သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့ ဝန်ကြီး ဦးအောင်ကြည် တနာရီကျော်ကြာ ဆွေးနွေး


ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအစိုးရ ဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံ ဆွေးနွေးအပြီး သတင်းထုတ်ပြန်ချက် ဖတ်ပြနေစဉ်။ ဇူလိုင်လ ၂၅၊ ၂၀၁၁။
ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအစိုးရ ဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံ ဆွေးနွေးအပြီး သတင်းထုတ်ပြန်ချက် ဖတ်ပြနေစဉ်။ ဇူလိုင်လ ၂၅၊ ၂၀၁၁။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရသစ်ရဲ့ အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ ဒီနေ့ တနင်္လာနေ့ နေ့လယ်က ရန်ကုန် စိမ်းလဲ့ကန်သာ ဧည့်ရိပ်သာမှာ မိနစ် ၇၀ ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒီတွေ့ဆုံမှုဟာ အပြုသဘောဆောင်ပြီး နှစ်ဘက် ကျေနပ် ဝမ်းမြောက်ကြောင်း ဆွေးနွေးပွဲ အပြီးမှာ သတင်းထောက်တွေကို ဦးအောင်ကြည်က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူလူထု စိတ်ချမ်းသာရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းတွေကို ဆွေးနွေးခဲ့ကြသလို နောက်ထပ် တွေ့ဆုံဖို့ ရှိကြောင်းလည်း ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အစိုးရ အုပ်ချုပ်မှုကနေ အရပ်သား အစိုးရအဖြစ် ပြောင်းလဲ အုပ်ချုပ်လာခဲ့ပြီးနောက် ၄ လနီးပါး အကြာမှာ အစိုးရသစ် အဖွဲ့ရဲ့ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဆုံး အကြိမ်အဖြစ် တွေ့ဆုံခဲ့တာပါ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ဦးအုန်းကြိုင်က ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က အစိုးရ အဖွဲ့ဝင် အလုပ်သမား ဝန်ကြီးဌာနနဲ့ လူမှုဝန်ထမ်းဝန်ကြီး ဦးအောင်ကြည်နဲ့ ဒီနေ့ နေ့လယ် ၁ နာရီက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာမှာ တွေ့ဆုံ ဆွေးနွေးပါတယ်။ ဆွေးနွေးချက် အသေးစိတ်ကိုတော့ နှစ်ဘက်စလုံးက ထုတ်ပြန်ကြေညာခြင်း မရှိပါဘူး။”

ဆွေးနွေးပွဲ အပြီးမှာ ဝန်ကြီး ဦးအောင်ကြည်က သတင်းမီဒီယာတွေကို သတင်းထုတ်ပြန်ချက် ဖတ်ပြခဲ့ပါတယ်။

“ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ၏ ဖိတ်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်အား ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက် မွန်းလွဲ ၁ နာရီမှ ၂ နာရီ ၁၀ မိနစ်အထိ လာရောက်တွေ့ဆုံခဲ့ပါသည်။ ဤသို့ တွေ့ဆုံမှုအတွက် နှစ်ဘက်စလုံးက အပြုသဘော ရှုမြင်ကြပြီး ကျေနပ်အားရမှု ရှိကြပါသည်။ ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေးအတွက် နှစ်ဘက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြပါသည်။

“ထိုသို့ ဆွေးနွေးရာတွင် တရားဥပဒေ စိုးမိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေး ကိစ္စနှင့် အများပြည်သူ အကျိုးဖြစ်ထွန်းစေမည့် ကိစ္စတို့လည်း အပါအဝင် ဖြစ်ပါသည်။ သင့်လျော်သောရက်တွင် ထပ်မံ တွေ့ဆုံ ဆွေးနွေးရန်ကိုလည်း သဘောတူကြပါသည်။”

အစိုးရသစ်အဖွဲ့ရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တဦးဖြစ်တဲ့ ဝန်ကြီး ဦးအောင်ကြည်ဟာ အရင် စစ်အစိုးရလက်ထက် ၂၀၀၇ ခုနှစ်ကစပြီး ဆက်ဆံရေးဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၉ ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့ သိသာ ထင်ရှားတဲ့ရလဒ် တခုမှ ထွက်ပေါ်လာတာမျိုး မရှိတဲ့အတွက် ပြည်တွင်း ပြည်ပ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

