သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ခရီးသွားလာနိုင်မှု ရှေ့အလားအလာကောင်းအဖြစ် အမေရိကန် မျှော်လင့်


ပုဂံ အာနန္ဒာဘုရား ဖူးမြော်အပြီး တွေ့ရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များ။ ဇူလိုင် ၅၊ ၂၀၁၁။
ပုဂံ အာနန္ဒာဘုရား ဖူးမြော်အပြီး တွေ့ရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များ။ ဇူလိုင် ၅၊ ၂၀၁၁။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နယ်ဘက် ခရီးထွက်နိုင်တာဟာ မြန်မာနိုင်ငံအတွက် ရှေ့အလားအလာကောင်း ဖြစ်ဖို့ မျှော်လင့်တယ်လို့ အမေရိကန်နိုင်ငံက ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံကို ရောက်နေတဲ့ သားငယ် ကိုထိန်လင်းနဲ့ တနင်္လာနေ့ကတည်းက ဒေါ်အောင်ဆန်းစုကြည်ဟာ ပုဂံဘက်ကို ဘုရားဖူး ထွက်နေပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာခဲ့ပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည်အတွက် ဒါဟာ ပထမဆုံး ရန်ကုန်မြို့အပြင်ကို သွားတဲ့ ခရီးဖြစ်ပါတယ်။

ဒီလို သွားလာခွင့် ရနေတာကနေ အလားအလာကောင်းတွေ မျှော်လင့်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဗစ်တိုရီယာ တိုရီယာ နူလန် (Victoria Toria Nuland) အင်္ဂါနေ့ကလုပ်တဲ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

“သူ နေအိမ်အကျယ်ချုပ် ဘဝနဲ့ မဟုတ်တော့ဘဲ နိုင်ငံတဝန်းမှာ ရှိနေကြတဲ့ သူ့အပေါ် ထောက်ခံသူတွေနဲ့ တွေ့ဆုံနိုင်တာဟာ ကောင်းတဲ့သတင်းပါ။ ဒီအခြေအနေကနေ မြန်မာနိုင်ငံအတွက် ပိုကောင်းလာမယ့် အလားအလာတွေ ဖြစ်လာဖို့ ကျမတို့ မျှော်လင့်ပါတယ်။”

အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မစ်စ် နူလန် ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သွားလိုရာကို အာဏာပိုင်တွေက ခွင့်ပြုခဲ့ပေမဲ့ လာရောက် နှုတ်ဆက်ကြသူတွေကို ဟောပြောတာတွေ လုပ်မယ်ဆိုရင်တော့ ထိန်းမနိုင် သိမ်းမရ အခြေအနေ အဓိကရုဏ်းတွေ ဖြစ်လာနိုင်တယ်လို့ သက်ဆိုင်ရာက သတိပေးထားပါတယ်။

အခုခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး စည်းရုံးတဲ့ ခရီးစဉ်မျိုး မဟုတ်ဘဲ သားနဲ့ အပန်းဖြေခရီးထွက်တဲ့ ခရီးစဉ် ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ၂၀၀၃ ခုနှစ် ဒီပဲယင်း တိုက်ခိုက်ခံရမှုမျိုး ဖြစ်မှာစိုးတဲ့အတွက် လူစုလူဝေး မလုပ်ကြဖို့ ပန်ကြားထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက်လည်း NLD လူငယ် လုံခြုံရေးအဖွဲ့တွေက ခရီးမှာ လိုက်သွားကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပုဂံက အာနန္ဒာဘုရား အပါအဝင် ရှေးဟောင်း ဘုရားတွေကို အင်္ဂါနေ့က သွားရောက် ဖူးမြော်ခဲ့ပါတယ်။ ပုဂံခရီးကနေ သူမရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇာတိမြို့ဖြစ်တဲ့ နတ်မောက်မြို့ဆီကိုလည်း သွားမယ်လို့ သိရပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ခရီးသွားလာခွင့် မြန်မာအာဏာပိုင်တွေက ပေးတာကို အမေရိကန်ဘက်က အကောင်းမြင် မျှော်လင့်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ အင်္ဂါနေ့က အမေရိကန် နိုင်ငံခြားရေးဌာနမှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဝါရှင်တန် မြန်မာသံရုံး သံမှူးကြီး ဦးကျော်ဝင်း အမေရိကန်မှာ ခိုလှုံခွင့် တောင်းခံလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ သတင်းထောက် တယောက်ရဲ့ အမေးကိုလည်း ပြောခွင့်ရသူက အခုလို ဖြေခဲ့ပါတယ်။

“သူ့ဆီကစာ ကျမတို့ လက်ခံရရှိပါတယ်။ သံတမန်ရေး လျှို့ဝှက် ဆက်သွယ်မှုနဲ့ ပတ်သက်လို့ ကျမမှာ တစုံတရာ ပြောပိုင်ခွင့် မရှိပါဘူး။”

အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဗစ်တိုရီယာ တိုရီယာ နူလန် ပြောသွားတာ ဖြစ်ပါတယ်။

သံမှူးကြီးဟောင်း ဦးကျော်ဝင်းဟာ ဝါရှင်တန် မြန်မာသံရုံးမှာ တာဝန်ကုန်ဆုံးလို့ မြန်မာနိုင်ငံကို ပြန်ရတော့မယ့် အချိန်မှာ မြန်မာအစိုးရ ခေါင်းဆောင်တွေ အနေနဲ့ ဒီမိုကရေစီ အပြောင်းအလဲ ဖော်ဆောင်နိုင်မယ့် မျှော်လင့်ချက် မမြင်ရတဲ့အတွက် ဆိုပြီးတော့ ရာထူးကနေ နှုတ်ထွက်ကာ အမေရိကန် ပြည်ထောင်စုမှာ ခိုလှုံဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG