သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် ထပ်မံတွေ့ဆုံ


ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် ထပ်မံတွေ့ဆုံ
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် ထပ်မံတွေ့ဆုံ

ပြင်ဆင်ထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို အတည်ပြုပြီးမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေနဲ့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရေးကိစ္စကို ဆုံးဖြတ်မယ်လို့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ ပြည်ထောင်စုအစိုးရဝန်ကြီး ဦးအောင်ကြည်နဲ့ တနင်္ဂနွေနေ့က တွေ့ဆုံအပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မြန်မာ့ဒီမိုကရေစီအရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာ့ဒီမိုကရေစီအရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အလုပ်သမားဝန်ကြီးဌာနနဲ့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ နေရာ ပြန်လည်ချထားရေးဝန်ကြီး ဦးအောင်ကြည်တို့ တနင်္ဂနွေနေ့ နေ့လည်ပိုင်းက ရန်ကုန် စိမ်းလဲ့ကန်သာရိပ်သာမှာ တွေ့ဆုံခဲ့ကြတာပါ။ တွေ့ဆုံအပြီးပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း NLD ပါတီ မှတ်ပုံတင်ရေးကိစ္စနဲ့ပတ်သက်လို့ သတင်းထောက်တွေရဲ့အမေးကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့ပါတယ်။

“ကျမတို့က NLD ပါတီ ပြန်ပြီးတော့ မှတ်ပုံတင်ရေးကိစ္စဟာ ဥပဒေအပေါ်မှာ တည်ပါတယ်။ အဲဒီတော့ ဒီဥပဒေအတည်ပြုပြီးတော့ ထွက်လာတဲ့အထိ စောင့်ပြီးတော့မှ ကျမတို့ ပြောနိုင်မယ့်ကိစ္စ ဖြစ်ပါတယ်။ ကျမတို့က ဒီဥပဒေ ထွက်လာပြီဆိုရင် အစည်းအဝေးခေါ်ရမှာပေါ့။ ဒါ ကျမတို့ရဲ့ ပါတီ စည်းမျဉ်းစည်းကမ်းအရ အစည်းအဝေးခေါ်ပြီးမှ ဆုံးဖြတ်ချက်ကို ချပါလိမ့်မယ်။ ဒါပေမဲ့ ကျမတို့က တိကျတယ်လေ။ ဥပဒေကို ကြည့်ပြီးမှပြောတယ်။ မကြည့်ရသေးလို့ ကျမ မမြင်ရသေးလို့ မပြောသေးတာပါ။”

NLD ပါတီ မှတ်ပုံတင်ရေးကိစ္စအပြင် ကုန်သွယ်ရေးနဲ့ လွတ်လပ်စွာ ငွေကြေးလည်ပတ်မှုအပါအဝင် တခြား ဆွေးနွေးဖြစ်ခဲ့ကြတဲ့ အကြောင်းအရာတွေကိုတော့ ဝန်ကြီးဦးအောင်ကြည်က သတင်းစာရှင်းလင်းပွဲအစမှာ ဖတ်ကြားပြခဲ့ပါတယ်။

“ယခင် ဆွေးနွေးခဲ့မှုများအပေါ် နိုင်ငံတော်က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနေသည့် အခြေအနေ၊ တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လွတ်လပ်စွာကုန်သွယ်ခွင့်၊ ကူးသန်းရောင်းဝယ်ခွင့် ရရှိရေးနဲ့ လွတ်လပ်စွာငွေကြေး လည်ပတ်သုံးစွဲခွင့် ရရှိရေးတို့နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြပါသည်။ ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရန် နိုင်ငံတော်က ဆောင်ရွက်ပေးနေမှုများ၊ တိုးတက်ဖြစ်ထွန်းမှု အခြေအနေများနှင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်သူများကိုလည်း ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားရန် သဘောတူညီခဲ့ကြပါသည်။ ဒီလောက်ပါပဲ။”

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးကိစ္စနဲ့ပတ်သက်လို့ သတင်းထောက်တွေက မေးတာကိုလည်း ဝန်ကြီး ဦးအောင်ကြည်က အခုလို ပြန်လည် ဖြေကြားခဲ့ပါတယ်။

“ကျနော်တို့က လုပ်ငန်းစဉ်တစ်ရပ်ကို လုပ်တဲ့အခါမှာ ကျနော်တို့ တစ်လှမ်းပြီး တစ်လှမ်း ဆောင်ရွက်တတ်တဲ့ သဘာဝရှိပါတယ်။ အဲဒါ အားလုံးလည်း သိတဲ့အတိုင်းပဲ။ ကျနော်တို့က စုံလည်း မခုန်ဘူး၊ ရပ်လည်း မနေပါဘူး။ အားလုံးကို ကျေးဇူးတင်ပါတယ်။”

မွန်းလွဲ ၁ နာရီကနေ ၁ နာရီ ၅၅ မိနစ်အထိ ပြုလုပ်တဲ့ ဒီတွေ့ဆုံ ဆွေးနွေးမှုဟာ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ် တက်လာပြီးနောက်ပိုင်း ၄ ကြိမ်မြောက် တွေ့ဆုံခြင်းလည်းဖြစ်ပါတယ်။ အရင် စစ်အစိုးရလက်ထက် ဦးအောင်ကြည်ကို ဆက်ဆံရေးဝန်ကြီးအဖြစ် တာဝန်ပေးလိုက်တဲ့ ၂၀၀၇ ခုနှစ်ကစလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့အကြား ၉ ကြိမ်တိုင်တိုင် တွေ့ခဲ့ပြီးလည်း ဖြစ်တာကြောင့် စုစုပေါင်းတွေ့ဆုံမှုဟာ ၁၃ ကြိမ်အထိရှိသွားပြီ ဖြစ်ပါတယ်။

XS
SM
MD
LG