အခု စစ်အစိုးရ အုပ်ချုပ်မှုကနေ အရပ်သား အစိုးရအဖြစ် ပြောင်းလဲအုပ်ချုပ်ခဲ့တဲ့နောက် ပြုလုပ်တဲ့ ဒီတွေ့ဆုံပွဲအတွက် အပြောင်းအလဲနဲ့ ပတ်သက်ပြီး ရိုက်တာသတင်းဌာနရဲ့ မေးမြန်းချက်ကိုတော့ အရင်တွေ့ဆုံမှုတွေထက် ပိုပြီးကောင်းတဲ့ရလဒ် ဖြစ်လာမယ်လို့ မျှော်လင့်ထားကြောင်း ဝန်ကြီး ဦးအောင်ကြည်က ဖြေကြားခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ဦးအောင်လှထွန်းက ပြောပါတယ်။

“သူဖြေတာကတော့ အရင် ၉ ကြိမ် တွေ့တာမှာ လုံး၀ Tangible Result မဖြစ်ဘူးလို့ ပြောလို့မရပါဘူးတဲ့။ အထိုက်အလျောက် အကျိုးကျေးဇူး ရှိပါတယ်တဲ့။ အခု ဒီတခါ တွေ့ဆုံမှုမှာတော့ အရင်ရလဒ်ထက် ပိုမိုကောင်းမွန်တဲ့ရလဒ် ဖြစ်လာလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။”

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ အစိုးရသစ်အဖွဲ့က ဝန်ကြီးတဦးဖြစ်တဲ့ ဦးအောင်ကြည်တို့ရဲ့ အခု တွေ့ဆုံချိန်ဟာလည်း ထူးခြားမှု ရှိနေတယ်လို့ အများက သတ်မှတ်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နယ်စည်းရုံးရေး ခရီးစဉ်အတွက် အစိုးရမှာ တာဝန်ရှိတယ်လို့ ဇွန်လထဲမှာ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) က မြန်မာနိုင်ငံကို လာရောက်ရင်း ပြောဆိုခဲ့တဲ့နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး အစိုးရသစ် အဖွဲ့ရဲ့ ပြည်ထဲရေးဝန်ကြီးက သတိပေးခဲ့တာ တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုယ်ရေးကိုယ်တာ ဘုရားဖူး ခရီးစဉ်အဖြစ် ပုဂံကို သွားရောက်ခဲ့ပြီး သူ့ရဲ့ လွတ်လပ်ခွင့်ရမှု ဘောင်အတိုင်းအတာကို စမ်းသပ်ခဲ့ပါတယ်။

စနေနေ့ကမှ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ အာဆီယံနဲ့ ဒေသတွင်း လုံခြုံရေး အစည်းအဝေးကနေ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကလည်း မြန်မာအစိုးရသစ်ကို တွေ့ဆုံ ဆွေးနွေးရေးတွေလုပ်ပြီး ထင်ရှားတဲ့ တိုးတက်မှုတွေ ပြဖို့အတွက် တောင်းဆိုခဲ့ပါတယ်။

တဆက်တည်းမှာပဲ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီကနေ့ သူ ဦးအောင်ကြည်နဲ့ တွေ့ဆုံခဲ့မှုနဲ့ ပတ်သက်ပြီး အခုလို ပြောဆိုခဲ့ပါသေးတယ်။

“ကျမတို့ကလည်း တိုင်းပြည်အတွက် အကျိုးဖြစ်စေမယ့် ရလဒ်ကိုပဲ မျှော်လင့်ပါတယ်။ ဘာပဲလုပ်လုပ်၊ ဘာစကားပဲပြောပြော၊ ဘယ်သူနဲ့ပဲတွေ့တွေ့ ကျမတို့ရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံနဲ့ ပြည်သူပြည်သားများကို အကျိုးပြုဖို့ပါပဲ။ အဲဒါကိုလည်း ကျမတို့ မျှော်လင့်ပါတယ်။”

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ ဦးအောင်ကြည်နဲ့ တွေ့ဆုံပြီးနောက် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG