ရေးကိုယ်တာ တောင်းဆိုခဲပါတယ်။ အခွင့်အရေး ယူခဲပါတယ်။ အခုဟာကတော့ ကိုယ်ရေးကိုယ်တာ သက်သက်ပေါ့။ သူဖူးချင်တဲ့ ဘုရားတွေလည်း အကုန်စုံပါပြီ။”

အခုလို ဒေါ်အောင်ဆန်းစုကြည် နယ်ဘက် ခရီးထွက်နိုင်တာဟာ မြန်မာနိုင်ငံအတွက် ရှေ့အလားအလာ ကောင်းတယ်လို့ အင်္ဂါနေ့က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ဝါရင့် နိုင်ငံရေးသမားကြီး ဦးအေးသာအောင်ကတော့ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ နိုင်ငံရေး ရှေ့အလားအလာတွေ ကောင်းလာတော့မယ်လို့ တွက်ဖို့ရာ အချိန် သိပ်ကို စောနေပါသေးတယ်လို့ ဆိုပါတယ်။

“ဒီခရီးစဉ်မှာ တည်းခိုတဲ့နေရာ စသည်အားဖြင့်ပေါ့ အဆင်ပြေအောင် လုပ်တယ် ဘာညာ ကြားပါတယ်။ ဒါပေမဲ့ ဒီဟာလောက်နဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အလားအလာ ကောင်းတယ်လို့ ပြောဖို့ဆိုတာ အလွန့်အလွန် စောပါတယ်။

“ဒီခရီးစဉ်ရဲ့ နောက်ပိုင်းမှာ ပါတီအနေနဲ့ နိုင်ငံရေးအရ သွားလာတဲ့ ပြည်သူအနေနဲ့ရော၊ အဖွဲ့ဝင် အနေနဲ့ရော တွေ့ဖို့ ဆုံဖို့ သွားလာတဲ့ ခရီးစဉ်တွေမှာ ဘယ်လို ပြုမူ ဆက်ဆံမလဲ၊ ပြီးတော့ ဒီ့ထက် အရေးကြီးတာက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဒီလိုခရီးတွေ မထွက်ခင် ကြိုပြီးတော့ ပါတီဟာ ဖျက်သိမ်းထားတဲ့ပါတီ၊ တရားမဝင်ပါတီ၊ တရားဝင်ပါတီဆိုရင် မှတ်ပုံတင်ဖို့ စသည်အားဖြင့် ဒီလိုရေးတဲ့ စာတွေကို ကြည့်ခြင်းအားဖြင့်လည်း အခုလတ်တလော အခြေအနေမှာ အခြေအနေ ကောင်းတယ်လို့ ပြောဖို့ အလွန့်အလွန် စောတယ်လို့ မြင်ပါတယ်။”

အခြေအနေ ကောင်းလာဖို့ ဆိုတာဟာ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ပြည်တွင်းစစ် ရပ်စဲဖို့နဲ့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး စကားတွေ ပြောဆိုလာနိုင်မယ့် အနေအထားတွေ ရှိလာဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တကယ် မျက်နှာချင်းဆိုင် စကားတွေ ပြောလာ ဆိုလာနိုင်တဲ့ အဆင့်ရောက်မှသာ ရှေ့အလားအလာ ကောင်းမယ်လို့ တွက်ဆနိုင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ သောကြာနေ့မှာ ပြီးဆုံးမှာဖြစ်ပြီး သောကြာနေ့မနက် ၁၀ နာရီမှာ ရန်ကုန်ကို ပြန်ရောက်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG