မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပဲခူးနဲ့ သနပ်ပင်မြို့တို့ကို နိုင်ငံရေးခရီးစဉ် သွားပြီး ထောက်ခံသူတွေနဲ့ တွေ့ဆုံ စကားပြောဖို့ မြန်မာအစိုးရက ခွင့်ပြုလိုက်တဲ့အပေါ် အမေရိကန်နိုင်ငံက ကြိုဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်တို့ တွေ့ဆုံ စကားပြောနေကြတာနဲ့ သူမ တခြားမြို့ကို သွားဖို့ ခွင့်ပြုခဲ့တာတွေအပေါ် အမေရိကန်ပြည်ထောင်စု အနေနဲ့ ကျေနပ် အားရမိတယ်လို့ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး ဗစ်တိုးရီးယား နူလန် (Victoria Nuland) က တနင်္လာနေ့မှာ သတင်းထောက်တွေကို ပြောလိုက်တာပါ။
“အစိုးရနဲ့ သူမအကြား ပြောဆို ဆွေးနွေးနေကြတာ၊ ခရီးသွားတုန်းက လူထုကို စကားပြောခွင့် ရခဲ့တဲ့ အပေါ်နဲ့ သူမ လုံခြုံရေးအတွက် ဘာမှ မထိခိုက်အောင် အစိုးရက သူတို့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တဲ့ အပေါ်တွေမှာ အမေရိကန် ပြည်ထောင်စု အနေနဲ့ ကျေနပ် အားရမိတယ်။” လို့ ပြောခွင့်ရ အမျိုးသမီး ဗစ်တိုးရီးယား နူလန်က ပြောသွားတာ ဖြစ်ပါတယ်။
အဲဒီခရီးစဉ်အတွင်း မြန်မာနိုင်ငံကို ကမ္ဘာက အဆင့်အတန်းရှိတဲ့ နိုင်ငံတခုအဖြစ် လက်ခံလာအောင် ၀ိုင်းဝန်းကြိုးစားကြဖို့နဲ့ နိုင်ငံရေးမှာ အားလုံး ပါဝင်လာဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သလို မြန်မာအစိုးရ၀န်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံ ဆွေးနွေးနေတဲ့ အခြေအနေ တချို့ကိုလည်း လူထုကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာပြီးတဲ့နောက် ပုဂံမြို့ကို သားဖြစ်သူ ကိုထိန်လင်းနဲ့ ပြီးခဲ့တဲ့လအတွင်း မိသားစု ဘုရားဖူး ခရီးစဉ် ထွက်ခဲ့ပေမဲ့ ဒီ ပဲခူးနဲ့ သနပ်ပင်မြို့ ခရီးစဉ်ကတော့ နိုင်ငံရေးခရီးစဉ်အဖြစ် တရားဝင် ပထမဆုံး သွားခဲ့တဲ့ ခရီးစဉ် ဖြစ်ပါတယ်။