မြန်မာအစိုးရရဲ့ အလုပ်သမား၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ နေရာချထားရေးဝန်ကြီး ဦးအောင်ကြည်နဲ့ မနေ့တုန်းက ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာမှာ ဆွေးနွေးခဲ့တာတွေကို ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ဒီနေ့မှာ ပြန်ပြီး တင်ပြခဲ့ပါတယ်။ အဖွဲ့ချုပ်ကလည်း မနေ့တုန်းက ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်ကို ကျေနပ်အားရကြောင်း ပြောကြားခဲ့သလို ဝါရင့် နိုင်ငံရေးသမားကြီးတွေကလည်း ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီးတော့ တိုးတက်တဲ့ ခြေလှမ်းတရပ်အဖြစ် လက်ခံခဲ့ကြပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရသစ် အဖွဲ့ဝင် ဝန်ကြီး ဦးအောင်ကြည်တို့ မနေ့က တွေ့ဆုံ ဆွေးနွေးခဲ့တာတွေကို ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကို ဒီကနေ့ ပြန်လည် ရှင်းပြခဲ့တယ်လို့ အဖွဲ့ချုပ် ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောပါတယ်။
“ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးမှာ အထွေထွေ အတွင်းရေးမှူးက မနေ့တုန်းက ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ရတဲ့ အချက်အလက် အသေးစိတ်တွေကို တင်ပြပါတယ်။ ဗဟိုအလုပ်အမှုဆောင် အဖွဲ့က မနေ့တုန်းက နှစ်ဘက် ပူးတွဲကြေညာချက် အတိုင်းပဲ သဘောတူကြောင်း မှတ်တမ်းတင်ထားပါတယ်။ တရားဥပဒေ စိုးမိုးရေးဆိုတဲ့ ကိစ္စဟာ ကျနော်တို့ အဖွဲ့ချုပ် တရားဝင် နိုင်ငံရေးပါတီ အဖြစ်နဲ့ ဆက်လက်ပြီး ရပ်တည်နေတဲ့ကိစ္စ၊ နောက် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးဆိုတဲ့ ကိစ္စလည်း တရားဥပဒေ စိုးမိုးရေးကိစ္စလို့ ကျနော်တို့ဘက်ကလည်း မြင်ပါတယ်။ သူတို့ဘက်ကလည်း အဲဒီလို မြင်ပုံရပါတယ်။
“Issue တခုစီ အလိုက်တော့ ကျနော် ဘာမှ ပြောစရာ မရှိပါဘူး။ ပြည်သူလူထု အကျိုးအတွက် ရည်ရွယ်ပြီး လုပ်ကြတဲ့ နေရာမှာ သူ့အမြင် ကိုယ့်အမြင် ရှိကြတဲ့သဘော အဲဒါကို ပြောတာပါ။ NLD ဘက်ကလည်း မနေ့က ဆွေးနွေးချက်တွေကို အသိအမှတ် ပြုသလို မနေ့က ဆွေးနွေးချက်နဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေကလည်း တကယ့်ကို ပကတိအတိုင်းပဲ အားရကျေနပ်ဖွယ် ဖြစ်ပါတယ်။ ကျနော်တို့ဘက်က ဘာမှ ဖြည့်စွက်ပြီး ထပ်မံ ပြောစရာ မရှိတော့ပါဘူး။ မနေ့က ဦးအောင်ကြည် ပြောတာလည်း ကောင်းပါတယ်လို့ ကျနော်တို့ ပြောခြင်း ဖြစ်ပါတယ်။”
အခုတက်လာတဲ့ အစိုးရသစ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့အညီ တက်လာသလို အရပ်သားစစ်စစ် အနည်းစုနဲ့ စစ်ဘက်က အသွင်ပြောင်းလာတဲ့ အများစု ပါဝင်နေတာမို့ အရင် စစ်အစိုးရ လက်ထက်ကလိုပဲ ဆက်ပြီး လုပ်ဆောင်နေတာမျိုးတွေ တွေ့နေရပေမဲ့ အခုလို စတင် တွေ့ဆုံမှုတွေ အကောင်အထည် ဖော်လာတာဟာ ကောင်းတဲ့ ခြေလှမ်းတရပ်ပါလို့ ဝါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက မြင်ပါတယ်။
“ကောင်းတဲ့ လက္ခဏာ တရပ်ပါပဲ။ ဦးသိန်းစိန် ကိုယ်တိုင်က တွေ့ဖို့ကောင်းတာပေါ့၊ အမှန်က။ သို့သော်လည်း ခေါ်ပြီးတော့ ဆွေးနွေးတာကိုက တိုးတက်တဲ့ ခြေလှမ်းတရပ် ဖြစ်တာပဲလေ။ ဒါက ရှေ့ဆက်ပြီးတော့ များများတွေ့နိုင်လေ ကောင်းလေပဲပေါ့။ မင်္ဂလာရှိတဲ့ သတင်းပါပဲ။”
ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရသစ်အဖွဲ့ ထိပ်တန်း တာဝန်ရှိသူတဦး ဖြစ်တဲ့ ဝန်ကြီး ဦးအောင်ကြည်တို့ ဆွေးနွေးကြတဲ့ အထဲက တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ဆွေးနွေးမှုတွေမှာ NLD ပါတီရဲ့ တရားဝင် ရပ်တည်ရေးဆိုင်ရာ အပြင် အခုထိ အကျဉ်းချခံနေရတဲ့ နိုင်ငံရေးသမားတွေ အရေးကို ဆွေးနွေးခဲ့ကြတာပါ။ စစ်အစိုးရ လက်ထက်ကတည်းက ရှိနေတဲ့ ဒီပြဿနာကို အစိုးရသစ် အဖွဲ့ရဲ့ သမ္မတ ဦးသိန်းစိန်က ညင်ညင်သာသာနဲ့ ကိုင်တွယ်နိုင်စွမ်း ရှိမယ်လို့ မျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။
“နိုင်ငံရေးသမားတွေကို လွှတ်ပေးဖို့ကတော့ အချိန်ကြာပြီလေ။ ပြီးတော့ NLD ကိုလည်း ဖျက်ဆီးချင်လို့ ရတာမဟုတ်ဘူး။ သူ့အုပ်က၊ လူထုထောက်ခံမှုက အများကြီးရှိတယ်။ မှတ်ပုံတင်မလုပ်လို့ ဖျက်တယ် ဆိုတာလည်း ဖျက်စရာရှိရင်တော့ ဖျက်ပြီးပြီပေါ့လေ။ အခုက သူတို့လည်း တော်တော် စဉ်းစဉ်းစားစားနဲ့ အလုပ်လုပ်တာပါပဲ။ NLD အနေနဲ့ကတော့ သူက သူ့ရဲ့ လမ်းစဉ်အတိုင်း ယုံယုံကြည်ကြည် ဒီမိုကရေစီ ထွန်းကားရေးအတွက် ဆက်လုပ်သွားနိုင်မယ်လို့ ဒီလိုပဲ ယုံကြည်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပြည်သူလူထု တရပ်လုံးက ချစ်ခင် မြတ်နိုးနေကြတာကိုး။ အဲတော့ ဒီဟာကိုလည်း အစိုးရက အတော်လေး သဘောပေါက်ပြီနဲ့ တူပါတယ်။ အဲတော့ ဒီပြဿနာတွေ ဖြေရှင်းအောင် ဆိုပြီးတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့က သူတို့ခေါင်းပေါ်က ဒီအထုပ်ကြီးကို ဦးသိန်းစိန် ခေါင်းပေါ်ကို ပစ်တင်ခဲ့ကြတယ်လို့ ဒီလိုပဲ မြင်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီလို တွေ့ဆုံ ဆွေးနွေးမှုတွေကို ဆက်ပြီး လုပ်ဆောင်ဖို့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက်လည်း တာဝန်ယူသင့်တယ်လို့ သခင်ချန်ထွန်းက ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် အတွက်တော့ အစိုးရမှာ လုံး၀ တာဝန်ရှိတယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို။ ပြည်သူလူထု တရပ်လုံးက နေပြီးတော့ လူများစုကြီးရဲ့ ထောက်ခံမှုရတဲ့ ပုဂ္ဂိုလ်တဦးဆီကို၊ အမှန်ကတော့ သူတို့ အုပ်ချုပ်ရေးထဲမှာကိုပါ ထည့်ပြီးတော့ လုပ်သွားဖို့ ကောင်းတယ်လို့ ဒီလိုပဲ ယူဆပါတယ်။”
မနေ့က ပြုလုပ်တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်ကလည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မြန်မာနိုင်ငံ နောင်ရေးအတွက် ပါဝင်နိုင်တဲ့ အခြေအနေမျိုး ဖန်တီးပေးပြီး လုံခြုံ စိတ်ချရတယ်လို့ သတ်မှတ်ထားတဲ့ ဝန်းကျင်မျိုးမှာ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို အထူးဂရုစိုက်ဖို့ တောင်းဆိုခဲ့ပါတယ်။